Tuesday, August 9, 2011

လန်ဒန်တွင် အဓိကရုဏ်းများ ဖြစ်ပွားလျက်ရှိ

 
တော်တင်ဟမ် ရပ်ကွက်ရှိ ဂျေဒီစတိုးတွင် လုယက်နေသူများ

လန်ဒန်တွင် အဓိကရုဏ်းများနှင့် လုယက်မှုများ ဖြစ်ပွားခဲ့ပြီး ဘာမင်ဂန်၊ လီဗာပူးနှင့် ဘရစ်စတိုးလ်တို့တွင်လည်း ဆက်လက် ဖြစ်ပွားလျက် ရှိရာ ဆယ်စုနှစ်များ အတွင်း ဗြိတိန်တွင် အဆိုးဝါးဆုံး အဓိကရုဏ်း အဖြစ် သုံးညမြောက် ရင်ဆိုင်နေရသည်။

တနင်္လာနေ့ညနှင့် အင်္ဂါနေ့ မနက်များက လန်ဒန်တွင် ကားများနှင့် ဆိုင်များကိုမီးရှို့ဖျက်ဆီးကြပြီး အာဏာပိုင်များက ထိန်းသိမ်း လျက်ရှိသည်။ လန်ဒန်သည် လာမည့် နွေရာသီ အိုလံပစ် အားကစားပွဲတော်ကို လက်ခံ ကျင်းပမည့်မြို့တော် ဖြစ်သည်။

လန်ဒန် အနောက်ဘက် အီလင်းနှင့် မြောက်ဘက် ကမ်ဒန်တို့တွင် ခေါင်းစွပ် အင်္ကျီများ ဝတ်ဆင်ထားသော လူငယ်များက အုပ်စုလိုက် လုယက်ကြပြီး လမ်းမများပေါ်တွင် ပြေးလွှားကာ ဆိုင်ခန်းတံခါးများကို ရိုက်ချိုး ဖျက်ဆီးနေကြသော လူအုပ်များကို ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသခဲ့သည်။


ခရိုင်ဒွန်တွင် အဆောက်အဦများကို မီးတင်ရှို့ကြပြီး ကလက်ဟမ်တွင် ဈေးဆိုင်များနှင့် ငွေအကြွေစေ့ စက်များကို လုယက်ပြီး အနည်းဆုံး ဆိုင်တစ်ဆိုင် မီးရှို့ခံရသည်။ မီးကူး စက်လောင်ကျွမ်းလျှက် ရှိခြင်းကြောင့် ခရေဒွန် ဒေသခံများကို ပြောင်းရွှေ့ပေး ခဲ့ရ သည်။ “ကျွန်တော်တို့ မတားဆီးနိုင်ခဲ့ပါဘူး။” ဟု ရဲသားတစ်ဦးက ပြောကြားခဲ့ကြောင်း ဂါးဒီးယန်း သတင်းစာက ဖေါ်ပြခဲ့သည်။
စနေနေ့ တစ်ညလုံး အရေးပေါ်ခေါ်ဆိုမှု ၂၆၄ ခု လက်ခံရရှိခဲ့ကြောင်း လန်ဒန် မီးသတ်ဌာနမှ ပြောကြားသည်။ ယင်းတို့ထဲမှ ၄၉ ခုမှာ တော့တင်ဟမ်မှ ဖြစ်သည်။

အဓိကရုဏ်းမှာ တော့တင်ဟမ် တောင်ပိုင်းတွင် စနေနေ့က စတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ပက်ခမ်နှင့် လူးဝစ်ဟမ်တို့သို့ ကူးစက်သွားခဲ့သည်။ ပက်ခမ်တွင် မီးလောင်နေသော အဆောက်အဦ တစ်ခုမှ လေသင့်ရာသို့ ကူးစက်ခဲ့သည်။ လူအများက ဆိုင်များအတွင်းနှင့် အပြင်များသို့ ဝင်ထွက်ကာ လုယက် ယူငင်ခဲ့ကြသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။