Monday, August 22, 2011

ထရီပိုလီကို အတိုက်အခံများ သိမ်းပိုက်


အောင်ပွဲခံ၍ ပျော်ရွှင် မြူးကြွနေကြသော လစ်ဗျားအတိုက်အခံ ပုန်ကန်သူများ ထရီပိုလီမြို့လယ်သို့ ဝင်ရောက်လာခဲ့ကြပြီ ဖြစ်သည်။ ကဒါဖီ၏ စစ်တပ်များ ဆုတ်ခွာသွားကြပြီး ထောင်ပေါင်း များစွာသော ပြည်သူများ လမ်းမများ ပေါ်သို့ ပြေးဆင်းလာကြကာ အတိုက်အခံ စစ်သားများ စီးနင်းလာသော ထရပ်ကားများကို အားရဝမ်းသာ ကြိုဆိုနှုတ်ဆက်ကြသည်။

၆ လကြာ ပြည်တွင်းစစ် အကြိတ်အနယ် ဆင်နွှဲခဲ့ရပြီး နာရီပိုင်း အတွင်းမှာပင် အပြောင်းအလဲ လျင်မြန်စွာဖြင့် သူပုန်တပ်များ က အောင်ပွဲ ဆင်နိုင်ခဲ့ခြင်း ဖြစ်သည်။ တနင်္ဂနွေနေ့ ညပိုင်းက ထရီပိုလီမြို့မှ ၃၂ ကီလိုမီတာ အကွာအထိ သူပုန်တပ်များ ကပ်လာခဲ့ကြပြီး နောက်မြို့တွင်းသို့ ဝင်ရောက် နိုင်ခဲ့ကြခြင်း ဖြစ်သည်။

“လစ်ဗျားမြို့တော်မှာ ဒီညအောင်ပွဲခံနေကြပါတယ်။ သူပုန်တွေဟာ မြို့ကို ထိန်းချုပ်လိုက်ပါပြီ။ သူတို့တွေ ရင်ပြင်စိမ်းမှာ စုဝေးနေကြပြီး မူလနာမည်ဖြစ်တဲ့ အာဇာနည်ရင်ပြင် အမည်ကို ပြန်လည်
ပြောင်းလိုက်ကြပါတယ်။ လွတ်လပ်ပြီဟေ့ လို့အော်ဟစ် နေကြပြီး ကဒါဖီရဲ့ ပိုစတာတွေကို သေနတ်တွေနဲ့ ပစ်ကြတယ်။” ဟု အယ်လ်ဂျာဇီယာ သတင်းထောက် ဇီနာခို့ဒ်က ရင်ပြင်စိမ်းခေါ် အာဇာနည်ရင်ပြင်မှ သတင်းပေးပို့ ပြောကြားခဲ့သည်။

ရင်ပြင်စိမ်းသည် လူထု ဆန္ဒပြမှုများ အတွင်း ကဒါဖီ ထောက်ခံသူများကလည်း စုဝေးကာ တန်ပြန် ဆန္ဒပြရာ
နေရာတစ်ခု ဖြစ်သည်။ အစောပိုင်းက ကဒါဖီ၏သား ဆအစ်ဖ်-အစ္စလာမ်ကို ထရီပိုလီ အနောက်ဘက် ကမ္ဘာလှည့်ခရီးသွား ကျေးရွာတွင် ဖမ်းဆီးရမိခဲ့ကြောင်း သူပုန်ခေါင်းဆောင် ပိုင်း ကပြောကြားသည်။ သို့သော် ကဒါဖီ မည်သည့် နေရာတွင် ရှိသည်ကိုမူ မသိရှိရပေ။

အမေရိကန်သမ္မတ ဘားရက်အိုဘာမားက ကဒါဖီအနေနှင့် လစ်ဗျားတွင် အာဏာမရှိတော့ကြောင်း ဝန်ခံရမည်ဖြစ်ပြီး တရားဝင် အာဏာစွန့်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အိုဘားမားသည် မာသာဗိုင်းယာ့ဒ်တွင် အားလပ်ရက် အပန်းဖြေ ခရီးထွက်နေခြင်းဖြစ်ပြီး ကြေငြာချက် တစ်စောင် ထုတ်ပြန်ခဲ့ရာ “လစ်ဗျားရဲ့ အနာဂတ်ဟာ အခုဆိုရင် လစ်ဗျားပြည်သူတွေရဲ့ လက်ထဲတွင်ရှိကြောင်း” ဆို၏။ အတိုက်အခံ သူပုန်များနှင့် အနီးကပ် ဆက်ဆံသွားမည်ဖြစ်ပြီး လစ်ဗျားပြည်သူတို့၏ အခြေခံရပိုင်ခွင့်များကို လေးစားလိုက်နာမှုရှိရန် တိုက်တွန်းကြောင်း ဆိုလိုက်သည်။
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC)မှ ရှေ့နေ တစ်ဦးဖြစ်သော လူးဝစ်မော်ရန်နို-အိုကမ်ပိုက ဆာအစ်အယ်အစ္စလာမ် ကို ဖမ်းဆီးရမိထားပြီ ဖြစ်ပြီး သူ့ကို ICC သို့ လွှဲပြောင်းပေးရန် အတိုက်အခံ အမျိုးသား အသွင်ကူးပြောင်းရေး ကောင်စီ (NTC) နှင့် စကားပြောလိမ့်မည် ဖြစ်ကြောင်း ဆိုသည်။

အစောပိုင်း လူထုအုံကြွမှုများတွင် ပြည်သူလူထု အပေါ် တရားမဝင် အကြမ်းဖက် နှိမ်နင်းမှုများအတွက် ဆာအစ်အယ်လ်-အစ္စလာမ်၊ သူ့ဖခင်ကဒါဖီနှင့် ထောက်လှမ်းရေး အကြီးအကဲတို့တွင် တာဝန်ရှိသည်။ ကဒါဖီ၏သား အကြီးဆုံး မိုဟာမက်သည် သူပုန်တပ်ဖွဲ့များထံ လက်နက်ချ အညံ့ခံခဲ့ပြီး အယ်လ်ဂျာဇီယာနှင့် စကားပြောဆိုခဲ့သည်။

အယ်လ်ဂျာဇီယာနှင့် စကားပြောဆိုစဉ်တွင် နှိမ့်ချတိုးလျှိုးသော အမူအရာဖြင့် ပြောဆိုခဲ့ပြီး ပညာမဲ့မှုကြောင့် လစ်ဗျားတွင် အကြပ်အတည်းများနှင့် တော်လှန်ရေး ပေါ်ပေါက်လာရခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
“ကျွန်တော်က အစိုးရအဖွဲ့ဝင်၊ ဒါမှမဟုတ် လက်နက်ကိုင် အဖွဲ့အစည်းများရဲ့ အကြီးအကဲ စသည်ဖြင့် မလုပ်ဖူးပါဘူး။ ဒါပေမယ့် ကျွန်တော်ပြောနိုင်တာက ကျွန်တော်တို့ ဖြစ်ခဲ့တဲ့ ပြဿနာတွေ၊ မတူညီမှုတွေကို အေးအေးဆေးဆေး ဖြေရှင်းနိုင်ခဲ့လို့ ရပါလျက်နဲ့ ပညာဉာဏ်နဲ့ အမြှော်အမြင် မရှိခဲ့ကြလို့သာ ဒီနေ့ အဖြစ်မျိုးကြုံတွေ့ရတာပါ။” မိုဟာမက်က ဆိုသည်။

ယင်းသို့ အယ်လ်ဂျာဇီယာနှင့် စကားပြောဆိုနေစဉ် အတွင်းမှာပင် သူ့အိမ်ကို တိုက်ခိုက် ပစ်ခတ်သံများ ကြားရပြီး သေနတ်သံများ ကြားမှာပင် အင်တာဗျူးကို ရပ်တန့်လိုက်ရသည်။
“ကျွန်တော့်အိမ်ကို အခုပစ်နေကြပြီ။ သူတို့တွေ အိမ်ထဲကို ရောက်နေကြပြီဗျ။ ဘုရားသခင်ဆိုတာ မရှိတော့ဘူး။ အလ္လာရှင်မြတ်ပဲရှိတယ်။ အလ္လာနဲ့ မိုဟာမက်ဟာ ဘုရားသခင်ရဲ့ တမန်တော်တွေ ဖြစ်ကြပါတယ်။”

NTC ခေါင်းဆောင်က မိုဟာမက်ကို တစ်စုံတစ်ရာ ထိခိုက်နာကျင်စေမှု မရှိကြောင်း အယ်လ်ဂျာဇီယာကို ပြောသည်။

“မိုဟာမက် မွမ်မာကဒါဖီသာ မဟုတ်ပါဘူး။ သူ့မိသားစုတွေကိုလည်း ကျွန်တော်တို့ နှိပ်စက်မှုမပြုပါဘူး။” NTC ခေါင်းဆောင် မူစတာဖာအဗ္ဗဒယ်ဂျာလီ ကပြောသည်။

“သူ့အိမ်ထဲမှာပဲ သူ့ကို ထားပြီးတော့ သူ့လုံခြုံရေးအတွက် ကျွန်တော် အာမခံပါတယ်။”

လစ်ဗျားခေါင်းဆောင်ဟောင်း ကဒါဖီ၏ အခြားမိသားစုများ၏ ကံကြမ္မာနှင့် မည်သည့်နေရာတွင် ရှိနေသည်ဟူသော အချက်များကိုမူ မသိရပါ။

Source: Aljazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။