Sunday, August 7, 2011

ဆီးရီးယား အာဆက် အစိုးရကို နိုင်ငံစုံ၊ အဖွဲ့စုံမှ ဖိအားပေးနေသော်လည်း သတ်ဖြတ်မှုများ ရှိနေဆဲ



ဆီးရီးယား အစိုးရကို နိုင်ငံတကာမှ ဖိအားပေးမှုများ ဆက်လက် မြင့်မားလျက် ရှိသော်လည်း ဆီးရီးယား အစိုးရကမူ ဆန္ဒပြမှုများကို နောက်ထပ် အကြမ်းဖက် နှိမ်နင်းမှုများ ပြုလုပ်လျက် ရှိသည်။ တနင်္ဂနွေနေ့ နံနက် အရုဏ်မတက်မီ အချိန်က အစိုးရ စစ်တပ်မှ ဒီယာအက်ဇ်ဇော မြို့အရှေ့ဘက် တွင် ဝင်ရောက်စီးနင်း ချေမှုန်းမှုပြုခဲ့ရာ လူအယောက် ၂၀ ခန့် သေဆုံးခဲ့ကြောင်း တက်ကြွလှုပ်ရှား သူများက ဆိုသည်။

“လက်နက်ကြီး ပစ်သံတွေ နေရာအနှံ့က ကြားရပါတယ်။” ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ရာမီအဗ္ဗဒီရာမန်က AFP သတင်းဌာနသို့ ပြောကြားသည်။
လူပေါင်း ဒါဇင်ကျော် ဖမ်းဆီးထားပြီးနောက် နောက်ထပ် ဖမ်းဆီးနှိမ်နင်းရေးများ လုပ်ဆောင်နေကြောင်းဆို၏။

ဆန္ဒပြသူများကို နှိမ်နင်းရာတွင် သေနတ်များ၊ အသံဗုံးများ အသုံးပြုကြောင်း မျက်မြင်သက်သေ (၁)ဦးက ပြောသည်။ မြို့ကို စစ်တပ်က ထိန်းချုပ် ထားပြီး လျှပ်စစ်မီးများ၊ ဖုန်းလိုင်းများ ဖြတ်တောက် ထားကြောင်းသိရသည်။ ဟုမ်းစ်ပြည်နယ်ရှိ ဟူလာမြို့တွင် ကလေး (၂)ဦး အပါအဝင် (၇)ဦး သေဆုံးကြောင်း ဆို၏။ တင့်ကား ၂၅ စီး၊ စစ်ကားများနှင့် ဟူလာမြို့တွင်း၌ စစ်ဆင်ရေး လုပ်ဆောင်နေကြောင်း အဗ္ဗဒယ်ရာမန်က ပြောသည်။

သမ္မတဘက်ရှာ အယ်လ်အာဆက်က သူ့စစ်တပ် အနေဖြင့် ရာဇဝတ်သားများကို နှိမ်နင်းနေခြင်း ဖြစ်ကြောင်း၊ ယင်းလုပ်ရပ်များမှာ နိုင်ငံတော် တာဝန်ပင် ဖြစ်ကြောင်း ကာကွယ် ပြောကြားသွားခဲ့သည်။
“ဆီးရီးယားက ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်မှာ ရောက်နေပါတယ်။ လမ်းတွေ၊ မြို့တွေကို ပိတ်ဆို့ပြီးတော့ အဖျက်လုပ်ရပ် တွေ၊ အကြမ်းဖက်လုပ်ရပ်တွေ ဆောင်ရွက်နေတဲ့ ရာဇဝတ်သားတွေကို နှိမ်နင်းပြီး အရပ်သားတွေကို ကာကွယ်ပေးရမှာက နိုင်ငံတော်ရဲ့ တာဝန်ဖြစ်ပါတယ်။” ဟု အာဆက်၏ စကားကို နိုင်ငံပိုင်ရုပ်သံ SANA မှ ကြေငြာခဲ့သည်။

ဆီးရီးယား အစိုးရက ပြည်သူ လူထုအပေါ် အကြမ်းဖက် နှိမ်နင်းနေခြင်းကို မိမိတို့ သီးခံနိုင်စွမ်း ကုန်ဆုံးနေပြီ ဖြစ်ကြောင်း တူရကီ ဝန်ကြီးချုပ် တေယစ်အာဒိုဂန်က ပြောကြားလိုက်ပြီး နောက်တစ်နေ့တွင် အာဆက်က အထက်ပါ အတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ သီးခံနိုင်စွမ်း ကုန်ဆုံးနေပါပြီ။ ဆီးရီးယား အစိုးရနဲ့ စေ့စပ်ညှိနှိုင်းဖို့ တူရကီနိုင်ငံခြားရေး ဝန်ကြီးကို ဆီးရီးယားကို လွှတ်ပါ တော့မယ်။ ကျွန်တော်တို့ ပြောလိုတဲ့ အကြောင်းအရာ တွေကို နိုင်ငံခြားရေး ဝန်ကြီးက ရှင်းရှင်းလင်းလင်း ပြောဆိုမှာဖြစ်ပြီး နောက်ပိုင်း သူတို့ရဲ့ တုံ့ပြန်မှုပေါ် မူတည်ပြီးတော့ လုပ်စရာရှိတာ ဆက်လုပ်သွားရပါလိမ့်မယ်။” ဟု ဝန်ကြီးချုပ် အာဒိုဂန်ကပြောခဲ့သည်။

အင်္ဂါနေ့တွင် တူရကီ နိုင်ငံခြားရေး ဝန်ကြီး ဆီးရီးယားသို့ သွားရောက်မည် ဖြစ်ကြောင်း ပြောသည်။ ယင်းနှင့် ပတ်သက်၍ သမ္မတ အာဆက်၏ အကြံပေး ဘိုသီနာရှားဘန်က တူရကီအနေနှင့် “ပြတ်သားသော တုံ့ပြန်မှု” ကို ကြားရမည် ဖြစ်ကြောင်းဆို၏။

“တူရကီ နိုင်ငံခြားရေး ဝန်ကြီး အာမက်ဒါတိုလူက ဆီးရီးယားကို ရှင်းလင်း ပြတ်သားတဲ့ စကား ပြောလာမယ်ဆိုရင် ဆီးရီးယားဘက်ကလည်း ပိုပြီးတော့တောင် ရှင်းလင်းပြတ်သားစွာ တုံ့ပြန် ပြောဆိုသွားမှာ ဖြစ်ပါတယ်။ ဆီးရီးယားမှာ အရပ်သားတွေ၊ စစ်သားတွေနဲ့ ရဲတွေကို သတ်ဖြတ်နေတဲ့ အကြမ်းဖက်သမားတွေနဲ့ ပတ်သက်ပြီးတော့ တူရကီ အစိုးရက အခုချိန်အထိ ဘာမှ ပြောဆိုခြင်း မရှိသေးပါဘူး။” SANA သတင်းဌာနက ကြေငြာခဲ့သည်။

ပုပ်ရဟန်းမင်း ဘန်နဒစ် ၁၆ ကလည်း အကြမ်းဖက် နှိမ်နင်းမှုများကို ကန့်ကွက်ပြောဆိုခဲ့သည်။ တရားဝင် လူထုဆန္ဒအတိုင်း အစိုးရတစ်ရပ် ပေါ်ပေါက်ရေးနှင့် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး အတွက် တောင်းဆိုခဲ့သည်။

“ဆီးရီးယားမှာ အကြမ်းဖက် နှိမ်နင်းမှုတွေကြောင့် လူတွေ သေဆုံးမှု မြင့်မားလာနေတာကြောင့် အလွန်အမင်း စိုးရိမ်ပူပန်မိပါတယ်။” အပတ်စဉ် ဝတ်ပြုပွဲတွင် ဘုန်းတော်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကုလသမ္မဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်ကလည်း အရပ်သားများ အပေါ် အင်အားသုံး နှိမ်နင်းမှုများ “ချက်ခြင်း” ရပ်တန့်ပေးရန် ဆီးရီးယား အစိုးရကို တောင်းဆိုခဲ့သည်။

ကုလသမဂ္ဂ ထုတ်ပြန်သော အစီရင်ခံစာတွင် လွန်ခဲ့သော အပတ်အတွင်း အကြမ်းဖက် နှိမ်နင်းမှုများနှင့် အရပ်သားများ သေဆုံးမှု မြင့်မားလာခြင်း များကြောင့် နိုင်ငံတကာမှ စိုးရိမ်မှုများနှင့် အတွင်းရေးမှူးကြီး ကိုယ်တိုင်လည်း စိုးရိမ်မိကြောင်း သမ္မတအာဆက်ကို ဖုံးဆက် ပြောဆိုခဲ့သည်ဟု ဖေါ်ပြပါရှိသည်။

အာရပ် ပင်လယ်ကွေ့ နိုင်ငံများ အဖွဲ့ကလည်း “အကြမ်းဖက်မှုများနှင့် သွေးမြေကျမှုများ ချက်ခြင်း အဆုံးသတ်ရန်” တောင်းဆိုလိုက်ပြီး ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီက “အကြမ်းဖက်မှုများ တိုးပွားလာခြင်းနှင့် ဒဏ်ရာရ၊ သေဆုံးမှုများ တိုးပွာလာခြင်းအပေါ် စိုးရိမ် ပူပန်မိကြောင်း” ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

မတ်လအတွင်း စတင် ဖြစ်ပွားခဲ့သော လူထု အုံကြွမှုများကို အစိုးရက အင်အားသုံး သတ်ဖြတ် နှိမ်နင်းမှုကြောင့် ယခုအချိန်အထိ လူပေါင်း ၁,၆၅၀ ခန့် သေဆုံးခဲ့ပြီး ထောင်နှင့်ချီသော ဆန္ဒပြသူ များကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ကြေငြာခဲ့သည်။

လူထုအုံကြွမှုများ ငြိမ်သက်သွားစေရန် ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီး ဝါလစ်အယ်လ်-မွာအယ်လန်က လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ တစ်ရပ် ယခုနှစ်ကုန်တွင် ကျင်းပပေးမည် ဖြစ်ပြီး ဆီးရီးယား ပြည်သူလူထု၏ ဆန္ဒများ ထင်ဟပ် ဖေါ်ထုတ် ပြသနိုင်ရေး အတွက် လွှတ်တော်သစ်တစ်ရပ် ဖွဲ့စည်း တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်း တနင်္ဂနွေက ကတိပေး ပြောကြားခဲ့သည်။

(၄)နှစ် သက်တမ်းရှိ လက်ရှိ လွှတ်တော် သက်တမ်းမှာ ယခုနှစ် အစောပိုင်းကပင် ကုန်ဆုံးသွားခဲ့ပြီး ဖြစ်ပြီး ၂၀၁၁ မကုန်မီ သမ္မတအာဆက်က ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို ကြေငြာပေးမည်ဟု မျှော်လင့်ရသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။