Saturday, August 6, 2011

နာကျင်စရာများနဲ့ အတိတ်က ဟီရိုရှီးမား

၁၉၄၅ သြဂုတ် ၆ ရက် ဟီရိုရှီးမားမြင်ကွင်း (ပေါင်းမိုးလုံးအဆောက်အဦ)



လွန်ခဲ့သော နှစ်ခြောက်ဆယ်က ဂျပန်နိုင်ငံကို အမေရိကန်က အနုမြူဗုံး ကြဲချခဲ့ချိန်မှာ မြို့တော် ဟီရိုရှီးမားမြို့ဟာ ငရဲခန်း၊ ငရဲဘုံသဖွယ် ဖြစ်ခဲ့ရပါတယ်။ 

အဲဒီတုန်းက တစ်ရက်တည်းနဲ့ လူပေါင်း (၁)သိန်း လောက် ဖြုတ်ကနဲ သေဆုံးသွား ရတဲ့ ဖြစ်ရပ်ကိုအသက် ၁၆ နှစ်သားပဲ ရှိသေးတဲ့ ကီအီဂျီရိုမတ်ဆုရှီမာ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပါတယ်။ သူက အောက်ပါအတိုင်း ပြန်ပြောပြပါတယ်။

၁၉၄၅ ခုနှစ်ရဲ့ သြဂုတ်လ ၆ ရက်နေ့။
အလွန်သာယာလှပတဲ့ နေ့လေးတစ်နေ့ ဖြစ်ပါတယ်။ ကောင်ကင်မှာလည်း ကြည်လင်သန့်ရှင်းပြီးတော့ အပြာရောင် သန်းနေပါတယ်။ စစ်ယူနီဖေါင်းတွေ ချုပ်လုပ်တဲ့ စက်ရုံတစ်ရုံမှာ တစ်နှစ်ခွဲ သွားပြီး အလုပ် လုပ်ပေးခဲ့ရပြီးတော့ ကျွန်တော်တို့ ကျောင်းသားတွေ ကျောင်းပြန်တက်ဖို့ ကျောင်းကို ပြန်ရောက်လာတာ တစ်ပတ်ပဲ ရှိပါသေးတယ်။

မနက် ၈ နာရီ ၁၅ မိနစ်မှာ အတန်းစပါတယ်။ အတန်းစလို့ ဆရာက ကဲကုလသင်္ချာပုစ္ဆာတစ်ပုဒ်ကို ရှင်းပြနေတာကို ကျွန်တော် နားထောင်နေပါတယ်။

“ကျွန်တော်စာသင်ခန်းထဲ ပြူတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်တော့ ဘီ ၂၉ အမေရိကန် ဗုံးကြဲလေယာဉ် နှစ်စင်းကို တွေ့လိုက်ရတယ်။ ကျွန်တော် ထင်တာက ခါတိုင်းလိုပဲ သူတို့ လုပ်နေကျအတိုင်း ကင်းထောက်တာ၊ လှည့်လည် ပျံသန်းနေတာလို့ပဲ ထင်ခဲ့မိတယ်။”
လေယာဉ်တွေဆီကနေ အကြည့်ခွါ ပြီးဖတ်စာအုပ်ကို ပြန်ကြည့်လိုက်တဲ့ အချိန်မှာပဲ ဗုံးကွဲတဲ့ အသံကို ကြားရတော့တာပဲ။ 

“ဗုံးက ထွက်လာတဲ့ အလင်းရောင်က အရမ်းတောက်ပ စူးရှပြီးတော့ အပူလှိုင်းကိုပါ ခံစားရတယ်။ လောကတစ်ခုလုံး လိမ္မော်ရောင် ခြုံလွှမ်းသွားသလိုတယ်။ ကျွန်တော့်ကို ရုတ်တရက် မီးဖိုပေါ် တင်လိုက်သလိုပဲ။ ”

နောက်တော့မှသိရတာက ကျွန်တော်တို့ကျောင်းနဲ့ ၂ ကီလိုမီတာအကွာမှာ ဗဟိုပြုပြီးတော့ ပေါက်ကွဲသွားတဲ့ အပူရှိန်က အနည်းဆုံး ၃,၀၀၀ ဒီဂရီစင်တီဂရိတ်လောက် ရှိပါတယ်။

စူးရှတဲ့ အလင်းတန်း နောက်ကနေ တုန်ခါမြည်ဟီးတဲ့ အသံကြီးက ထွက်လာပါတယ်။ အဲဒီအသံဟာ ပေါက်ကွဲမှုက ထွက်လာတဲ့ အသံလား၊ အဆောက်အဦတွေ ပြိုကျလို့ မြည်တဲ့အသံလား ဆိုတာ အခုအချိန်အထိ ကျွန်တော် ခွဲခွဲခြားခြား မသိသေးပါဘူး။ 

“စာသင်ခုံကနေ ကျွန်တော်ရုတ်တရက် ခုန်ထွက်ပြီးတော့ မျက်စိတွေ၊ နားတွေကိုပိတ်ထားမိတယ်။”
“နက်ရှိုင်းတဲ့ အမှောင်ထုကြီးကလွဲလို့ ကျွန်တော်ဘာမှ မမြင်ရတော့ပါဘူး။ အတန်းထဲမှာလည်း ယာင်္ကျားလေးတွေ အများကြီးရှိပေမယ့် ဘယ်သူမှ ကြောက်အားလန့်အားနဲ့ အော်ဟစ်တာမရှိပါဘူး။”

“အလွန် တိတ်ဆိတ် ငြိမ်သက်သွားတဲ့ ခဏတာပါပဲ။ ကျွန်တော်က ဝမ်းလျားမှောက်ပြီး လျှောက်သွားနေတယ်။ အမေရေကယ်ပါဦး။ ဘုရား … ဘုရား … ကယ်တော်မူပါ လို့ စိတ်ထဲမှာ ရေရွတ်နေမိတယ်။ ဗုဒ္ဓဘုရားကို တမိတာ၊ ဆုတောင်း ရေရွတ်မိတာ ကျွန်တော့်ဘဝမှာ ပထမဦးဆုံး အကြိမ်ပါပဲ။”

ကံကောင်းထောက်မစွာ အသက်ရှင် ကျန်ရစ်သူတွေထဲမှာ ကျွန်တော်လည်း တစ်ဦး အပါအဝင်ပါ။ ပြူတင်း မှန်တံခါးတွေ ကွဲပြီး အစအနတွေ ထိမှန်လို့ ပွန်းပဲ့ဒဏ်ရာ ရတာကလွဲလို့ ကြီးကြီးမားမားလည်း ဒဏ်ရာမရရှိခဲ့ပါဘူး။ 

“ဗုံးတစ်လုံး တည်းပဲကြဲသွားတာ။ အကြီးအကျယ် ဘာမှမဖြစ်နိုင်ဘူးလို့ ကျွန်တော် တွေးမိတယ်။ ဒါပေမယ့် အပြင်ကို ထွက်ကြည့်လိုက်တဲ့ အခါကျတော့မှ အဆောက်အဦတွေ အားလုံး ပျက်စီးကုန်ပြီ။ လေယာဉ်က နှစ်စင်းတည်းနဲ့ ဘယ်လိုများ လုပ်လိုက်ပါလိမ့်လို့ ကျွန်တော် တအံ့တသြ တွေးနေမိတယ်။”

ကျွန်တော့် သူငယ်ချင်း တစ်ယောက်တော့ ခေါင်းကွဲသွားတယ်။ ကျွန်တော်က သူ့ဒဏ်ရာကို အဝတ်နဲ့ အုပ်ပေးထားပြီး သူ့ကို တွဲပြီးတော့ အနီးဆုံး ကြက်ခြေနီ ဆေးရုံကို ခေါ်သွားခဲ့ပါတယ်။

အဆောက်အဦတွေလည်း မီးလောင်နေတယ်။ ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက် ဖြတ်လျှောက်လာတဲ့ လမ်းမှာ ဒဏ်ရာရထားတဲ့ လူတွေ  ဗုံးပေါက်ကွဲရာ နေရာ မြို့လည်ခေါင်ကနေ ဓါတ်ရထား လမ်းတလျှောက် လမ်းလျှောက်ပြီး ထွက်လာနေကြတယ်။ 

“သူတို့ကို ကြည့်လိုက်တော့ အချို့က ဆံပင်တွေ ထောင်နေတယ်။ အချို့က ဆံပင်တွေမရှိတော့ဘူး။”
“အချို့က တစ်ကိုယ်လုံး မီးလောင်ခံရတယ်။ ခေါင်းပေါ်ကနေ ဦးရည်တွေ ကွာကျနေတယ်။ အကျီ င်္တွေလည်းမီး လောင်ကုန်တယ်။ အချို့ဆို ကိုယ်တုံးလုံး နီးပါးပဲ။ ဟီရိုရှီးမားတော့ သေလုမြောပါး ခံစားရပြီလို့ ကျွန်တော့်ဘာသာ တွေးလာနေမိတယ်။” 

“သူတို့ အရည်ပြားအောက်က ကြွက်သား နီနီတွေကိုတောင် ကျွန်တော် မြင်နေရတယ်။ ဒဏ်ရာရထားတဲ့ လက်တွေကို အနာသက်သာအောင်လို့အရှေ့ကို ဆန့်တန်းထား ကြရတယ်။ အဲဒီလို ပုံစံမျိုးတွေနဲ့ လူတွေရာနဲ့ ချီပြီးတော့ လမ်းတစ်လျှောက် စီတန်းပြီး နှေးနှေးကန်ကန်နဲ့ လျှောက်သွားနေပုံက သရဲတစ္ဆေတွေ စီတန်းပြီး လမ်းလျှောက်နေတဲ့ အတိုင်းပဲဗျာ။”

ဒါပေမယ့် လူအတော်များများကတော့ လမ်းတောင် မလျှောက်နိုင်ကြတော့ဘူး။
“ အော်ဟစ် ငြီးငြူပြီးတော့ အပူဒဏ်က သက်သာရာ ရအောင် မြစ်ဘက်ကိုဝမ်းလျားထိုးပြီးတော့ သွားနေကြတယ်။ဒါပေမယ့် မြစ်ကမ်းပါးမှာပဲအများကြီး သေကုန်ကြတယ်။အချို့  ရေနစ်ပြီး  သေတယ်။ မြစ်ထဲမှာ အလောင်းတွေ ပြည့်နှက်နေတယ်။”

ပေါက်ကွဲမှုကြောင့် ကြက်ခြေနီ ဆေးရုံလည်း ပျက်စီးသွားတယ်။ ဆရာဝန်နဲ့ သူနာပြု အနည်းအပါးလောက်ပဲ သူတို့ကိုယ်တိုင် ဒဏ်ရာရထားတဲ့ ကြားကပဲ ဒဏ်ရာရလာတဲ့ လူနာတွေကို ပြုစုနေကြတယ်။ ဒီမှာလည်း အကူအညီ ရဖို့ဘာမှ မထူးတဲ့ အတူတူ ကျွန်တော်နဲ့ ခေါင်းကွဲလာတဲ့ ကျွန်တော့် သူငယ်ချင်းလည်း ပြန်ထွက်လာခဲ့ကြတယ်။ သူကံကောင်းတယ်လို့ ပြောရမယ်။ လမ်းမှာတွေ့တဲ့ ကယ်ဆယ်ရေး ကားတစ်စင်းက သူ့ကို တင်ပြီးတော့ မြို့ပြင်က ဆေးရုံကို ခေါ်သွားခဲ့တယ်။ ဗဟိုချက်နဲ့ ၂ ကီလိုမီတာ ပတ်လည်မှာရှိတဲ့ အဆောက်အဦတွေ အားလုံး လုံးဝ မီးလောင်ပြာကျသွားတယ်။

ဟီရိုရှီးမားမြို့က ဒုတိယ ကမ္ဘာစစ်အတွင်း စစ်ဘက်ဆိုင်ရာ အထောက်အပံ့ ပစ္စည်းတွေ ပံ့ပိုးပေးရာ၊ စစ်ဌာနချုပ်တွေ အခြေစိုက်ရာ မြို့အဖြစ် အရေးပါတဲ့ မဟာဗျူဟာ မြို့တစ်မြို့ ဖြစ်ခဲ့ပါတယ်။ ဟီရိုရှီးမားကို အနုမြူဗုံး ကြဲစဉ်က လူဦးရေ လေးသိန်းလောက် နေထိုင်တဲ့ မြို့ဖြစ်ပါတယ်။ ကိုရီးယား လူမျိုးတွေ အပါအဝင် အခြား အဓမ္မ ခိုင်းစေခြင်း ခံရသူ မြို့နေလူထုအများစုက စစ်ဘက်ဆိုင်ရာ စက်ရုံအလုပ်ရုံတွေမှာ အလုပ်လုပ်ကြပါတယ်။ ဗုံးကြဲခံရစဉ်အတွင်း သဆုံးသွားရ သူတွေထဲမှာ အဓမ္မခိုင်းစေခံရသူ လုပ်သား အများအပြား ပါဝင်ပါတယ်။

ကီအီဂျီရိုမတ်ဆုရှီမာ
မတ်ဆုရှီမာရဲ့ အမေကတော့ သူ့အဖေသေဆုံးသွားပြီးတဲ့နောက် မြို့ကနေပြောင်းရွှေ့သွားပါတယ်။ သူ့ရဲ့ မွေးရပ်ဇာတိ ဟီရိုရှီးမားကတော့ လုံးဝ ပျက်သုဉ်းသွားခဲ့ပါတယ်။ ဟီရိုရှီးမား မြို့ကနေခြေကျင် ထွက်ခွါလာခဲ့ပြီးတော့ မြို့နဲ့ အတန်ငယ်ဝေးတဲ့ နေရာတစ်ခုကို ကယ်ဆယ်ရေး ရထားတစ်စင်းနဲ့ လိုက်ပါသွားခဲ့တယ်။ နောက်ဆုံး သူ့မိခင်ရှိရာ ရွာကို ရောက်သွားခဲ့ပါတော့တယ်။ သူ့အမေကလည်း ရွာကနေ ဟီရိုရှီးမားမြို့ပေါ်က မှိုပွင့်ကြီးကို မြင်လိုက်ရပြီးတော့ သူ့သားသေပြီလို့ပဲ တွက်ခဲ့တယ်။

နောက်နေ့ကျတော့ မတ်ဆုရှီမာ အပြင်းဖျားနဲ့ အတူ ဝမ်းလျောတယ်။ နောက်တစ်ပတ် လောက်ကြာတော့ ပြန်ပြီး သက်သာလာတယ်။ ဗုံးကွဲပြီးတဲ့နောက် မြို့ကို ခွါပြီးတော့ ဝေးတဲ့နေရာမှာ သူသွားနေခဲ့လို့ ရေဒီယို သတ္တိဒဏ်ကနေ သူလွတ်မြောက်ခဲ့တာလို့ ပြောပါတယ်။ လူအများစုကတော့ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ကိုင်ရင်း၊ ပျောက်ဆုံးသွားတဲ့ မိသားစုတွေကို ရှာရင်း မြို့ထဲမှာပဲ နေနေပြီးတော့ ရေဒီယို သတ္တိကြွဒဏ်ကို ခံစားခဲ့ကြရပါတယ်။ 

“ကျွန်တော် ခဏခဏဖျားပါတယ်။ ဒါပေမယ့် ဗုဒ္ဓရဲ့ကျေးဇူးတော်ကြောင့်ပဲ ကျွန်တော်အသက်ရှင်နေတုန်းပါ။”

အနုမြူဗုံးကို ပူတဲ့ရာသီမှာ ကြဲချခဲ့တဲ့အတွက် ဒဏ်ရာရတဲ့ လူတွေအတွက် သက်သာ ပျောက်ကင်းဖို့ အချိန်ကြာအတော်ကြာခဲ့ပါတယ်။ အများစုက ဒဏ်ရာတွေနဲ့ နပန်းလုံးပြီး ဖိစီးနှိပ်စက်ခံကြရပါတယ်။ 

“အနာတွေမှာလောက်တွေတောင်တွယ်ပြီးတော့ တွယ်နေတဲ့လောက်တွေကို တူနဲ့လိုက်ဖယ်နေရတယ်။ အဲဒီလိုနဲ့ တစ်ယောက် ပြီးတစ်ယောက် သေတာပါပဲ။” မတ်ဆုရှီမာက စိတ်မကောင်းစွာနဲ့ ခေါင်းတခါခါ လုပ်ပြီး ပြန်ပြောပြခဲ့ပါတယ်။

ဟီရိုရှီးမားကို ဗုံးကြဲပြီးသုံးရက်ကြာတဲ့အခါမှာ နာဂါစကီကို နောက်တစ်လုံးထပ်ကြဲပါတယ်။ သြဂုတ်လ ၁၅ ရက်နေ့မှာ ဂျပန်လက် နက်ချပြီးတဲ့နောက်မှ အမေရိကန်တွေ ဘာဗုံးကို ကြဲခဲ့တယ်ဆိုတာ ဂျပန်တွေ သိကြရပါတော့တယ်။

အဲဒီနှစ် အကုန်မှာတော့ ဗုံးကြဲစဉ်အတွင်း ပွဲချင်းပြီး သေဆုံးသူတွေ အပါအဝင် နောက်ဆက်တွဲ ဓါတ်ရောင်ခြည်သင့်မှု၊ ဒဏ်ရာရရှိမှု တွေကြောင့် သေဆုံးသူ စုစုပေါင်း ၁၄၀,၀၀၀ လောက် သေဆုံးခဲ့ရပါတယ်။ နာဂါစကီမှာ ၈၀,၀၀၀ လောက် သေပါတယ်။

ယနေ့တော့ ဟီရိုရှီးမားမြို့ဟာ ခေတ်မီမြို့ တစ်မြို့ ဖြစ်နေပါပြီ။ လူဦးရေ တစ်သန်း နေထိုင်ပါတယ်။ ငရဲတမျှ ဆူပွက် လောင်ကျွမ်း ပျက်စီးခဲ့ရမှုတွေ အတွက် အနုမြူဗုံး အထိမ်းအမှတ်အဖြစ်ပေါင်းမိုးလုံး အဆောက်အဦ တစ်ခုပဲ(A-Bomb Dome) အမှတ်ရစရာ ကျန်ရစ်ပါတော့တယ်။ ထိုစဉ်အခါက ယင်းအဆောက်အဦကို ပြခန်းတစ်ခုအဖြစ် အသုံးပြုခဲ့ကြပြီး အနုမြူဗုံးဒဏ်ခံခဲ့ရတဲ့ ထူထဲ ခိုင်ခံ့တဲ့ နံရံများကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ 

အနုမြူဗုံး တိုက်ခိုက်မှုကို ကိုယ်တွေ့ ကြုံပြီး ခံစားခဲ့ရပေမယ့် မတ်ဆုရှီမာ အနေနဲ့ကတော့ အမေရိကန်တွေအပေါ် ခါးခါးသီးသီး မုန်းတီးခြင်း မရှိဘူးလို့ဆိုပါတယ်။

“စစ်ဖြစ်လာရင် လူတွေက ရူးသွပ်သွားကြပါတယ်။ ရန်သူဟေ့ ဆိုတာနဲ့သတ်ချင် ဖြတ်ချင်လာကြတယ်။ ဂျပန်မှာလည်း အဲဒီတုန်းက အနုမြူဗုံးသာရှိခဲ့ရင် သုံးရင်သုံးမှာပါ။ အတိတ်ကို ပြန်ကြည့်ပြီး အချင်းများနေလို့ အပိုပါပဲ။ အခုလုပ်စရာရှိတာက နျူကလီးယား ရှင်းလင်းရေးအတွက် ကျွန်တော်တို့ အတူတကွ လက်တွဲလုပ်ဆောင်သွားကြရတော့မှာပါ။”

ယနေ့မြင်တွေ့ရသော ဟီရိုရှီးမား ပေါင်းမိုးလုံးအဆောက်အဦ

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။