Friday, August 26, 2011

ကဒါဖီကို ဆုငွေထုတ်


ထရီပိုလီတွင် ကဒါဖီက သူ၏နောက်လိုက်များကို ဆက်လက် တိုက်ပွဲဝင်ရန် ညွှန်ကြားချက်ပေးလိုက်ပြီး လစ်ဗျား သူပုန်များက ကဒါဖီ၏ ဦးခေါင်းကို ဆုငွေ ဒေါ်လာတစ်သန်းထုတ်လိုက်သည်။

ကဒါဖီ မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို မသိရှိရပဲ သူ့ကိုအသေ ရရ၊ အရှင်ရရ ဖမ်းဆီးပေးနိုင်ပါက ဆုငွေဒေါ်လာ တစ်သန်းပေးမည်ဟု ကြေငြာခဲ့သည်။

ဘန်ဂါဇီတွင် ပြုလုပ်သော အမျိုးသား အသွင်ကူးပြောင်းရေး ကောင်စီ၏ ကြာသပတေးနေ့ သတင်းစာ ရှင်းလင်းပွဲတွင် လစ်ဗျား စီးပွားရေးသမားများက ကဒါဖီကို ဆုငွေထုတ်ရန် အတွက် ဒေါ်လာ ၁.၇ သန်း "မတည်" ပေးထားကြောင်း ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့က လစ်ဗျား အယ်လ်-ရိုင်ရုပ်မြင်သံကြားမှ ကဒါဖီ၏ မိန့်ခွန်းကို အသံဖြင့် ထုတ်လွှင့်ခဲ့သည်။ ယင်းမိန့်ခွန်းတွင် ထရီပိုလီ မြို့သားများကို သူပုန်များအား ခုခံတိုက်ခိုက်ကြရန် ပြောကြားခဲ့သည်။

“လစ်ဗျား လူငယ်လူရွယ်တွေ၊ တိုင်းရင်းသားတွေ၊ မိန်းမ၊ ယောင်္ကျားတွေအားလုံး တိုက်ပွဲဝင်ကြပါ။ ထရီပိုလီကို ဝင်ရောက်လာတဲ့ သူပုန်တွေကို ရှင်းလင်းပစ်ရမယ်။ ကျုပ်ကတော့ ထရီပိုလီကနေ လူမသိသူမသိထွက်ခွါသွားပါပြီ။ ထရီပိုလီမှာ အန္တရာယ်တွေ ကျရောက်နေတယ်လို့ ကျုပ်တော့ မထင်ဘူး။”

ထရီပိုလီမြို့ရှိ သူ့နေအိမ်ခြံဝင်းမှ ကဒါဖီစွန့်ခွာသွားပြီး နေတိုးက ၆၄ ကြိမ်ဗုံးကြဲခဲ့ခြင်းကို အပြစ်တင်ပြောကြားခဲ့သည်။

“ဒီကောင်တွေ ထရီပိုလီကို ဖျက်ဆီးနေကြတယ်။ မကောင်းဆိုးဝါးကောင်တွေ ။ တိုက်ထုတ်ပစ်ရမယ်။”

အမျိုးသား အသွင်ကူးပြောင်းရေး ကောင်စီကို ဦးဆောင်နေသော ၊ ယခင်ကဒါဖီအစိုးရ၏ ဝန်ကြီးတစ်ဦးဖြစ်ပြီး ဖေဖေါ်ဝါရီလ လူထုအုံကြွမှုများ စတင်ချိန်မှစ၍ အစိုးရမှ နှုတ်ထွက်ခဲ့ပြီး လူထုဘက်သို့ ကူးပြောင်းလာခဲ့သော မူစတာဖာအဗ္ဗဒယ်က

“ထရီပိုလီမှာ တိုက်ပွဲတွေပြီးဆုံးသွားပြီလို့ ပြောဖို့စောပါသေးတယ်။ ကဒါဖီနဲ့ သားတွေကို မမိမချင်းတိုက်ပွဲတွေပြီးမှာ မဟုတ်သေးပါဘူး။” ဟု ဆိုသည်။

ကဒါဖီ၏ သားတစ်ဦးဖြစ်သော ဆာအစ်အယ်-အစ္စလာမ်ကို ဖမ်းဆီးရမိပြီးနောက် ပြန်လည် လွတ်မြောက်သွားပြီး သူ့ကိုထောက်ခံ သူလူများကြားတွင် အပြုံးတဝေဝေ၊ လက်တဝှေ့ဝှေ့ဖြင့် ပမာမခန့် လုပ်နေသော သူ့အကြောင်းကို သတင်းမီဒီယာများတွင် ဖေါ်ပြလျက်ရှိပြီး အခြားသား ငါးယောက်မည်သည့်နေရာတွင် ရှိနေသည်ကိုမူ မသိရပေ။

ကြာသပတေးနေ့က အထိ ကဒါဖီကို သစ္စာခံသော အင်အားစုများ၏ ခုခံမှုကို ထရီပိုလီမြို့တွင် နေရာအနှံ့အပြားတွင် သူပုန်တပ် များရင်ဆိုင်နေကြရပြီး ထရီပိုလီကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်နိုင်ရန် ကြိုးစားလျက်ရှိသည်။

ထရီပိုလီမြို့တွင် နေထိုင်သော မာရန်ဝါဖာက ထရီပိုလီတွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက် ရှိနေသေးကြောင်း ကြာသပတေးနေ့က အယ်လ်ဂျာဇီယာသို့ ပြောပြခဲ့သည်။

“ကျွန်တော်နဲ့ သိတဲ့သူပုန်တပ်သားတွေ အများကြီး ရှိပါတယ်။ လွန်ခဲ့တဲ့ သုံးနာရီ၊ လေးနာရီလောက်က သူတို့တွေ ကဒါဖီ တပ်တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ အကြောင်း ကျွန်တော့်ကို ဖုန်းဆက်ပြီးပြောပါတယ်။” ဟု သူမကဆိုသည်။

“မြို့ထဲမှာ စနိုက်ပါသမားတွေ နေရာအနှံ့မှာရှိနေတယ်။ ဒါကြောင့် လမ်းတွေပေါ်မှာ လုံခြုံမှုမရှိတဲ့အတွက် အိမ်ထဲမှာပဲ နေနေကြရတယ်။”

အယ်လ်ဂျာဇီယာ သတင်းထောက် ဆူးတာတန်က ကဒါဖီ၏ ခြံဝင်းဖြစ်သော ဘက်အယ်လ်-အဇီဇီယာတွင် စနိုက်ပါသမားများ၏ အန္တရာယ်ရှိနေသေးကြောင်း သတင်းပေးပို့ခဲ့သည်။
“ဒီခြံဝင်းကြီးတစ်ခုလုံးကို ထိန်းချုပ်နိုင်ပြီလား ၊ တစ်မြို့လုံးကို ထိန်းချုပ်နိုင်ပြီလားဆိုတာ မသေချာသေးပါဘူး။ လောလောဆယ်တော့ တန်ပြန်တိုက်ခိုက်နေတဲ့ အုပ်စုလေးတွေကို လိုက်လံရှင်းလင်းနေရတုန်းပါ။ ”

“စနိုက်ပါ ဆိုတဲ့ အသံကြားတာနဲ့ လူတွေဟာ ထိတ်လန့်နေကြပါတယ်။ ဘယ်သူမှလည်း အလုပ်မသွားကြပါဘူး။ လမ်းတွေပေါ်မှာ လူသူကင်းရှင်းနေပါတယ်။” ဟု သူမက သတင်းပေးပို့ခဲ့သည်။

ထရီပိုလီမြို့သိမ်းတိုက်ပွဲတွင် သူတို့ဘက်မှ အယောက် ၄၀၀ ခန့်ကျဆုံး၍ ၂၀၀ ခန့်ဒဏ်ရာရရှိကြောင်း သူပုန်များက ဆိုသည်။

“မြို့ရဲ့ အတော်များများကိုတော့ သိမ်းပိုက်ပြီးပါပြီ။ ဒါပေမယ့် အန္တရာယ်ကတော့ ရှိနေဆဲပါ။ ” ဟု အယ်လ်ဂျာဇီယာသတင်းထောက် ဂျိမ်းစ်ဘေးက ထရီပိုလီမြို့လည် ဆေးရုံမှ ဗုဒ္ဓဟူးနေ့က သတင်းပေးပို့ခဲ့သည်။

ဆေးရုံတွင် ဒဏ်ရာရာရှိသူ လူနာများဖြင့် ပြည့်သိပ်နေပြီး ဆရာဝန်များက ဆေးဝါးလိုအပ်ချက်အများအပြားရှိကြောင်းပြောပြ သည်ဟု သူကသတင်းပေးပို့ခဲ့သည်။

အင်္ဂါနေ့က သူပုန်တပ်ဖွဲ့များ ကဒါဖီ ခြံဝင်းသို့ လက်နက်ကြီးများ ၊ စက်လက်များ၊ လေယာဉ်ပစ်သေနတ်များကို အသုံးပြု၍ ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့ကြသည်။
“ကျုပ်တို့ အခုကဒါဖီကိုရှာနေပါတယ်။” စက်သေနတ်ကိုင် သူပုန်စစ်သားတစ်ဦးဖြစ်သူ ဆိုဟိုက်နီဖာတီက ပြောသည်။

ပျောက်ကျားဝတ်စုံဝတ်ဆင်ထားပြီး ၊ ပုခုံးတစ်ဘက်တွင် RPG၊ နောက်တစ်ဖက်တွင် စက်သေနတ်ကို ထမ်းထားသော အသက် ၁၉ နှစ်ရှိ သူပုန်တပ်သား အဗ္ဗဒယ်-အာဇစ် ရှာဖီယာက ကဒါဖီသည် ဤခြံဝင်းအတွင်းရှိ မြေအောက်ခန်းတစ်ခုခုတွင် ပုန်းအောင်း နေနိုင်ကြောင်း ပြောသည်။
“ကျုပ်တို့ကို ကြွက်တွေ လို့ သုံးနှုန်းခဲ့တာ သူပဲလေ ။ အခုတော့ မြေကြီးအောက်မှာ ကြွက်လို ပုန်းအောင်းနေရတာလည်း သူပဲ။” ဟု ၎င်းက ပြောဆိုခဲ့သည်။

လစ်ဗျား နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒယ်လာတီအိုဘီဒီနှင့် ဗုဒ္ဓဟူးနေ့က ဗြိတိန်ရေဒီယို အမှတ် ၄ မှ အင်တာဗျူးပြုလုပ်ခဲ့ရာ ပြည်တွင်းစစ်ကြီး ပြီးဆုံးသွားပြီဖြစ်ကြောင်း သူကပြောကြားခဲ့သည်။
ကဒါဖီ၏ မွေးရပ်မြေတွင်ရိုက်ကူးထားသော ဓါတ်ပုံတစ်ပုံကို သူ့နောက်ကျော နံရံတွင်ချိတ်ဆွဲထားပြီး ကဒါဖီအပေါ်သစ္စာရှိနေ သေးကြောင်းပြောဆိုခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။