Monday, August 15, 2011

လစ်ဗျားတိုက်ပွဲ အရှိန်တက်


လစ်ဗျားအတိုက်အခံတပ်များ လစ်ဗျားအနောက်ဘက်တွင် ထိုးစစ်နှစ်ခုကို ဆင်နွှဲနေချိန်တွင် ကဒါဖီက သူ့နောက်လိုက်တပ်များ အား သူပုန်များကို တိုင်းပြည်အနှံ့တစ်လက်မမကျန် တိုက်ခိုက်ချေမှုန်းကြရန် အမိန့်ပေးလိုက်သည်။ အတိုက်အခံများက မြို့တော် ထရီပိုလီကို အထီးကျန်ထားမည်ဟု ခြိမ်းခြောက်ခဲ့သည်။ ဆယ်စုနှစ်ပေါင်းများစွာတိုင်းပြည်ကို အုပ်ချုပ်လာပြီးနောက် အပြင်းထန် ဆုံး ထိုးနှက်တိုက်ခိုက်မှုကို ကဒါဖီကြုံတွေ့နေရပြီး လစ်ဗျားပြည်သူများအားလုံး အကြမ်းဖက်သမားများနှင့်နေတိုးရန်မှကာကွယ် ရန် လက်နက်များကိုင်ဆောင်ထားကြရမည်ဖြစ်ကြောင်း တနင်္လာနေ့က နိုင်ငံတော်ရုပ်မြင်သံကြားတွင် မိန့်ခွန်းပြောကြားခဲ့သည်။

လပေါင်းများစွာ အတိုက်အခံတို့ထိုးစစ်ဆင်နေမှုအတွင်း ယခုမိန့်ခွန်းသည် ပထမဦးဆုံးအကြိမ်အများပြည်သူသို့ ထုတ်လွှင့်ခြင်း ဖြစ်ပြီး အရုပ်မပါ၊ အသံသက်သက်ထုတ်လွှင့်သွားခြင်းဖြစ်သည်။
“လစ်ဗျားပြည်သူတွေလည်းဆက်လက်တည်ရှိနေသေးသလို ဖာတာတော်လှန်ရေးကြီးကလည်း ဆက်လက်တည်ရှိ နေဆဲပါ။ (ယင်းတော်လှန်ရေးကို သူဦးဆောင်ဆင်နွှဲခဲ့ပြီး အာဏာရရှိခဲ့သောတော်လှန်ရေးဖြစ်သည်။) ။ ရှေ့ကိုဆက်လက် ချီတက်ရမယ်။ စိန်ခေါ်မှုတွေကို အံတုရင်ဆိုင်ရမယ်။ လက်နက်ကိုင်ဆွဲကြရမယ်။ သစ္စာဖေါက်တွေ၊ နေတိုးအုပ်စုတွေကို တိုင်းပြည်အနှံ့တစ်လက်မ မကျန်တိုက်ခိုက်ရမယ်။” ကဒါဖီက ဤသို့မိန့်ကြားခဲ့သည်။
“တိုက်ပွဲဝင်ဖို့အသင့်ပြင်ကြ။ သူရဲကောင်းတွေရဲ့သွေးဆိုတာ စစ်မြေပြင်အတွက် လောင်စာစွမ်းအင်တွေဖြစ်တယ်။”

အတိုက်အခံတပ်များက ကဒါဖီတပ်များ ထောက်ပို့အတွက်အသုံးပြုသော တူနီးရှားမှ လာသော တောင်ဘက်ကမ်းရိုးတန်းလမ်း ကြောင်းကို ဖြတ်တောက်လိုက်ပြီး ဂါယန်နှင့် အက်ဇ်-ဇာဝီယာမြို့များကို ထိန်းချုပ်နိုင်ရန် တိုက်ခိုက်လျှက်ရှိသည်။ တူနီးရှားနှင့် ထရီပိုလီကို ဆက်သွယ်ထားသော လမ်းမပေါ်ရှိ တံတားတစ်စင်းကို အတိုက်အခံတပ်များထိန်းချုပ်ထားလိုက်ပြီး မြို့တွင်းသို့ ဝင်ရောက်နိုင်ရန်ဆက်လက်တိုက်ခိုက်လျှက်ရှိကြောင်း ၊ ကဒါဖီတပ်များက မြို့တွင်းမှ စနိုက်ပါသမားများ၊ မော်တာကျည်များနှင့် ပစ်ခတ်ခုခံလျှက်ရှိကြောင်း အယ်လ်ဂျာဇီယာသတင်းထောက် ဇီနာခိုဒါက အက်ဇ်-ဇာဝီယာမှ သတင်းပေးပို့ခဲ့သည်။ မြို့အဝင်တွင် ကဒါဖီတပ်များနှင့် တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားလျှက်ရှိကြောင်းဆို၏။

သတင်းထောက်ခိုဒါ၏သတင်းပေးပို့ချက်အရ စပိုက်ပါသမားများ၏ရန်ရှိနေသေးသော်လည်း မြို့ကို ၇၀% ခန့် အတိုက်အခံများ က ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။ အက်ဇ်-ဇာဝီယာရှိစစ်မြေပြင်တပ်ရင်းမှူး ဘက်ရှာအာမက်က စနိုက်ပါသမားများ လက်ချက်ကြောင့် သူ့တပ်ဖွဲ့ဝင်အတော်များများကျဆုံးကြောင်း ပြောသည်။ အက်ဇ်-ဇာဝီယာမြို့သိမ်းတိုက်ပွဲဆင်နွှဲစဉ်က လေကြောင်းမှ ထိုးစစ်မှ အချင်းချင်းပစ်ခတ်မိသောကြောင့် တင့်ကားတစ်စီးနှင့် တပ်သားလေးဦးကျဆုံးသွားကြောင်း သူက AFP သတင်းဌာနသို့ပြောပြခဲ့သည်။
ကဒါဖီတပ်များ၏ ခံစစ်မှာအားနည်းပြီးအတိုက်အခံတပ်များသည် မြို့တွင်းမှ အကူအညီများလည်းရရှိနေသောကြောင့် မြို့ကို လုံးဝသိမ်းပိုက်နိုင်ရေးမှာ မခက်ခဲကြောင်းဆို၏။ သူတို့မျှော်မှန်းထားသလိုပင် အတိုက်အခံတပ်များရောက်ရှိလာသည်နှင့် မြို့ခံ များလည်းလက်နက်ဆွဲကာ သူတို့နှင့်အတူ ကဒါဖီတပ်များကိုတိုက်ခိုက်ကြကြောင်း ခိုဒါက သတင်းပေးပို့ခဲ့သည်။
“ဒီနေ့အောင်မြင်မှုကတော့ လပေါင်းအတန်ကြာဆင်နွှဲလာခဲ့တဲ့ အတိုက်အခံတို့ရဲ့ တိုက်ပွဲတွေထဲမှာ အကြီးကျယ်ဆုံး အောင်ပွဲပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ထလီပိုလီနဲ့ ကီလိုမီတာ ၅၀ လောက်ပဲကွာဝေးပါတော့တယ်။ ကားနဲ့သွားမယ်ဆို ရင် နာရီဝက်ခရီးပဲဖြစ်ပါတယ်။ နယ်မြေကို စီးမိပြီးတော့ ကဒါဖီရဲ့တန်ပြန်ထိုးစစ်ကို ကျော်လွှားနိုင်ဖို့လိုပါတယ်။” ဟု ခိုဒါကပြော ပြသည်။

လစ်ဗျားအစိုးရပြောရေးဆိုခွင့်ရှိသူ မောက်ဆာအီဘရာဟင်ကမူ “အက်ဇ်-ဇာဝီယာမြို့ဟာ ကျွန်တော်တို့လက်အောက်မှာပဲ လုံးဝ ရှိပါသေးတယ်။ သူပုန်အုပ်စုငယ်လေးတစ်စုက တောင်ဘက်ကနေ ဝင်ရောက်ဖို့ကြိုးစားနေပေမယ့် ကျွန်တော်တို့တပ်တွေက ဟန့်တားထားနိုင်ခဲ့ပါတယ်။” ဟု ပြောဆိုကာ အက်ဇ်-ဇာဝီယာကျပြီဟူသော သတင်းမမှန်ကြောင်း ငြင်းဆိုခဲ့သည်။ တနင်္ဂနွေနေ့က ဂါယန်တွင် ကဒါဖီ၏တပ်သားများ ဆုတ်ခွာသွားပြီးနောက် သူပုန်တပ်များအောင်ပွဲခံခဲ့ကြသည်။ သို့သော် နာရီပေါင်းအတန်ငယ်အကြာတွင် တစ်ဖန်ပြန်လည်ရောက်ရှိလာပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့သည်။ အနောက်ဘက် ဆာမန်မြို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ကြောင်း အတိုက်အခံသူပုန်တပ်များက အတည်ပြုပြောကြားခဲ့သည်။
မန်ဆာတွင် နေတိုးလေကြောင်းမှ ဦးစွာဝင်ရောက်တိုက်ခိုက်ပြီးနောက် အတိုက်အခံတပ်များက မြေပြင်ထိုးစစ်ဝင်ခဲ့သည်။ ဘရီဂါရေနံမြေကိုလည်း စနေနေ့က သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ကြောင်း သူပုန်တပ်များက ဆိုသည်။ ဘရီဂါသည် အတိုက်အခံတပ်များ အတွင်းကျရောက်သွားပြီဆိုသည့်အချက်ကို အစိုးရက ငြင်းဆိုခဲ့သည်။ အတိုက်အခံများက မြို့ကို လုံးဝသိမ်းပိုက်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းလျှက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ရေနံတွင်းများနှင့် ရေနံတင်ပို့ရောင်းချရာ ပင်လယ်ဆိပ်ကမ်းများတည်ရှိနေ ခြင်းကြောင့်ဖြစ်သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။