Wednesday, August 10, 2011

ဆီးရီးယားသမ္မတကို တူရကီ ဖျောင့်ဖျ


တူရကီ နိုင်ငံခြားရေး ဝန်ကြီး အာမက်ဒါဗူတိုဂလူက ဆီးရီးယား အစိုးရအနေနဲ့ ဆန္ဒပြသူများကို သွေးထွက်သံယို သတ်ဖြတ်နှိမ်နင်း နေမှုများ ရပ်တန့်ပြီး ပြုပြင် ပြောင်းလဲရေး အတွက် ဆောင်ရွက်သင့်ပြီ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဆီးရီးယား သမ္မတ အာဆက်နဲ့ အင်္ဂါနေ့က ဒမတ်စကတ်မြို့မှာ (၇)နာရီကြာ တွေ့ဆုံဆွေးနွေးမှု ပြုပြီးတဲ့နောက် အန်ကာရာမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒါဗူတိုဂလူက ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

ဆီးရီးယား အနေနဲ့ အခုလို အကြမ်းဖက် နှိမ်နင်းနေမှုတွေ အဆုံးသတ်နိုင်ဖို့ နည်းလမ်းတွေကို သူနဲ့ သမ္မတ အာဆက် ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

“စစ်တပ်နဲ့လူထု ထိပ်တိုက်တွေ့ကြတဲ့ အဖြစ်တွေကို ရှောင်ရှားနိုင်ဖို့အတွက် ပွင့်ပွင့်လင်းလင်းပဲ ဆွေးနွေးခဲ့ကြပါတယ်။ ပြည်သူတွေဟာ သွေးမြေမကျသင့်ပါဘူး။ ဒါတွေမဖြစ်ဖို့ ဖြစ်နိုင်သမျှ နည်းလမ်းတွေကို ရှာဖွေ လုပ်ကိုင်ရပါလိမ့်မယ်။” ဒါဗူတိုဂလူက ပြောပါတယ်။

တွေ့ဆုံပွဲမှာ ရှည်လျားသော်လည်း ရင်းရင်းနှီးနှီး ရှိကြောင်း ဆိုပါတယ်။ ဆီးရီးယားတွင် ငြိမ်းငြိမ်းချမ်းချမ်းနှင့် နိုင်ငံရေး အသွင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာမည်ဟု မျှော်လင့်ကြောင်း လည်း ပြောပါတယ်။

တွေ့ဆုံဆွေးနွေးပွဲတွင် အာဆက်က သူ့အစိုးရ အနေနဲ့ အကြမ်းဖက် အုပ်စုများကို မျက်နှာသာ ပေးမည်မဟုတ်ကြောင်း ဒါဗူတိုဂလူကို ပြောကြားခဲ့ပါတယ်။ တူရကီ အစိုးရက တွေ့ဆုံပွဲ မတိုင်မီက ဆီးရီးယားအစိုးရကို ပြင်းပြင်းထန်ထန် သတိပေး ပြောကြားမယ် လို့ဆိုပါတယ်။ ဒါပေမယ့် ဒါဗူတိုဂလူက တကယ်တမ်း တွေ့ဆုံခဲ့ရာမှာ ပြောခဲ့သလောက် မဟုတ်ဘဲ လေသံပျော့သွားတယ် လို့ အယ်လ်ဂျာဇီယာ သတင်းထောက် ရူလာအေမင် ကဘေရွတ်မြို့ကနေ သတင်းပေးပို့ခဲ့ပါတယ်။

တူရကီ ဘော်ဒရမ်မြို့ ဘီလ်ဂျီတက္ကသိုလ်က နိုင်ငံရေး သိပ္ပံပါမောက္ခ အီလစ်တာတူရန်က အခုလိုပြောပါတယ်။
“အတော်များများတော့ ပြောဆိုခဲ့ကြပါ လိမ့်မယ်။ ဒါပေမယ့် သဘောတူညီချက် တစ်စုံတစ်ရာ ရလာခဲ့တယ်လို့တော့ ကျွန်တော်မထင်ဘူး။”

တူရကီနိုင်ငံဟာ ဆီးရီးယားနဲ့ ချစ်ကြည်ရင်းနှီးတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကုန်သွယ်ဖက် နိုင်ငံလည်း ဖြစ်ပါတယ်။ ဆန္ဒပြမှုတွေမှာ ဆီးရီးယား အစိုးရက အင်အားသုံး ဖြိုခွင်းခဲ့တဲ့ အတွက် လူပေါင်း ၂၀၀၀ လောက် သေဆုံးခဲ့ရတဲ့အတွက် တူရကီ အစိုးရက ဆီးရီးယားကို သတိပေး စကားတွေ ပြောကြားနေခြင်း ဖြစ်ပါတယ်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။