Monday, August 29, 2011

အမေဇုံ မြေအောက်မြစ် (သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆောင်းပါး)


အမေဇုံသစ်တောရေဝေဒေသကြီး၏ မြေအောက်ပိုင်းတွင် ကီလိုမီတာ ၆,၀၀၀ ခန့်ရှည်လျားသော မြေအောက်မြစ်ကြီးတစ်စင်း စီးဆင်းလျက်ရှိကြောင်း ဘရာဇီးသိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်သည်ဟု ကြေငြာခဲ့သည်။

သို့သော် အခြားသုတေသီ များကမူ မြေအောက် ကျောက်ကြိုကျောက်ကြားတွင် ရေအနည်းငယ် မျှသာ စီးဆင်းနေခြင်း ဖြစ်သည်ဟု ဆိုသည်။

အမေဇုံသည် သတ္တဝါမျိုးစိတ်များ အများအပြား ရှင်သန်နေထိုင်နေခြင်း၊ လှပခြင်းတို့ကြောင့် ကျော်ကြားသည်။ အမေဇုံဒေသ၏ ဟမ်ဇာမြစ်အောက်တွင် မြေအောက်မြစ်တစ်စင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဘရာဇီးအမျိုးသား သုတေသန ဌာနကြီးက လွန်ခဲ့သော အပတ်က ကျင်းပခဲ့သည့် ညီလာခံတွင် ကြေငြာခဲ့သည်။ သို့သော် အခြားသော သုတေသီများက ၎င်းတို့သည် အမေဇုံ ဒေသ၏ တစ်စိတ်တစ်ပိုင်းမျှကိုသာ တွေ့ရှိခဲ့ခြင်းဖြစ်မည်ဟု ထင်မြင်ယူဆကြသည်။

၁၉၇၀ နှင့် ၁၉၈၀ ခုနှစ်များအတွင်း ဘရာဇီးနိုင်ငံပိုင် ပက်ထရိုဘရာ့စ်ရေနံတွင်းကုမ္ပဏီမှ တူးဖေါ်ခဲ့သော တွင်းဟောင်း ၂၄၁ တွင်းမှ အပူချိန်ကွာ ခြားမှု အချက်အလက်မှတ်တမ်းများကို စုဆောင်း၍ မြေအောက်မြစ်တည်ရှိရာ နေရာကို အဲလိဇဘက်တာဗာရက်စ်နှင့် ဗာလီယာ ဟမ်ဇာတို့က တင်ပြခဲ့သည်။

အကယ်၍ ယင်းမြစ်သည် မြေအောက် ၂ ကီလိုမီတာနှင့် ၄ ကီလိုမီတာကြားရှိပြီး သိပ္ပံပညာရှင်များ ထင်သလောက်ကြီးမားနေ မည်ဆိုပါက ကမ္ဘာ့အရှည်လျားဆုံး မြေအောက်မြစ်တစ်စင်း ဖြစ်ပေလိမ့်မည်ဟု ပြောကြားခဲ့ပြီး
“သိပ္ပံပညာရှုထောင့်က ကြည့်မယ်ဆိုရင် အလွန်စိတ်ဝင်စားဖို့ကောင်းပါတယ်။” အမေဇုံဒေသကို ၁၂ နှစ်ခန့်
လေ့လာနေခဲ့သော အမေရိကန် အခြေစိုက် ဝုဒ်ဟိုးလ် သုတေသနဌာန အမေဇုံ လေ့လာရေး အစီအစဉ် ဦးဆောင်သူ မိုက်ကယ်ကိုးက ပြောသည်။

“ကျွန်တော်တို့ မြင်နေရတာက အပေါ်ယံလေးပါ။ ”
အရွယ်အစား ကြီးမားသော်လည်း မြေအောက်တွင် စီးဆင်းနေသော ရေပမာဏမှာ အမေဇုံတောအတွင်း စီးဆင်းနေသော ရေပမာဏနှင့် နှိုင်းလျင် သုံးရာခိုင်နှုန်းမျှပင် မရှိဟု ကိုးက ပြောသည်။
“မြေအောက်မြစ်ဆိုတာ ပိုက်လုံးထဲမှာ စီးနေတဲ့ ပုံစံမျိုး မဟုတ်ဘူး ။ ကျောက်ကြိုကျောက်ကြားမှာ စီးနေတာ။ ပင်မရေကြောကတော့ မြေပေါ်ကရေ အရင်းအမြစ်ပါပဲ။”

အမေဇုံနှင့်ပတ်သက်ပြီး စာအုပ် ရေးသားထုတ်ဝေခဲ့သော ပက်ထရိုဘရာ့စ် ရေနံကုမ္ပဏီတွင် အလုပ်လုပ်ခဲ့သည့် ဘူမိဗေဒပညာရှင် ဂျော့ဖူဂူရယ်ဒိုအား မြေအောက် ရေကြောကို မြစ်တစ်စင်း အဖြစ် ယူဆရရနိုင်ပါသလား ဟူသော မေးခွန်း မေးမြန်းကြည့်ရာတွင် မဖြစ်နိုင်ကြောင်း ဆို၏။

“သူတို့ပြောနေတာတွေက ကျောက်တုံးတွေရဲ့ အပူချိန်ကွဲပြားခြားနားမှုကို အခြေခံပြီး ပြောနေတာပဲ။ အဲဒါမှားတယ် ဆိုတာထောက်ပြနိုင်တဲ့ အချက်အလက်တွေ ကျွန်တော်တို့မှာရှိပါတယ်။” ဟုဆိုသည်။
ဆက်လက်၍ အချက်အလက်များသည် သိပ္ပံပညာပေါ် အခြေခံထားခြင်းမရှိဟုလည်း ထင်မြင်ကြောင်းဆိုသည်။

ထို့ပြင် ယင်းသို့တွေ့ရှိမှု အစီရင်ခံစာမှာ ညီလာခံတစ်ခုမှ ထွက်ပေါ်လာသော စာတမ်းတစ်ခုဖြစ်ပြီး ပညာရှင်အသီးသီးက ထောက်ခံထား သော အချက်အလက်များဖြင့် စုစည်းတင်ပြထားခြင်းလည်း မရှိကြောင်းဆိုသည်။

“အဓိပ္ပါယ်မရှိပါဘူး။ အပူချိန် မတူညီမှုအပေါ်မှာ အခြေခံပြီး မြေအောက်မြစ်တစ်စင်း ရှိတယ်လို့ ပြောလို့မရပါဘူး။ အပူချိန် မတူညီတာဟာ အခြား အကြောင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။” ဟု သူက တုံ့ပြန်ပြောဆိုလိုက်သည်။

ဟမ်ဇာမြစ်သည် ကြီးမားသောရေထုဖြင့် ဖြည်းညင်းစွာ စီးဆင်းနေသော မြစ်ဖြစ်သည်။ တစ်စက္ကန့်လျှင် ၁၃၃,၀၀၀ ကုဗစင်တီမီတာနှုန်းဖြင့် စီးဆင်းလျက်ရှိသည်။ ရေအောက်မြစ် စီးဆင်းမှုပမာဏမှာ တစ်စက္ကန့်လျှင် ၃,၉၀၀ ကုဗစင်တီမီတာ သာရှိ သည်။

အမေဇုံတော၏ ကျယ်ပြန့်မှုသည် တစ် ကီလိုမီတာ မှ ၁၀၀ ကီလိုမီတာ အထိကျယ်ဝန်းသည်။ ဟမ်ဇာမြစ်သည် ထို့ထက်ပို ကျယ်ဝန်းသည်။ ၂၀၀ ကီလိုမီတာမှ ၄၀၀ ကီလိုမီတာအထိ ကျယ်ဝန်းလေသည်။ သို့သော် မြစ်၏ အကျယ်အဝန်းဟု ဆိုရာဝယ် စီးဆင်းနေသော အပိုင်းများကိုသာ ထည့်တွက်ထားခြင်း မဟုတ်ကြောင်း ဖူဂူရယ်ဒို ကပြောသည်။

“ကီလိုမီတာ ၆,၀၀၀ အရှည်ဆိုတာ တောင်အမေရိကရဲ့ အကျယ်နီးပါးရှိပါတယ်။” သူက အယ်လ်ဂျာဇီယာနှင့် မေးမြန်း ခန်းတွင်ပြောပြခဲ့သည်။

တိုက်ကြီးတစ်ခုလုံး၏ အောက်ခြေ ကျောက်သား ဖွဲ့စည်းမှုမှာ မြေအောက် မြစ်တစ်စင်း အဆက်မပြတ် စီးဆင်း နိုင်ဖို့ရာ ကောင်းမွန်ချောမွေ့သော လမ်းကြောင်းတစ်ခု ဆက်တိုက် မရှိနိုင်ကြောင်း ဆိုသည်။ ထို့ကြောင့် မြေအောက်ရေများကို မြစ်တစ်စင်းအဖြစ် မသတ်မှတ်နိုင်ကြောင်း သူကဆို၏။

ဂေဟဗေဒ စနစ်ဆက်စပ်မှုနှင့် မြေအောက်ရေတွေ့ရှိမှု ဆက်စပ်ပုံတို့ကိုလည်း သိပ္ပံပညာရှင်များ အတိအကျ မသိသေးပေ။

“ကမ်းခြေဒေသတွေမှာ ဆားဓါတ် ပါဝင်မှု နည်းပါးသွားစေလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အတိအကျတော့ မပြောနိုင် ပါဘူး။” ဟု ကိုး ကပြောသည်။ အကယ်၍ မြေအောက်ရေသည် ရေချိုဖြစ်ပါက ကမ်းခြေဒေသများတွင် လမုလတာ ပင်များမှ သည် ရွှံ့နုန်းမြေ များအထိ ဂေဟစံနစ်အပေါ် သက်ရောက်မှု ရှိနိုင်ကြောင်း သိပ္ပံပညာရှင်အချို့က သုံးသပ်သည်။ သို့သော် ရေချိုအနေ နှင့် ဤမျှ မြေအောက်အနက်တွင် မတည်ရှိနိုင်ကြောင်း ဖူဂူရယ်ဒိုက ငြင်းသည်။

ဤမျှ မြေအောက်အနက်ရှိ ရေထဲတွင် ဘက်တီးရီးယား ပိုးမွှားများနှင့် အခြား အဆင့်နိမ့် ပိုးမွှားများသာ ရှင်သန်နိုင်မည်ဟု ကိုးက ပြောသည်။

မြေအောက်ရေ ရှာဖွေတွေ့ရှိမှုသည် အမှန်တကယ် ဖြစ်သည်ဆိုလျှင် အခြား အရင်းအမြစ်များလည်း ရှိနေနိုင်သေးကြောင်း ဘရာဇီး ဂရင်းပိစ်အဖွဲ့ဝင် ရာဖေးလ်ခရုစ်ကပြောသည်။


“ကျွန်တော်တို့အတွက်တော့ အမေဇုံတောကြီးဟာ အရမ်းအဖိုးတန်ပြီး ထိန်းသိမ်းစောင့်ရှောက်ရမယ့် ကိစ္စဖြစ်ပါတယ်။ သိပ္ပံပညာရှင် အသိုင်းအဝန်းကလည်း အသစ်ရှာဖွေတွေ့ရှိမှုတွေကို ထုတ်ဖေါ်တင်ပြသလို ထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စတွေ အတွက်လည်း အကြီးအကျယ်ဆွေးနွေးရမှာဖြစ်ပါတယ်။” ဟု အယ်လ်ဂျာဇီယာသတင်းဌာနသို့ ပြောပြခဲ့လေသည်။

Source: Al Jazeera




0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။