Saturday, August 20, 2011

ကင်ဂျုံအီလ် ရုရှသွား


ရုရှ သမ္မတ ဒမစ်ထရီမက်ဗီဒက် နှင့် တွေ့ဆုံရန် မြောက်ကိုရီးယား သမ္မတ ကင်ဂျုံအီလ် ရုရှနိုင်ငံသို့ သွားရောက်ခဲ့သည်။ ၂၀၀၂ ခုနှစ်က ပထမအကြိမ် သွားရောက်ခဲ့ပြီး ယခုအကြိမ်တွင် နျူကလီးယား အစီအစဉ်၊ အထီးကျန် နိုင်ငံအဖြစ် စားနပ်ရိက္ခာ အခက်အခဲ၊ (၂)နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို ညှိနှိုင်း ဆွေးနွေးကြမည်ဟု မျှော်လင့်သည်။

ကရင်မလင် ကြေငြာချက်တွင် ရုရှသမ္မတ ဒမစ်ထရီမက်ဗီဒက်နှင့် တွေ့ဆုံရေးသည် အလည်အပတ် ခရီး၏ အဓိက အချက်ဖြစ်ကြောင်း၊ အရှေ့ဘက် ဆိုက်ဘေးရီးယန်း ဒေသများသို့လည်း သွားရောက်မည် ဖြစ်ကြောင်း ဖေါ်ပြခဲ့သည်။

ကင်ဂျုံအီလ်သည် လုံခြုံရေး စိတ်မချသောကြောင့် လေယာဉ်ဖြင့် ခရီးသွားလာလေ့ မရှိချေ။ ထို့ကြောင့် နယ်စပ် တူမန်ဂန်မြစ်ကို ဒေသစံတော်ချိန်နေ့လည် ၁၂ နာရီတွင် ဖြတ်၍ ခါဆန်ခရိုင်သို့ တနင်္ဂနွေနေ့က ရောက်ရှိခဲ့သည်။ ယခုအကြိမ် ခရီးစဉ်တွင် ကင်ဂျုံအီလ်သည် ရုရှသမ္မတ မက်ဗီဒက်နှင့် ယခုပတ် ကုန်တွင် ဘိုင်ကယ် ရေအိုင်ကြီးအနီး ဆိုက်ဘေးရီးယန်းမြို့တော် အူလန်အူဒီတွင် တွေ့ဆုံရန် မျှော်လင့်ထားသည်။ မြောက်ကိုရီးယားတွင် လူပေါင်း သောင်းနှင့်ချီ၍ ငတ်ပြတ်လျှက်ရှိပြီး စားနပ်ရိက္ခာ အခက်အခဲတွေ့ကြုံနေရသည်။

ရုရှနိုင်ငံခြားရေး ဝန်ကြီးက ဂျုံတန်ချိန် ၅၀,၀၀၀ မြောက်ကိုရီးယားသို့ တင်ပို့ထောက်ပံ့ပေးနေကြောင်း သောကြာနေ့က ပြောကြားခဲ့သည်။ အခြေအနေမှာ ပို၍ ဆိုးဝါးလာနေပြီး လူအများမှာ မြက်စားနေကြရကြောင်း ဥရောပကော်မရှင်က ပြောသည်။ ၁၉၉၀ ခုနှစ်များကတည်းက တိုင်းပြည်တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်ပြီး အုပ်ချုပ်မှု အလွဲများကြောင့် တိုင်းပြည်လူဦးရေ ၂၄ သန်းမှာ နိုင်ငံတကာ ထောက်ပံ့မှုအပေါ် မှီခိုစားသောက်နေကြရသည်။

တောင်ကိုရီးယား နိုင်ငံဆိုးလ်မြို့ မြောက်ကိုရီးယား လေ့လာရေး တက္ကသိုလ်မှ ပါမောက္ခ ယန်မူးဂျင်က ကင်ဂျုံအီလ်၏ ခရီးစဉ်သည် စားနပ်ရိက္ခာ အကူအညီ ရရေးနှင့် စီးပွားရေး အထောက်အပံ့များ ရရန်ဖြစ်ကြောင်း သုံးသပ်သည်။

တတိယ မျိုးဆက်အဖြင့် အာဏာဆက်ခံမည့် ကင်ဂျုံအီလ်၏သား ကင်ဂျုံအန်ကို ရုရှထောက်ခံမှုရရှိရေးနှင့် ရုရှပါဝင်ဆွေးနွေးမည့် နျူကလီးယား (၆)နိုင်ငံဆွေးနွေးပွဲ ပြန်လည် စတင်မည့် ကိစ္စများကို သမ္မတမက်ဗီဒက်နှင့် တွေ့ဆုံရာတွင် ပြောဆိုမည်ဟု ယူဆကြောင်း ပါမောက္ခ ယန်မူးဂျင်က ပြောသည်။

တောင်၊ မြောက်ကိုရီးယား (၂)နိုင်ငံ၊ ရုရှ၊ တရုတ်၊ ဂျပန်နှင့် အမေရိကန် နိုင်ငံတို့ ပါဝင်ဆွေးနွေးကြမည့် မြောက်ကိုရီးယား နျူကလီးယား လက်နက် စွန့်ပစ်ရေး တွေ့ဆုံညှိနှိုင်းပွဲ ကျင်းပရေးအတွက် များစွာ ထိရောက်မှု မရှိသော သံတမန်ရေး အားထုတ်မှုများ ဆောက်ရွက် လျက်ရှိသည်။

မော်စကိုသည် မြောက်ကိုရီးယားနှင့် သမိုင်းတလျှောက် ရင်းနှီးသော ဆက်ဆံရေးရှိပြီး ကင်ဂျုံအီလ်၏ ခရီးစဉ်သည် မော်စကိုက သံတမန်ရေးအရ သြဇာအာဏာလွှမ်းမိုးနိုင်သော အနေအထား ဖြစ်သည်ဟု ဆိုသည်။

ယခုနွေရာသီ အစောပိုင်းက ကင်ဂျုံအီလ်နှင့် မက်ဗီဒက်တို့ (၂)ဦး ထိပ်သီး တွေ့ဆုံဆွေးနွေးပွဲကို ရုရှအရှေ့ဖျား ဆိပ်ကမ်းဗလာဒီ ဘော့စ်တော့တွင် သို့မဟုတ် ယင်းနှင့်အနီးအနားတွင် ကျင်းပနိုင်မည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော် ယင်းအစီအစဉ်မှာ သတင်းပေါက်ကြားသွားမှုကြောင့် ကင်ဂျုံအီလ်က အစီအစဉ်ကို ဖျက်သိမ်းခဲ့ကြောင်း ဆိုသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။