Monday, August 8, 2011

တောင်းဆိုမှုများကို ဖြေရှင်းရန် အစ္စရေးဝန်ကြီးချုပ် ကြိုးစား



နေထိုင် စားသောက် စားရိတ်များ ကြီးမားလာပြီး ပြည်သူလူထု၏ မိသားစု ဘဝများ အဆင်မပြေ ဖြစ်လာခြင်းကြောင့် အစ္စရေးလ်နိုင်ငံ သမိုင်းတွင် အကြီးမားဆုံး ဆန္ဒပြမှုအဖြစ် ဆန္ဒပြ စုရုံးနေမှုများ၏ အကြောင်းရင်းကို စုံစမ်းစစ်ဆေး အဖြေရှာနိုင်ရန် ဝန်ကြီးချုပ် ဘင်ယာမင် နေတန်ယာဟုက ကော်မတီ တစ်ရပ် ဖွဲ့စည်းမည် ဖြစ်ကြောင်း ကြေငြာခဲ့သည်။

နေတန်ယာဟုက ယင်းကော်မီတီကို စီးပွားရေး ပညာရှင် မန်နျူရယ်လ်ထရာဂျတန်ဘာ့ဂ် က ဦးဆောင်မည် ဖြစ်ပြီး လူထုလူတန်းစား အလွှာအသီးသီးမှ အဖွဲ့အစည်းများနှင့် ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံ ညှိနှိုင်းသွားမည်ဟု တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

အစ္စရေးလ် ဝန်ကြီးချုပ် နေတန်ယာဟုသည် လွတ်လပ်သော ဈေးကွက် စီးပွားရေးသို့ ပြုပြင် ပြောင်းလဲခဲ့ရာတွင် ကျွမ်းကျင်သောသူ တစ်ဦးဖြစ်သည်။ အပတ်စဉ် ဝန်ကြီးအဖွဲ့ တွေ့ဆုံ ဆွေးနွေးပွဲတွင် လူထု စီးပွား ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်ရန် ကော်မတီဖွဲ့ စည်းမည့် အကြောင်း ကြေငြာ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဓိကကျသည့် အပြောင်းအလဲများ ဆောင်ရွက်သွားမည်ဟု ကြေငြာခဲ့ပြီး လူတစ်ယောက်ချင်းစီ၏ စိတ်ကျေနပ်မှုများကို တော့ဖြည့်ဆည်းပေးနိုင်မည် မဟုတ်ကြောင်း ဆိုသည်။
“လွန်ခဲ့တဲ့ အပတ်တွေထဲမှာ ကြုံတွေ့ခဲ့ရတဲ့ လူထု ဆန္ဒပြပွဲတွေကြောင့် အခက်အခဲ အကြပ်အတည်း ဆိုက်ခဲ့ပါတယ်။”

နေတန်ယာဟု ညွန့်ပေါင်း အစိုးရအနေနှင့် အရေးတကြီး ရင်ဆိုင်ရသည့် ခြိမ်းခြောက်မှုတော့ မဟုတ်ပါ။ “လူထုလူတန်းစား ညီမျှရေး” နှင့် နိုင်ငံတော် လုံခြုံရေး ဟူသော ခေါင်းစဉ်အောက်တွင် အုပ်ချုပ်နေသော အစိုးရပုံစံတို့ကို မကျေနပ်မှုတို့ဖြင့် လူလတ်တန်းစားများ၏ စီးပွားရေး ကျဆင်းလာသည့်အပေါ် လူထုက ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

တစ်လအတွင်းမှာပင် ကျောင်းသား လူငယ် အနည်းစုက တဲများထိုး၍ မကျေနပ်မှုကို ဖေါ်ထုတ် ဆန္ဒပြကြရာမှ နိုင်ငံအဝှမ်း ပျံ့နှံ့သွားခဲ့သည်။

“အစ္စရေးလ်နိုင်ငံ အနှံ့ကို ဒီလှုပ်ရှားမှုက ကူးစက်ပျံ့နှံ့နေပါပြီ။ ဒီလူတွေ ဘာကြောင့် ဆန္ဒပြနေရသလဲလို့ မေးရင် လူလတ်တန်းစား အလွှာဆိုတာ တဖြည်းဖြည်း ပျောက်ကွယ်လာလို့ ဖြစ်တယ်လို့ သူတို့ ပြောပါလိမ့်မယ်။” အယ်လ်ဂျာဇီယာ သတင်းထောက် ကောလ်ပါရီက တယ်လ်အဗစ်မြို့လယ်ခေါင် တဲများကြားမှ သတင်းပေးပို့ခဲ့သည်။

ဆန္ဒပြခေါင်းဆောင်ဖြစ်သူ အစ်ဇစ်ရှမူလီကို နေတန်ယာဟုက တွေ့ဆုံ ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည်။ သို့သော် သူက အစ္စရေးလ် ရေဒီယိုနှင့် တွေ့ဆုံခန်းတွင် “သုံးလလောက် ဝိုင်းကြီး ပတ်ပတ် ဒူဝေဝေ လုပ် အချိန်ဆွဲပြီးတော့ နောက်ဆုံး ဘာမှ အဖြေမထွက်တဲ့ တွေ့ဆုံဆွေးနွေးမှုမျိုး ဖြစ်လာရင် ဘယ်လိုလုပ်မလဲ။ ကျွန်တော် အဲဒီလို မဖြစ်ချင်ပါဘူး။” ဟု ဆို၏။

အစ္စရေးတွင် ငြိမ်းချမ်းသော ဆန္ဒပြမှုမျိုးများသာ ဖြစ်ပေါ်ခဲ့ဖူးပြီး ဆန္ဒပြမှုများသည် အကြမ်းဖက်မှုများအသွင် ဆောင်မလာဖူးကြောင်း ဝန်ကြီးချုပ် နေတန်ယာဟု၏ ပြောခွင့်ရှိသူ မာ့ခ်ရီဂက်ဗ် က ပြောသည်။
“ဒီဆန္ဒပြပွဲမှာ ထူးခြားတာက လူစုလူဝေး အရင်ကထက် များတာပဲ ရှိပါတယ်။ ကျန်တာကတော့ ထုံးစံအတိုင်းပါပဲ။ ကျွန်တော်တို့ကလည်း အလေးအနက် ထားပါတယ်။ ဆန္ဒပြသူတွေ တောင်းဆိုတဲ့ အချက်တွေကို ကျွန်တော်တို့ အလေးအနက်ထား စဉ်းစားပြီးတော့ အိမ်ခြံမြေဈေးတွေ၊ စားသုံးကုန်တွေ အဆမတန်ဈေးနှုန်းကြီးမြင့်နေတဲ့အပေါ် ဖြေရှင်းပေးနိုင်ဖို့ စဉ်းစား နေပါတယ်။”
“အစ္စရေးလ်မှာလည်း လက်ဝါးကြီးအုပ်မောင်ပိုင်စီးထားတဲ့ စီးပွားရေးလုပ်ငန်းတွေ အများကြီှးရှိနေတဲ့အတွက် ဈေးကွက်ကို အပြိုင်အဆိုင် ပုံစံဖေါ်ဆောင်ပြီး ဈေးနှုန်းတွေ လျော့ကျသွားအောင် အစိုးရက လုပ်ပါမယ်။”
မာ့ခ်ရီဂတ်ဗ် ကပြောပြသွားခြင်း ဖြစ်သည်။

လူပေါင်းသိန်းနှင့်ချီ၍ မြို့များရှိ လမ်းမများပေါ်သို့ ထွက်လာကြပြီး ဆန္ဒပြခဲ့ကြသည်။ စုစုပေါင်း နိုင်ငံတစ်ဝှမ်း လူလတ်တန်းစား ၃၀၀,၀၀၀ ခန့် ဆန္ဒပြခဲ့ကြသည်။

ဗဟိုချုပ်ကိုင်မှုစံနစ်များစွာကို ပြုပြင်ပြောင်းလဲပေးသွားမည်ဟု နေတန်ယာဟု ကပြောကြားခဲ့သည်။


0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။