Tuesday, August 30, 2011

ကဒါဖီမိသားစု အယ်လ်ဂျီးရီးယားသို့ ထွက်ပြေး


လစ်ဗျားခေါင်းဆောင်ဟောင်း မွမ်မာဂဒါဖီ၏ ဒုတိယမြောက်ဇနီး၊ သားနှစ်ယောက်နှင့် သမီးတို့ အယ်လ်ဂျီးရီးယားသို့ဝင်ရောက် လာကြကြောင်း အယ်လ်ဂျီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
“မွမ်မာကဒါဖီရဲ့ ဇနီးဆာဖီယာ၊ သမီးဖြစ်သူ အိုင်ရှာနဲ့ သားတွေဖြစ်တဲ့ ဟန်နီဘယ်နဲ့ မိုဟာမက်တို့ သူတို့သားသမီးတွေ နဲ့အတူ အယ်လ်ဂျီးရီးယား-လစ်ဗျားနယ်စပ်ကို ဖြတ်ကျော်ပြီးတော့ ဒေသစံတော်ချိန် မနက် ၈ နာရီ ၄၅ မှာ အယ်လ်ဂျီးရီးယားကို ဝင်ရောက်လာခဲ့ကြပါတယ်။” ဟု အယ်လ်ဂျီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာချက်ကို APS သတင်းဌာနက တနင်္လာနေ့က ဖေါ်ပြခဲ့သည်။
သို့သော် လွန်ခဲ့သောအပတ်က မြို့တော်ထရီပိုလီကို သူပုန်တပ်များကသိမ်းပိုက်လိုက်ပြီးနောက်ပိုင်း ယခုအချိန်အထိ ကဒါဖီ မည်သည့်နေရာတွင် ရှိကြောင်း မသိရသေးပေ။

သူတို့အယ်လ်ဂျီးရီးယားနိုင်ငံတွင်းသို့ဝင်ရောက်လာခြင်းကို ကုလသမဂ္ဂနှင့် လစ်ဗျားအသွင်ကူးပြောင်းရေး အမျိုးသားကောင်စီ (NTC) ခေါင်းဆောင်တို့ထံသို့ သတင်းပေးပို့ထားပြီးဖြစ်ကြောင်း အယ်လ်ဂျီးရီးယားက ဆိုသည်။ NTC ကို ယခုအခါ နိုင်ငံတော် တော်များများက တရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုထားပြီးဖြစ်သည်။
သို့သော် NTC ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အယ်လ်ဂျီးရီးယားကို စွက်ဖက်မှုအဖြစ်စွပ်စွဲလိုက်ပြီး ကဒါဖီမိသားစုဝင်များကို ပြန်လည်လွှဲပြောင်းပေးရေးဆောင်ရွက်သွားမည်ဟု ဆိုလိုက်သည်။ အယ်လ်ဂျီးရီးယားသည် လစ်ဗျားနိုင်ငံအနောက်ဘက်တွင် တည်ရှိသော အိမ်နီးချင်းနိုင်ငံဖြစ်သည်။ NTC ၏ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ အာမက်ဘာနီ ကလည်း အယ်လ်ဂျီးရီးယားက ကဒါဖီမိသားစုဝင် များကို လက်ခံထားခြင်းအပေါ်အံ့သြမိကြောင်း ဆိုသည်။

၆ လကြာ လူထုအုံကြွမှုနှင့် ပြည်တွင်းစစ်အတွင်း လစ်ဗျားတော်လှန်ရေးကို ဖြိုခွင်းနိုင်ရေးအတွက် အယ်လ်ဂျီးရီးယားက ကြေးစားစစ်သားများအကူ အညီပေးခဲ့ကြောင်း NTC ကစွပ်စွဲထားသည်။

“လွန်ခဲ့တဲ့ရက်အနည်းက ကဒါဖီမိသားစုတွေထွက်ခွါသွားပြီဖြစ်ကြောင်း၊ ကဒါဖီလည်းထွက်ခွါသွားနိုင်ဖွယ်ရှိကြောင်း သတင်းတွေထွက်ပေါ်လာခဲ့ပါသေးတယ်။”
“အယ်လ်ဂျီးရီးယားအစိုးရက ကဒါဖီနဲ့ မဟာမိတ်တွေဖြစ်ပါတယ်။ ပြီးတော့အယ်လ်ဂျီးရီးယားဟာ NTC ကိုအသိအမှတ် မပြုတဲ့နိုင်ငံအချို့တွေထဲက တစ်နိုင်ငံဖြစ်ပါတယ။်” ဟု အယ်လ်ဂျာဇီယာသတင်းထောက် အန္နီတာမက်နော့က ထရီပိုလီမြို့မှ သတင်းပေးပို့ခဲ့သည်။

အစောပိုင်းက အီဂျစ်သတင်းဌာန မီနာမှ လစ်ဗျားအနောက်တောင်ဘက် ဂါဒါမစ်မြို့မှဖြတ်သန်း၍ အယ်လ်ဂျီးရီးယားနိုင်ငံတွင်းသို့ စစ်လက်နက်များတပ်ဆင်ထားသော မာစီးဒီးကားခြောက်စင်းတွင် ကဒါဖီသားများနှင့် အစိုးရထိပ်တန်းအရာရှိများ လိုက်ပါသွား နိုင်ဖွယ်ရှိကြောင်း သတင်းဖေါ်ပြခဲ့သည်။ အယ်လ်ဂျီးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဤသတင်းကို ငြင်းဆိုခဲ့သည်။

ကဒါဖီ၏ နောက်သားတစ်ဦးဖြစ်သော ခါမစ်ကဒါဖီ၏ စစ်တပ်မှ ထရီပိုလီတွင် ဆန္ဒပြခြင်းကြောင့်ဖမ်းဆီးထားသူများကို သတ်ဖြတ်ခဲ့ခြင်းကြောင့် အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး (ICC) တွင် အလိုရှိစာရင်းသွင်း၍ ဝရမ်းထုတ်ခံရနိုင်ကြောင်း တနင်္လာနေ့က ICC ရှေ့နေတစ်ဦးက ရိုက်တာသတင်းဌာနသို့ပြောကြားခဲ့သည်။

ICC သည် ကဒါဖီ၊ သူ့သား ဆာအစ်အယ်လ်-အစ္စလာမ် နှင့် ထောက်လှမ်းရေးအကြီးအကဲ အဗ္ဗဒူလာအယ်လ်-ဆနုဆီတို့ကိုမူ ဖမ်းဝရမ်းထုတ်ပြီးဖြစ်သည်။ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့များက ခါမစ်၏ တပ်ကထရီပိုလီတွင် ဆန္ဒပြမှုကြောင့် ဖမ်းဆီးထား သူများကို သတ်ဖြတ်ပစ်ခဲ့ကြောင်း ပြောကြားခဲ့ပြီးနောက် ICC ရှေ့နေ လူးဝစ်မိုရန်နို-အိုကမ်ပိုက ခါလစ်ကို ဖမ်းဝရမ်းထုတ်မည် ဖြစ်ကြောင်း ပြောသည်။
“ခါမစ်ရဲ့ တပ်က ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ အတွက် ခါမစ်ကို ရုံးတင်သင့်တယ် ဆိုတာ ကျွန်တော်တို့သိပါတယ်။” ဟု ဆိုသည်။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအဖွဲ့တစ်ဖွဲ့ကို လစ်ဗျားသို့စေလွှတ်ပြီးနောက်ထပ်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း မိုရန်နိုက ပြောကြားခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။