Wednesday, August 3, 2011

မူဘာရက်ကို ရုံးထုတ်ပြီ



အီဂျစ်သမ္မတဟောင်း မူဘာရက်ကို ကိုင်ရိုမြို့တရားရုံးတွင် ယနေ့ ရုံးတင်စစ်ဆေးခဲ့သည်။ နှစ်ပေါင်း ၃၀ အုပ်ချုပ်ခဲ့သည့် ကာလ အတွင်း လာဘ်စားမှုများနှင့် ယခုနှစ်ဆန်းပိုင်းတွင် ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများတွင် ဆန္ဒပြသူများကို ပစ်ခတ်နှိမ်နင်းခဲ့မှုတို့ဖြင့် ရုံးတင် စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး သူက အပြစ်မရှိကြောင်း ငြင်းဆိုထားသည်။

ယနေ့ ဗုဒ္ဓဟူးနေ့တွင် သူရာထူးမှ အနားယူပြီးနောက် ပထမဆုံး ရုံးတင်စစ်ဆေးခြင်း ဖြစ်ပြီး တရားရုံးတွင် လူနာတင်ကုတင်ပေါ်မှ နေ၍ တရားခွင် တက်ရောက်နေရခြင်း ဖြစ်သည်။
“စွဲဆိုထားတဲ့ အမှုတွေအားလုံးကို ကျူးလွန်ခဲ့ခြင်း မရှိကြောင်းငြင်းဆိုပါတယ်။” ဟု သူကဆိုသည်။
ကိုင်ရိုရှိ ရဲသိပ္ပံ အကယ်ဒမီ အဆောက်အဦအတွင်း ယာယီတရားရုံးအတွင်း အမှုကို စစ်ဆေးနေခြင်း ဖြစ်ပြီး နိုင်ငံပိုင်ရုပ်မြင်သံကြား မှ တိုက်ရိုက် ထုတ်လွှင့်ပြသလျက် ရှိသည်။
ထို့နောက် တရားသူကြီး အာမက် ရာဖက်က တရားခွင်ကို သြဂုတ်လ ၁၅ ရက်နေ့သို့ ရက်ချိန်းပေးခဲ့သည်။

မူဘာရက်ကို ရုံးတင်စစ်ဆေးခြင်းသည် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် ရာထူးမှ ပြုတ်ကျပြီးနောက် ဆန္ဒပြသူများက တစ်ခဲနက် တောင်းဆိုထားသော ကိစ္စဖြစ်သည်။

သူရင်ဆိုင်နေရသော အမှုများမှာ ဆန္ဒပြသူများကို ကြိုတင် ကြံစည်မှုဖြင့် သတ်ဖြတ်ခြင်း၊ အရပ်သားများ အပေါ် ထိပါးကျူးလွန်မှုများအား တားဆီးနိုင်သော အာဏာရှိလျက်နှင့် တားဆီးရန် ပျက်ကွက်ခဲ့ခြင်း၊ ငွေကြေး အလွဲသုံးစား လုပ်ခြင်း စသည့် အမှုများဖြစ် သည်။

မူဘာရက်၏ သားနှစ်ဦးဖြစ်သူ ဂမေးလ် နှင့် အယ်လာတို့ကိုလည်း အကျင့်ပျက်လာဘ်စားမှုများဖြင့် အသီးသီး တရားရုံးတွင်ရင် ဆိုင်ရလျက်ရှိသည်။ ဖခင်ဖြစ်သူ မူဘာရက်နှင့် အတူတူ တရားခံ သံတိုင်များ နောက်ကွယ်တွင် ထောင်ဝတ်ထောင်စားဖြင့် ရှိနေကြသည်။

မူဘာရက်မှာ အာဏာမှ ပြုတ်ကျစဉ်ကတည်းက သွားရောက် နေထိုင်နေခဲ့သော ရှာမ်းအယ်လ်ရှိတ် ပင်လယ်နီ အပန်းဖြေစခန်း မှ ကိုင်ရိုသို့ လေယာဉ်ဖြင့် လာရောက်ကာ တရားရင်ဆိုင်နေရခြင်း ဖြစ်သည်။ တရားရုံးတွင် သူ့အပေါ် စွဲဆိုထားသော အမှုများကို တရားရုံးရှေ့နေက ဖတ်ပြခဲ့သည်။

တရားသူကြီးက တရားခွင် ထုံးစံအတိုင်း ရောက်ရှိကြောင်း၊ အမည်နေရပ်များ ပြောဆိုရန် သူ့ကို မေးမြန်းသောအခါ လက်ကို အနည်းငယ် မြှောက်ပြ၍ “ဟုတ်ကဲ့။ ကျွန်တော်ဒီမှာ ရှိပါတယ်။” ဟု မူဘာရက်က ကုတင်ပေါ်မှ လှမ်းပြောခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။