Monday, August 8, 2011

ဘာရိန်း အတိုက်အခံနှစ်ဦး ပြန်လည်လွတ်မြောက်



ယခုနှစ် အစောပိုင်း ဘာရိန်းတွင် ဖြစ်ပွားခဲ့သော အစိုးရ ဆန့်ကျင်ရေး ရှီးအိုက် ဆန္ဒပြသူ အများအပြားကို ဖမ်းဆီး ထိန်းသိမ်းခဲ့ရာတွင် ပါဝင်ခဲ့သော ပါလီမန် အမတ်ဟောင်း (၂)ဦးကို ပြန်လည်
လွှတ်ပေးလိုက်ပြီ ဖြစ်သည်။ နိုင်ငံတော်မှ ဖွဲ့စည်းထားသော လူထု ဆန္ဒပြမှုများ ဖြေရှင်းရေး အဖွဲ့ ဥက္ကဋ္ဌက
ဘာရိန်းအစိုးရ အနေနှင့် ဖမ်းဆီး ထိန်းသိမ်းထား သူများထဲမှ ၁၅၀ ခန့်ကို ဖြည်းဖြည်းချင်း ပြန်လွှတ်ပေးသွားမည်ဟု ပြောဆိုပြီး နောက်ပိုင်း အတိုက်အခံ အယ်လ်ဝီဖက်ပါတီမှ ပါလီမန် အမတ် (၂)ဦး ဖြစ်သူ ဂျာဝက်ဖဲရွတ်ဇ်နှင့် မာတာအီဘရာဟင်မာတာ တို့ကို တနင်္ဂနွေနေ့က ပြန်လည် လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

ဘာရိန်းဘုရင်က နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ပေးသွားရန်
ကတိပေး ပြောကြားခဲ့ ပြီးနောက်ပိုင်း သူတို့ (၂)ဦးကို လွှတ်ပေးခဲ့ခြင်း
ဖြစ်ကြောင်း AP သတင်းက ဖေါ်ပြခဲ့သည်။

မတ်လအတွင်း ဖြစ်ပွားခဲ့သော ဒီမိုကရေစီရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့မှုကြောင့် အတိုက်အခံ (၈)ဦး ကို အစိုးရက တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ဆန္ဒပြမှုများ အတွင်း အစိုးရက အတိုက်အခံ ၁,၀၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဖမ်းဆီးထားစဉ်အတွင်း (၄)ဦး သေဆုံးကြောင်းသိရသည်။

ဖမ်းဆီးထိန်းသိမ်း ထားသော ကာလမှာ ပြစ်ဒဏ်ကျခံရမည့် အတိုင်းအတာ ပြည့်မီသွားသည့်အတွက် ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းဌာနက ကြေငြာခဲ့သည်။ နိုင်ငံတော် လုံခြုံရေးကို ထိပါးနှောက်ယှက်မှုဖြင့် ဖဲရွတ်ဇ်နှင့် မာတာတို့ (၂)ဦးကို မေလအတွင်းက ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး တရားစွဲဆိုခဲ့သည်။ ဆန္ဒပြပွဲများတွင် ပါဝင်ခြင်း မရှိကြောင်း၊ သတင်းမှားဖြင့် သူတို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း လွန်ခဲ့သောလက သူတို့နှစ်ဦးက လျှောက်လဲချက် ပေးခဲ့သည်။
“အဓိပ္ပါယ် ပြည့်ဝတဲ့ အပြောင်းအလဲ ဖြစ်လာဖို့အတွက် တရားဥပဒေ ဘောင်အတွင်းက တောင်းဆိုပြီးတော့ ငြိမ်းချမ်းစွာ ရပ်တည်နေတဲ့ အတိုက်အခံ တစ်ဦးသာ ဖြစ်ပါတယ်။” ဟု မာတာက လွတ်မြောက်လာပြီးနောက် AP သတင်းဌာနသို့ ပြောကြားခဲ့သည်။

ဖေဖေါ်ဝါရီလအတွင်းက အစိုးရက ဆန္ဒပြပွဲများကို နှိမ်နင်းစဉ် သူတို့ (၂)ဦးသည် ဝီဖက်ပါတီမှ နှုတ်ထွက်ခဲ့သည်။ တနင်္ဂနွေနေ့က လွှတ်ပေးခဲ့ သော အထဲတွင် ဧပြီလအတွင်းက ထိန်းသိမ်းခြင်း ခံခဲ့ရသော လူ့အခွင့်အရေး ရှေ့နေ မိုဟာမက် အယ်လ်တာဂျား လည်းပါဝင်သည်။

အိမ်နီးချင်း ပင်လယ်ကွေ့ နိုင်ငံများ၏ အကူအညီနှင့် အတူ နိုင်ငံတော် အရေးပေါ် ဥပဒေကို အသုံးပြုကာ အစိုးရက ဆန္ဒပြပွဲများကို ချေမှုန်းခဲ့ သည်။ တက်ကြွ လှုပ်ရှားသူများနှင့် အခွင့်အရေး အုပ်စုများက ယင်း တိုက်ခိုက်နှိမ်နင်း မှုများအတွင်း လူ (၃၂)ဦး သေဆုံးကြောင်း ပြောကြားခဲ့သည်။

ဇွန်လအတွင်းက အရေးပေါ် ဥပဒေကို ရုတ်သိမ်းပေးခဲ့သော်လည်း အဓိကရုဏ်း နှိမ်နင်းရေး ရဲများက ဆန္ဒပြသူများကို ဖြိုခွင်းရန် အသံဗုံးများ၊ မျက်ရည်ယို ဗုံးများ ဆက်လက် သုံးစွဲလျှက် ရှိသေးကြောင်း တက်ကြွလှုပ်ရှားသူများနှင့် မျက်မြင်သက်သေများက ပြောသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။