Monday, August 22, 2011

ဆီးရီးယားအရေးကို နိုင်ငံတကာမှ ဝင်ရောက် စွက်ဖက်မှု မပြုရန် အာဆက်သတိပေး



ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်-အာဆက်က သူ့နိုင်ငံတွင်းကိစ္စများကို ဝင်ရောက် စွက်ဖက်ခြင်း မပြုရန် နိုင်ငံတကာကို နိုင်ငံပိုင် ရုပ်မြင်သံကြားမှ တစ်ဆင့် သတိပေး ပြောကြားလိုက်သည်။

တနင်္ဂနွေနေ့က ပြုလုပ်သော အင်တာဗျူး အစီအစဉ်ကို တိုက်ရိုက် ထုတ်လွှင့်ခဲ့ပြီး အာဆက်က “ဆီးရီးယားကို ဆန့်ကျင်တိုက်ခိုက် လာသူမှန်သမျှ သူတို့ မျှော်မှန်းထားတာထက် ပိုမိုဆိုးရွားတဲ့ အကျိုးဆက်များ ခံစားရမှာဖြစ်ပါတယ်။” ဟုပြောကြားခဲ့ပြီး “ပထမဦးစွာ ပြောလိုတာက ဆီးရီးယားရဲ့ ပထဝီနိုင်ငံ အနေအထား
ဖြစ်ပြီးတော့ ဒုတိယအနေနဲ့ ဆီရီးယားရဲ့ စွမ်းရည် ဖြစ်ပါတယ်။ တစ်စိတ်တစ်ပိုင်း အားဖြင့်တော့ သူတို့ သိပြီးသားပါ။ ကျန်တဲ့ မသိသေးတဲ့ အပိုင်းတွေကတော့ သူတို့မျှော်လင့်မထားတဲ့ အခြေအနေတွေ ရှိနေပါတယ်။” ဟု ဆိုသည်။

လွန်ခဲ့သော အပတ်က အမေရိကန်နှင့် ဥရောပသမဂ္ဂတို့မှ အာဆက်ကို ရာထူးမှ ဆင်းပေးရန်
တောင်းဆိုရုံမှအပ ဆီးရီးယားကို စစ်ရေးအရ အရေးယူရန် မည်သည့် နိုင်ငံကမျှ တောင်းဆိုခြင်း မရှိသေးပေ။

သူ့ကိုရာထူးမှ ဆင်းပေးရန် တောင်းဆိုမှုများကို တုံ့ပြန် ပြောဆိုရန်ပင် မထိုက်တန်ဟု သူက ပြောကြားလိုက်သည်။ သူ့ကို ဆီးရီးယား ပြည်သူများက တင်မြှောက်ထားခြင်းသာ ဖြစ်ပြီး အနောက်နိုင်ငံများက တင်မြှောက်ထားသော သမ္မတ မဟုတ်ကြောင်း တုံ့ပြန် ပြောဆိုလိုက်သည်။

လွှတ်တော် ရွေးကောက်ပွဲများ ပြီးသည်နှင့် ဒေသတွင်းရွေးကောက်ပွဲများ ကျင်းပပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ လပိုင်းအတွင်း လုပ်ဆောင်သွား မည်ဟုလည်း ဆိုသည်။

“လွှတ်တော်ရွေးကောက်ပွဲတွေကို ၂၀၂၁ ဖေဖေါ်ဝါရီလ အတွင်းမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။” ဟု ဆိုသည်။

နိုင်ငံတွင်း လုံခြုံရေး အခြေအနေ ယိုယွင်းနေခြင်းကိုလည်း ပြောဆိုသွားခဲ့ပြီး ထိန်းချုပ်သွားနိုင်လိမ့်မည်ဟု ဆိုသည်။

“ဒီကိစ္စကို ကျုပ်တို့ ဖြေရှင်းနိုင်ပါတယ်။ ဒါကို မစိုးရိမ်ပါဘူး။” ဟုပြောသည်။

အာဆက် အစိုးရက တိုင်းပြည် မငြိမ်မသက်ဖြစ်မှုကို လက်နက်ကိုင် အကြမ်းဖက်သမားများ လက်ချက်ကြောင့် အမြဲပြောဆိုလျက် ရှိ ပြီး စစ်တပ်က အကြမ်းဖက် သတ်ဖြတ် နှိမ်နင်းနေမှုများကိုမူ ကာကွယ်ပြောဆိုလေ့ ရှိသည်။

အင်တာဗျူးဖြေဆိုရာတွင် “အကြမ်းဖက်သမားများ” ဟူသော ပုံကြီးချဲ့ စကားကို ထပ်မံပြောဆိုသွားခဲ့ပြီး “ကျုပ်တို့ အင်အား တောင့်တင်းဖို့ လိုတယ်” ဟု အကြမ်းဖက် လုပ်ရပ်များတွင် ပါဝင်ကာ ရာဇဝတ်မှု ကျူးလွန်သူ မည်သူ့ကို မဆို ကြီးလေး သော အပြစ်ဒဏ်များ ချမှတ်သွားမည်ဟု ကြိမ်းဝါးခဲ့သည်။

ယင်းအစီအစဉ်ကို ထုတ်လွှင့်ပြီးနောက် နိုင်ငံတစ်ဝှမ်းမြို့များတွင် လမ်းများပေါ်သို့ထွက်ကာ ဆန္ဒပြမှုများ
ပေါ်ပေါက်ခဲ့သည်။ ဇွန်လ ၂၀ ရက်နေ့မှစ၍ ပထမဦးဆုံး အကြိမ်အဖြစ် ဆီးရီးယား သမ္မတအာဆက် ရုပ်မြင်သံကြားတွင် စကားပြောခဲ့ခြင်း ဖြစ်သည်။ မတ်လလယ်မှ စသော ဆန္ဒပြပွဲများမှ စတင်၍ ဆိုလျှင် ယခုအကြိမ်သည် လေးကြိမ်မြောက် ဖြစ်သည်။

အယ်လ်ဂျာဇီယာ သတင်းထောက် စကော့ဟိုင်လ်ဒါက ဆီးရီးယား-လက်ဘနွန်နယ်စပ်မှ သတင်းပေးပို့ခဲ့ရာ နည်းဗျူဟာသစ် တစ်ခုအနေနှင့် ယခုကဲ့သို့ ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ်လွှင့် စကားပြောဆိုမှုကို ထုတ်လွှင့်ခြင်း ဖြစ်ကြောင်း ဆိုသည်။

“နိုင်ငံတွင်းက လူတွေကြည့်ဖို့ပဲ ရည်ရွယ်ပြီးတော့ ထုတ်လွှင့်တာပါ။ မတ်တတ်ရပ်ပြီး မိန့်ခွန်း ပြောရတာထက် စာရင် သတင်းထောက် နှစ်ယောက်နဲ့ မျက်နှာချင်းဆိုင် ထိုင်ပြီး စားပွဲဝိုင်းတစ်ခုမှာ စကားပြောနေတာ ဆိုတော့ ပိုပြီးတော့ သက်တောင့် သက်သာရှိပါတယ်။” ဟု ဟိုင်ဒါက ဆိုသည်။

ဆက်လက်၍ ဆန္ဒပြသူများကို အပြင်းအထန် နှိမ်နင်းလျှက် ရှိကြောင်း လှုပ်ရှား တက်ကြွသူများက ပြောသည်။ မြောက်ဘက် အစ်ဒလစ်ပြည်နယ်ရှိ ကာဖာတက် ခါရီးမ်မြို့တွင် အစိုးရစစ်တပ်များနှင့် စွမ်းအားရှင်များက တနင်္ဂနွေနေ့ မနက်ပိုင်းက အကြမ်းဖက် စီးနင်းနှိမ်နင်းမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး ကော်မီတီက ပြောသည်။

“တနင်္ဂနွေမနက်ပိုင်းမှာ ၆ နာရီခွဲလောက် အိမ်တွေပေါ်ကို တက်ဖမ်းပြီးတော့ လူရှေ့သူရှေ့မှာပဲ ရိုက်နှက်၊ မျက်နှာကို အဝတ်နဲ့ ပိတ်စည်း၊ ကားပေါ်ကို အားလုံး ထိုးသိပ်ထည့်ပြီး ရဲစခန်းကို ခေါ်သွားတယ်။” တက်ကြွလှုပ်ရှားသူ တစ်ဦးက ရေးသား ဖေါ်ပြခဲ့သည်။

ဆန္ဒပြမှုများ စတင်ချိန်ကတည်းက ဆိုလျှင် ပြီးခဲ့သည့် အပတ်အထိ လူပေါင်း ၂,၀၀၀ ခန့် အစိုးရက သတ်ဖြတ်ခဲ့ကြောင်း ကုလ စုံစမ်းရေး အဖွဲ့က ပြောကြားသည်။

ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေး အဖွဲ့ကို ဆီးရီးယားသို့ ဝင်ရောက်ခွင့် ပြုခဲ့ပြီး တနင်္ဂနွေနေ့က စတင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ယင်း စုံစမ်းစစ်ဆေးမှုသည် “ကုလသမဂ္ဂအနေနဲ့ လူထု အကျိုးကို ဘယ်လောက် သယ်ပိုးနိုင်သလဲ ၊ လျှပ်စစ်မီး၊ သောက်ရေသန့်၊ ဆက်သွယ်ရေး၊ ကျန်းမာရေး အစရှိတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေအပေါ် ဘယ်လို တုံ့ပြန်နိုင်မလဲ” ဆိုသည့် အချက်များကို သိရမည်ဖြစ်ကြောင်း ကုလပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ဆိုသည်။

ယင်း စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ပူးပေါင်းဆောင်ရွက်ရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကုလသမဂ္ဂရုံး ဂျီနီဗာဌာန၏ အကြီးအကဲ ရာရှစ်ဒ်ကာလီကော့ဗ် မှ ဦးဆောင်သည်။ အာဆက်၏ အတိုက်အခံများက အမျိုးသား ကောင်စီအဖွဲ့ ဖွဲ့စည်းရန် တူရကီတွင် တွေ့ဆုံခဲ့ကြသည်။ နိုင်ငံတွင်း၊ နိုင်ငံပြင်ပ အတိုက်အခံများ တက်ရောက်ခဲ့သော ယင်းအစည်းအဝေးမှ အာဆက်အစိုးရကို ဖြုတ်ချနိုင်ရေးအတွက် အလုပ် ကော်မတီများ ဖွဲ့စည်းကာ ညှိနှိုင်း လုပ်ဆောင်ကြရန် အစီအစဉ် ချမှတ်ခဲ့ကြောင်း သိရသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။