Thursday, August 11, 2011

ချီလီတွင် ကျောင်းသားများ ဆန္ဒပြ


ချီလီနိုင်ငံ မြို့တော် ဆန်တီယေဂိုတွင် ကျောင်းသားများက ငြိမ်းချမ်းစွာ ဆန္ဒပြနေခဲ့ကြသော်လည်း ရဲများက မျက်ရည်ယို ဗုံးများဖြင့် ပစ်ခတ်ခြင်း မီးသတ်ပိုက်များဖြင့် ထိုးခြင်းများ ပြုလုပ်ကာ ဖြိုခွင်းခဲ့သည်။ ကျောင်းဆရာများ ကျောင်းသားများ၊ မိဘများနှင့် အလုပ်သမားများပါဝင်သော ဆန္ဒပြသူ သောင်းနှင့်ချီကာ မြို့လည်တွင် အင်္ဂါနေ့က ချီတက် ဆန္ဒပြခဲ့ကြသည်။ နှစ်လအတွင်း

(၅) ကြိမ်မြောက် ဆန္ဒပြမှုဖြစ်ပြီး သမ္မတ ဆဘက်စတိန်းပင်နဲရာ ဦးဆောင်သော အစိုးရထံ ပြုပြင်ပြောင်းလဲရေး အတွက် တောင်းဆိုခဲ့ကြသည်။

သမ္မတအိမ်တော် လာမွန်နက်ဒါအနီး ငြိမ်းချမ်းစွာ ဆန္ဒပြနေခဲ့ကြပြီး နောက်ပိုင်း ခေါင်းစွပ်များနှင့် လူငယ်အုပ်စုများက ခဲများ၊ တုတ်များနှင့် ရဲများကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြသည်။ လူငယ်အချို့က လမ်းမီးများ၊ ပြူတင်းပေါက်များကို ရိုက်ခွဲကြပြီး ကားတစ်စီးကို မီးရှို့ခဲ့သည်။

ချီတက် ဆန္ဒပြသူ ၆၀,၀၀၀ ခန့် ရှိသည်ဟု ရဲက ဆိုသော်လည်း စည်းရုံး လှုပ်ရှားသူများက ၁၀၀,၀၀၀ နီးပါး ရှိကြောင်းဆို၏။

“တိုက်ပွဲဝင်ရမည့် အချိန်ဖြစ်သည်။ စေ့စပ်ညှိနှိုင်းရမည့် အချိန်မဟုတ်။” ဟူသော စာတမ်းများ ကိုင်ဆောင်ထားကြသည်။

ဆန္ဒပြသူများသည် ဒါရီယိုဆာလာ ကျောင်းကို ဖြတ်သွားကြသည်။ ထိုကျောင်းတွင် အသက် (၁၈)နှစ်အာက် ကျောင်းသား (၃)ဦးက (၂၁)ရက်ကြာ အစာငတ်ခံ ဆန္ဒပြမှု တစ်ရပ် ဆင်နွှဲနေသည်။

လွန်ခဲ့သော သုံးလကတည်းက ချီလီကျောင်းသားများ ဆန္ဒပြခဲ့ကြရာ ဝန်ကြီးတစ်ဦး အပြောင်းအလဲ ပြုလုပ်ပေးခဲ့သည်။ လွန်ခဲ့သော အပတ်က ဖြစ်ပွားခဲ့သော ကျောင်းသား ဆန္ဒပြပွဲတွင် လူ ၉၀၀ ဖမ်းဆီး ထိန်းသိမ်းခံရပြီး ရဲသား ၉၀ ဒဏ်ရာ ရရှိခဲ့သည်။

လွန်ခဲ့သော လများအတွင်းက လူပေါင်း သောင်းနှင့်ချီကာ လမ်းမများပေါ်သို့ ထွက်လာကြပြီး ကျောင်းသားများ၏ လှုပ်ရှားမှုများကို ထောက်ခံခဲ့ကြသည်။ ၁၉၉၀ ခုနှစ် စစ်အာဏာရှင် အစိုးရ ပြုတ်ကျသွားပြီးချိန်မှစ၍ ယခုအကြိမ်သည် လူစုလူဝေး ကြီးကြီးမားမား ဖြင့် လမ်းပေါ်ထွက် ဆန္ဒပြကြခြင်း ဖြစ်သည်။

ကျောင်းသား ဆန္ဒပြမှု အရေးအခင်းကြောင့် သမ္မတ ပင်နဲရာအပေါ် လူထုထောက်ခံမှု ၂၆% ကျဆင်းသွားကြောင်း လွန်ခဲ့သော အပတ်က စစ်တမ်းတစ်ခု ကောက်ယူ ဖေါ်ပြခဲ့သည်။ ၁၉၉၀ ခုနှစ်မှစ၍ ကြည့်လျှင် အနည်းဆုံးနှုန်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ချီလီကျောင်းသား ၃.၅ သန်းရှိရာ ကျောင်းသား ၉၀% တက်ရောက် ပညာသင်ယူကြရသော ကျောင်းများမှာ ဒေသဆိုင်ရာ အာဏာပိုင်များက တာဝန်ယူ ဆောင်ရွက်နေသော ပုဂ္ဂလိက ကျောင်းများဖြစ်သည်။ ယင်းကျောင်းများ၏ အောင်စာရင်းများမှာ ညီမျှမှု မရှိကြောင်း၊ ထို့ကြောင့် အစိုးရမှ တာဝန်ယူ ဆောင်ရွက်သင့်ကြောင်း ဆန္ဒပြ ကျောင်းသားများက ဆိုသည်။

ချီလီသည် တောင်အမေရိကတွင် အခြားသော နိုင်ငံများထက် တစ်ဦးချင်းဝင်ငွေ အမြင့်ဆုံး နိုင်ငံဖြစ်သည်။ သို့သော် ဝင်ငွေကွာဟ အကြီးမားဆုံး နိုင်ငံလည်း ဖြစ်သည်။

ကျောင်းသားများက ဆန္ဒပြ တောင်းဆိုရာတွင် လူတိုင်း တတ်နိုင်သော တက္ကသိုလ် ပညာရေး ရရှိနိုင်ရန် ဖြစ်သည်။ ချီလီတွင် ကျောင်းသား အများစုသည် ဈေးကြီးသော ပုဂ္ဂလိက တက္ကသိုလ်များကိုသာ သွားရောက် ပညာသင်ကြားရန် ငွေချေးငှားပြီး တက်ရောက်ကြရသည်။ အစိုးရ တက္ကသိုလ်များ အလွန်နည်းပါးပြီး ငွေကြေးထောက်ပံ့မှု နည်းပါးသည်။

“ကျွန်တော်ဒီနေ့ ချီတက် ဆန္ဒပြနေရတာက ကျွန်တော့်မှာ ကလေး(၂)ယောက် ရှိတယ်။ ကျွန်တော် သူတို့အတွက် လိုအပ် ချက်ကိုဖြည့်ဆည်းပေးဖို့ မတတ်နိုင်ဘူး။ သူတို့ ကျောင်းသွားတက်ဖို့ ငွေချေးပြီး သွားမယ်ဆိုရင် နှစ်ပေါင်းများစွ အကြွေးနွံမှာ နစ်နေတာ့မယ်။” ဆန္ဒပြ မိဘတစ်ဦး ဖြစ်သူ ဂရေစီလာဟာနန်ဒက်ဇ် က AFP သတင်းဌာနသို့ ပြောသည်။

“အစိုးရက ကျွန်တော်တို့ ပြောတာတွေကို ဂရုမစိုက်ပါဘူး။ ချီလီမှာ ပညာရေး စနစ်သစ် လိုအပ်နေပါတယ်။ အစိုးရ သုံးစွဲ နေတာတွေက ကျွန်တော်တို့ လိုအပ်ချက်တွေနဲ့ မကိုက်ညီပါဘူး။” ဆန်တီယေဂို တက္ကသိုလ်မှ မန်နူရယ်ဆိုတို ကပြောသည်။

“အစိုးရက ပညာရေး စနစ် ကောင်းကောင်းမွန်မွန် ဖြစ်အောင် မပြောင်းမချင်း ကျွန်တော်တို့ ဆန္ဒပြနေမှာပါ။”

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။