Wednesday, August 3, 2011

နောက်ဆုံးရေတစ်စက်

နောက်ဆုံးရေတစ်စက်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအထူးဆောင်းပါး

ကနေဒါနိုင်ငံ အယ်လ်ဘာတာ Alberta မြောက်ဘက် ဖို့တ်ချပ်ဝိန်း Fort Chipewyan မြို့ငယ်လေးတွင် ရေနံ ထုတ်လုပ်ရေးအတွက် တည်ဆောက်နေသော “ကတ္တရာမြေစီမံကိန်း” Oil Sands or Tar Sands ကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်လျက်ရှိသည်။ ဒေသခံများမှာ ကင်ဆာရောဂါဝေဒနာခံစားရမှုများမြင့်မားလာပြီး ပညာရှင်များ၏ လေ့လာမှုများအရ ဤအဖြစ်များသည် စွန့်ပစ် အမှိုက်လောင်စာဆီများကြောင့် ဖြစ်ရသည်ဟု သိရသည်။

ကနေဒါအစိုးရကတော့ အမေရိကန်က ရေနံဝယ်မယ့် ဖေါက်သည်တွေရဲ့ မျက်နှာကိုပဲကြည့်ပြီး ဒီလောက် ညစ်ညမ်းပြီး ဒုက္ခပေးနေတဲ့ စီမံကိန်းကို အတတ်နိုင်ဆုံး ကာကွယ်ပေးသွားမှာပါ။ အောက်မှာ ဆက်လက်ရေးသား ဖေါ်ပြမယ့် အကြောင်းအရာတွေကတော့ ဒါရိုက်တာ တွမ်ရက်ဒ်ဖေါ့က ရုပ်ရှင်မှတ်တမ်း ရိုက်ကူးခဲ့ပြီး ရေးသားဖေါ်ပြ ခဲ့ခြင်းဖြစ်ပါတယ်။ သူက ဒါကို “ဒါဝိနဲ့ ဂေါလိယက်တို့ရဲ့ တိုက်ပွဲ” “David and Goliath struggle” လို့ အမည် ပေးထား ပါတယ်။
Fig; Oil Sands or Tar Sands

“မြစ်ဝကျွန်းပေါ်တစ်ခု၏ နိဂုံး” လို့အမည်ပေးထားတဲ့ ဖို့တ်ချိုပ်ဝိန်း Fort Chipewyan မြို့ကလေးက အဖြစ်အပျက်တွေကို ၁၉၇၂ ခုနှစ်မှာ ကျွန်တော် ပထမဦးဆုံးမှတ်တမ်းရုပ်ရှင်ရိုက်ကူးခဲ့ပါတယ်။ တစ်ခါရိုက်ရင် ၂၆ စက္ကန့်သာ ရိုက်ကူးလို့ရတဲ့ ဘိုးလက် Bolex လက်ဆွဲ ကင်မရာကလေးနဲ့ပါ။ ဒီလိုလုပ်ရတာကလည်း သဘာဝ ပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး လူတွေအလေးထား ဂရုစိုက်မှု ရှိလာအောင်လုပ်ဖို့ ကျွန်တော်ရည်ရွယ် ခဲ့ပါတယ်။ ဟိုယောင်ယောင်၊ ဒီယောင်ယောင်လုပ်ပြီး ဇဝေဇဝါနဲ့ အချိန်တွေဖြုန်းနေဖို့ အချိန်မရှိတော့ပါဘူး။ ကျွန်တော် ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်သစ် “To the Last Drop” ကို အရည်အသွေးမြင့် ဒစ်ဂျစ်တယ် ကင်မရာနဲ့ ရိုက်ကူးထားပြီး အယ်လ်ဘာတာ Alberta မြောက်ပိုင်း ရှုခင်းတွေကလည်း ယခင်ကလို မဟုတ်တော့ပါဘူး။

နည်းပညာတွေကို နှစ်ပေါင်း ၃၉ နှစ်အတွင်း အများအပြားတော်လှန်ပြောင်းလဲပစ်နိုင်ခဲ့ပေမယ့်လည်း ဟိုးတုန်းက ကင်မရာအစုတ် ကလေးနဲ့ ကျွန်တော်ရိုက်ခဲ့တဲ့မှတ်တမ်းနဲ့ အခုတစ်ခါ အကောင်းစားကင်မရာနဲ့ ထပ်ရိုက်တဲ့ မှတ်တမ်း တွေမှာ ပါဝင်တဲ့ ကိစ္စကတော့ ပြောင်းလဲခြင်းလည်း မရှိ၊ ဖြေရှင်းပေးခြင်းလည်း မရှိသေးပါဘူး။

“မြစ်ဝကျွန်းပေါ်တစ်ခု၏ နိဂုံး” (The Death of Delta) ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ကို ကျွန်တော်ရိုက်တုန်းက Peace River မြစ်ပေါ်မှာ W.A.C Bennett ရေကာတာကြီးတည်ဆောက်ကာ ရေအားလျှပ်စစ်စွမ်းအင် စီမံကိန်းကို တည်ဆောက် နေတာကြောင့် ဖို့တ်ချပ်ဝိန်း Fort Chipewyan မှာ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေကို ကာကွယ်နိုင်ဖို့ အတွက် ဖြစ်ပါ တယ်။ ဒီလုပ်ရပ်က အယ်လ်ဘာတာရဲ့ သက်တမ်းအရင့်ဆုံး သဘာဝပတ်ဝန်းကျင်တည်ရှိမှုကို ကာကွယ်ဖို့နဲ့ ကမ္ဘာ့အမွေ အနှစ်တစ်ခုကို ကာကွယ်ဖို့ဖြစ်ပါတယ်။

Peace Athabasca မြစ်ဝကျွန်းပေါ်ဒေသဆိုတာ ဆောင်းခိုခှက်တွေပျံသန်းရာလမ်းကြောင်းဖြစ်ပြီး တိုက်ကြီး အတွင်း ချောင်းမြောင်းအင်းအိုင်းများ ဆုံဆည်းရာ နေရာတစ်ခုလည်းဖြစ်ပါတယ်။ ဒီမှတ်တမ်းရဲ့ အကျိုးကျေးဇူးကတော့ ဒေးဗစ်နဲ့ ဂေါလိယက်ဇာတ်လမ်းမှာ နောက်ဆုံး ဒေးဗစ်ကလေး အနိုင်ရသွားသလိုပါပဲ။ ဆည်ထဲက ရေတွေကို ပြန်ဖေါက်ထုတ် ပေးလိုက်တယ်။ မြစ်ဝကျွန်းပေါ်တလျှောက်မှာ
ရေမျက်နှာပြင်က ပုံမှန်အတိုင်းပြန်ဖြစ်သွားတယ်။ ဒေသရဲ့ ဂေဟဗေဒစနစ် ပြန်ပြီးလည်ပတ်ပြီးတော့ မြို့ကလေးလည်း အသက်ရှူချောင်သွားပါတော့တယ်။

အခုတစ်ခါ အဲဒီလို အဖြစ်မျိုးတစ်ခါကြုံနေရပြန်ပါတယ်။ ဖို့တ်ချပ်ဝိန်း Fort Chipewyan က ထောင်ပေါင်းများစွာ သော ဒေသခံတွေရဲ့ သဘောထားက ဒေးဗစ်ကလေးလိုပဲ ဂေါလိယက်ကြီးဆိုတဲ့ ဒီစီမံကိန်းကြီးကို တိုက်ခိုက်ချင်နေ ပါတယ်။ ဒီတစ်ခါ ဂေါလိယက်ကတော့ မြစ်ဝကျွန်းပေါ်ကိစ္စတုန်းက ဂေါလိယက်ထက် ပိုပြီးတောင် အကောင်ကြီး နေသလိုပါပဲ။

ဘာကြောင့်လဲဆိုတော့ အယ်လ်ဘာတာရေနံမြေက ကမ္ဘာ့အကြီးဆုံး စီမံကိန်းကြီးလို့ ပြောဆိုနေသံတွေ ကြားနေရပါတယ်။ လာမယ့် ဆယ်စုနှစ်တွေ အတွင်း ကနေဒါစီးပွားရေးမှာ ဒေါ်လာ ၁.၇ ထရီလီယံအထိ ရင်းနှီးမြှုပ်နှံမှုတွေ ရှိလာမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဂရိနိုင်ငံ တစ်နိုင်စာလောက် ကျယ်ဝန်းတဲ့ သစ်တောကြီးမှာ စက်မှုလုပ်ငန်း တွေကြောင့် ထိခိုက်ဆုံးရှုံးမှုတွေရှိလာမှာတော့ အမှန်ဘဲဖြစ်ပါတယ်။

တစ်ခါ နောက်ပြဿနာတစ်ခုက ရေပြဿနာဖြစ်ပါတယ်။ ရေစီးကြောင်းနဲ့ ပတ်သက်တဲ့ ပြဿနာတင် မဟုတ်တော့ဘူး။ သတ္တုတွင်းကထွက်လာတဲ့ ဘေးထွက်စွန့်ပစ်ပစ္စည်းတွေ၊ ကတ္တရာတွေပါတဲ့ ရေတွေပါ စီးဆင်းလာတော့ မှာပါ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဖို့တ်ချပ်ဝိန်း Fort Chipewyan ဒေသခံတွေမှာ ကင်ဆာရောဂါခံစားရမှု မြင့်မားလာ ကြောင်း အယ်လ်ဘာတာ ကင်ဆာဘုတ်အဖွဲ့က ပြောပါတယ်။

ဒေသခံတံငါသည်တွေကလည်း ပုံပျက်ပန်းပျက်ဖြစ်နေတဲ့ ငါးတွေဖမ်းမိတာ နောက်ပိုင်း ပိုများလာတယ်လို့ ဆိုပါတယ်။ ဒါဟာ ရေနံမြေတူးဖေါ်မှုရဲ့ အကျိုးသက်ရောက်မှုတွေကြောင့် ဖြစ်နေမလားလို့ ဒေသခံတွေနဲ့အတူ ဆရာဝန်တစ်ဦးဖြစ်သူ ဂျွန်အိုကော်နာ တို့ကလည်း စိုးရိမ်နေကြပါတယ်။
ရေကာတာကိစ္စမှာ ၁၉၇၀ နှစ်များတုန်းက ဖို့တ်ချပ်ဝိန်း Fort Chipewyan သားတွေက သိပ္ပံပညာရှင်တွေကို အကူအညီ တောင်းခံခဲ့ကြတယ်။ အယ်လ်ဘာတာတက္ကသိုလ်က ဇီဝဗေဒပညာရှင် ဝီလီယံဖူလာ William Fuller ဟာ အချက်အလက်တွေ စုဆောင်းပြီးတော့ မြစ်ဝကျွန်းပေါ်ဒေသ ပျက်စီးတော့မယ်ဆိုတာကို သက်သေပြခဲ့ပါတယ်။

ဒီနေ့ကိစ္စမှာတော့ စတော့ဟုမ်းရေအရင်းအမြစ်ထိန်းသိမ်းစောင့်ရှောက်မှု ဆုရထားတဲ့ သိပ္ပံပညာရှင်ဒေးဗစ် ရှင်ဒလာ David Schindler ဦးဆောင်တဲ့ သိပ္ပံပညာရှင်တစ်စုတို့ဟာ အက်သာဘာစကာ မြစ်ထဲမှာ ဘယ်လို ညစ်ညမ်းမှုတွေ စီးဆင်းနေလဲ၊ ဘယ်ကနေလာသလဲ ဆိုတာ ကြိုးစားပမ်းစား ရှာဖွေဖေါ်ထုတ်နေကြပါတယ်။
ရှင်ဒလာနဲ့ လက်တွဲလုပ်နေတဲ့ နောက်တစ်ဦးကတော့ Athabasca Chipewyan First Nation ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ အလန်အာဒမ် Alan Adam ဖြစ်ပါတယ်။ အလွန်ကျယ်ပြန့်တဲ့ မြစ်ဝကျွန်းပေါ်မှာ ရေပမာဏတွေလျော့ကျသွားတယ်လို့ သူက သိနေပါတယ်။ ဒါကြောင့် စာချုပ်အမှတ် (၈) အရ အမဲလိုက်ခွင့်၊ ငါးဖမ်းခွင့် စတဲ့ လုပ်ငန်းတွေကို ထိခိုက်ကုန်တယ် လို့ဆိုပါတယ်။

သူက ဖို့ချိုင့်ဝင်းနဲ့ ကပ်လျက် ဖို့ဖစ်ဇ်ဂါးရက် Fort Fitzgerald မှာနေတဲ့ ရေနဲ့ သဘာဝသားရိုင်းများကို စောင့်ကြည့် လေ့လာနေတဲ့ ပက်မာဆယ်လ် နဲ့ ဖရန်ကို့စ်ပေါလ်လက် Pat Marcel and Francois Paulette တို့နှစ်ယောက် ကို အပြောင်းအလဲဖြစ်လာတဲ့ မြစ်ဝကျွန်းပေါ်သဘာဝကို မှတ်တမ်းတင်ထားဖို့ အကူအညီ တောင်းခံခဲ့ပါတယ်။ အပြောင်း အလဲတွေကြောင့် သိပ္ပံနဲ့ သဘာဝတရားရဲ့ အရှိတရားတွေဟာ ရေနံမြေစီမံကိန်းကို စိန်ခေါ်အံတု ဖို့ ဖြစ်လာခဲ့ ပါတယ်။
၁၉၇၂ ခုနှစ် ဖို့တ်ချပ်ဝိန်း Fort Chipewyan ကို ကျွန်တော်ရောက်သွားတဲ့ အချိန်တုန်းက အိန္ဒိယကလေးငယ် တစ်ဦး ဆိပ်ကမ်းမှာ ထိုင်ပြီးတော့ ဟန့်ခ်ဝီလီယံ Hank Williams ရဲ့ “Your Cheatin’ Heart” သီချင်းကို ဆိုနေတာ တွေ့ခဲ့ရပါတယ်။ သူတီးနေတဲ့ ဂစ်တာ အဟောင်းလေးကလည်း ကြိုးသုံးကြိုးပဲရှိပါတယ်။ တစ်ခါမှာ သီချင်းတစ်ပိုဒ်နှုန်းနဲ့ ကျွန်တော်ရဲ့ ၂၆ စက္ကန့်ကြာရိုက်ကူးလို့ရတဲ့ကင်မရာနဲ့ အဲဒီသီချင်းကို ရိုက်ကူးအသံသွင်းလာခဲ့ပါတယ်။ ပြီးတော့မှ သီချင်းတစ်ပုဒ်လုံးကို ပြန်ပြီးနေရာတကျ ဖြတ်ဆက်လုပ်ခဲ့ရတယ်။

ဒီနေ့များမှာတော့ အဲဒီလိုကြိုးပမ်းအားထုတ်ခဲ့မှုတွေရဲ့ရလဒ်တွေကို အသိအမှတ်ပြုခံနေရပါပြီ။ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဟောင်း ဂျင်မ်ပရန်တစ် Jim Prentice က ရေနံမြေအကြံပေးအဖွဲ့ကို ဖွဲ့စည်းပေးလိုက်ပြီး ပြည့်စုံတဲ့ သုတေသနစာတမ်းတစ်စောင်ပြုစုဖို့ ၂၀၁၀ ဒီဇင်ဘာလအတွင်းက အလေးအနက် တိုက်တွန်းနှိုးဆော်ထားပါ တယ်။ ရေထဲမှာ ဘာတွေစီးမျောပါဝင်နေပြီး ဘယ်လောက် ညစ်ညမ်းနေသလဲ ဆိုတာကျွန်တော်တို့ သိရတော့မယ်။ ဒီတစ်ခါလည်း ဒေးဗစ်ကလေး အနိုင်ရဦးမယ်ထင်ပါတယ်။


မျိုးဇော်
Center of International Studies
Human Resource Development Program
 (၂.၈.၂၀၁၁)


မှီငြမ်းကိုးကား


1. Niobe Thompson နှင့် Tom Radford တို့၏ “To the Last Drop” ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
2. Source: Al Jazeera (Witness)
3. http://en.wikipedia.org/wiki/Oil_sands

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။