Friday, August 5, 2011

ကမ္ဘာမြေကို ဘယ်လို ထိန်းသိမ်းကြမှာလဲ



သဘာဝတရားကို ကာကွယ်ဖို့ ကြိုးစားနေပေမယ့်လည်း ကျွန်ုပ်တို့လူသားများ အသက်ရှင် ရပ်တည်ရေး အတွက် အထောက်အပံ့ပေး နေသော ကမ္ဘာမြေဇီဝ စံနစ်များကိုမူ ကာကွယ်နိုင်မည်မထင်ချေ။ ကမ္ဘာပေါ်ရှိ သက်ရှိ အထောက်အပံ့ပြု အပင်များ ၊ တိရစ္ဆာန်များ၊ အခြားမျိုး စိတ်များ စသည်တို့ကို ယခင်ကထက် ဆယ်ဆခန့် တိုး၍ ထိန်းသိမ်း စောင့်ရှောက်မှုများ ပြုနေပေမယ့် လူဦးရေ အဆမတန်တိုး ပွားလာခြင်း၊ စားသုံးမှုများ ကြီးမားလာခြင်း နှင့် အရင်းအမြစ်များ ရှားပါးလာခြင်း စသည့် ၂၁ ရာစုပြဿနာကြီးများကို ဖြေရှင်းနိုင်ရန် လုံလောက်သော အချက်များတော့ မဟုတ်သေးပေ။

ယင်းပြဿနာကြီးများကို မဖြေရှင်းနိုင်လျှင် ၂၀၅၀ ခန့်တွင် လူသားများအတွက် ယခုကဲ့သို့ကမ္ဘာမျိုး အလုံးပေါင်း ၂၇ လုံးလောက် ရှိမှဖြစ်နိုင်မည်ဟု ပညာရှင်များဆိုပါတယ်။
၁၉၈၀ ခုနှစ်များ ကတည်းက ကုန်းမြေနှင့် ပင်လယ်ပြင်များတွင် ထိန်းသိမ်းကာကွယ်ထားသော ဧရိယာအကျယ်အဝန်းများ တိုးပွားလာနေလျှက် ရှိပြီး ယခုအခါ စုစုပေါင်း နေရာပေါင်း ၁၀၀,၀၀၀ ကျော်ရှိပြီး အကျယ်အဝန်းအားဖြင့် မြေပေါ်တွင် မိုင်ပေါင်း ၁၇ သန်းစတုရန်း ဧရိယာ နှင့်ပင်လယ်သမုဒ္ဒရာများထဲတွင် ၂ သန်း စတုရန်းဧရိယာရှိနေပြီဖြစ်ကြောင်း အသစ်လေ့လာတွေ့ရှိချက် များကို လေ့လာတင်ပြထားသော စာတမ်းတွင် ကြာသပတေးနေ့က ဖေါ်ပြထားတယ်။

ယင်းကိန်းဂဏန်းများကို ကြည့်၍ စိတ်အတန်ငယ်သက်သာဖွယ်ရာဖြစ်သော်လည်း၊ ဘေးမဲ့တောများ၊ သဘာဝသစ်တောဥယျာဉ် စောင့်ရှောက်မှုများ တိုးတက်နေသည့်ကြားကပင် သတ္တဝါများမျိုးတုန်းပျောက်ကွယ်လာနေသည့်နှုန်းမှာ ယခင်ကထက်ပင် ပို၍ မြန်ဆန်လာနေသည်ဖြစ်ကြောင်း ကြာသပတေးနေ့က ထုတ်ဝေခဲ့သော အဏ္ဏဝါဂေဟဗေဒတိုးတက်ရေး ဂျာနယ် တွင် ရေးသား ဖေါ်ပြခဲ့ပါတယ်။
“ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ နယ်မြေတွေက သတ္တဝါမျိုးစိတ်တွေ၊ မျိုးကွဲတွေ မျိုးတုန်းပျောက်ကွယ်နေမှုတွေကို ကျဆင်းသွားအောင်၊ နှေးကွေးသွားအောင် ကျွန်တော်တို့ မလုပ်နိုင်တာ အံ့သြပါရဲ့။” စာတမ်းရေးသားသူ မာနိုအာရှိ ဟာဝိုင်အီ တက္ကသိုလ်မှ ကမ္မီလိုမိုရာက ရေးသားထားပါတယ်။
“လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်ကရှိနေခဲ့တဲ့ မျိုးစိတ်တွေ၊ သတ္တဝါတွေ အခုတော့ အတော်ကြီးကို ရှားပါးသွားပြီ ဆိုတာ တအံ့တသြသိလိုက်ရပြန်ပါတယ်။” မိုရာက ပြောပါတယ်။

သတ္တဝါမျိုးစိတ်များနှင့် မျိုးကွဲများပျောက်ကွယ်ကျဆင်းလာနေမှုများကို ကာကွယ်ဖို့သတ်မှတ်ထားသော သဘာဝထိန်းသိမ်း စောင့်ရှောက်ခံနယ်မြေများရှိ အခြေအနေများများမှာလက်တွေ့နှင့်ကွာခြားနေခဲ့သည်မှာ အချိန်ကာလအတော်ကြာမြင့်ပြီဖြစ် ကြောင်း၊ အမှန်တကယ်တွင် စာရွက်ပေါ်တွင်သာ စာရင်းရှိပြီး၊ စာရွက်ပေါ်တွင်သာ ထိန်းသိမ်းစောင့်ရှောက် ထားခြင်းဖြစ်ကြောင်း၊ အများအပြားမျာ စာရွက်ပေါ်မှ သဘာဝဥယျာဉ်များသာဖြစ်ပြီး ပင်လယ်တွင်း ထိန်းသိမ်းစောင့်ရှောက်ထား သော သဘာဝကျွန်းများ၏ ၇၀ ရာခိုင်နှုန်းမှာလည်း စာရွက်ပေါ်တွင်သာ ရှိကြောင်း မိုရာက ပြောပါတယ်။

ဒါ့အပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ခံ နယ်မြေများအတွက် အသုံးပြုသောငွေကြေးမှာ တစ်နှစ်လျှင် ဒေါ်လာ ၆ ဘီလီယံရှိပြီး နယ်မြေအများစုအတွက် ငွေကြေးလုံလောက်မှုမရှိကြောင်း ဆိုတယ်။ လက်ရှိထိန်းသိမ်းထားသောနယ်မြေများ အတွက် ကောင်းစွာထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ဆိုလျှင် တစ်နှစ်လျှင် ဒေါ်လာ ၂၄ ဘီလီယံအသုံးပြုရမယ်လို့ပြောပါတယ်။


“သက်ရှိမျိုးစိတ်တွေ ဆိတ်သုဉ်းလာမှုနဲ့ နောက်ဆက်တွဲလူတွေအပေါ်အကျိုးသက်ရောက်မှုတွေဟာ စိန်ခေါ်မှုတွေ ကြီးမားနေပြီးတော့ အဲဒီအတွက် အသုံးစားရိတ်တွေ အရေးတကြီးလိုအပ်နေပါတယ်။” စာတမ်းကို ပူးတွဲရေးသားသူ ပီတာဆေးလ် ကဆိုတယ်။ ပီတာဆေးလ်က အဏ္ဏဝါဇီဝဗေဒပညာရှင်နှင့် ရေ၊ သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာ ကုလသမဂ္ဂတက္ကသိုလ်အဖွဲ့၏ လက်ထောက်ဒါရိုက်တာတစ်ဦးဖြစ်ပါတယ်။
“သက်ရှိမျိုးစိတ်တွေပျောက်ကွယ်လာခြင်းတွေကို ကာကွယ်စောင့်ရှောက်ဖို့ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး နယ်မြေတွေ၊ ဥယျာဉ်တွေ လုပ်နေတယ်ဆိုတာ လူတွေကို လွဲမှားတဲ့မျှော်လင့်ချက်တွေ ပေးနေသလိုပါပဲ။” ဟူ၍ပီတာဆေးလ်က ပြောပါတယ်။ စာတမ်းပြုစုသူများက လူသားများရဲ့ ခြိမ်းခြောက်မှုနဲ့ သက်ရှိမျိုးစိတ်များဆုံးရှုံးနေခြင်းအတွက် လက်ရှိစာပေများ နဲ့ မှတ်တမ်းမှတ်ရာများအပေါ်အခြေခံပြုစုထားခြင်းဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ၂၀၁၀ နာဂိုယာသဘောတူညီချက်အရ ဂျပန်နိုင်ငံက ၂၀၂၀ တွင် ကုန်းမြေ ၁၇% နှင့် ပင်လယ်ပြင် ၁၀% ကို ထိန်းသိမ်းစောင့်ရှောက်သွားမည်ဟု သဘောတူညီထားပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပီတာဆေးလ်က “အစားအသောက်နှင့် အခြားအရင်းအမြစ်လိုအပ်ချက်များရှိနေခြင်းကြောင့် ပြောဆိုထားသည့်ပမာဏအတိုင်း ထိန်းသိမ်းစောင့်ရှောက်ရန်မဖြစ်နိုင်ကြောင်း” ဆိုတယ်။
“ပြောတဲ့အတိုင်းလုပ်နိုင်တယ်ဆိုရင်တောင် မျိုးစိတ်ပျောက်ကွယ်မှုတွေ ရပ်တန့်သွားအောင် တားဆီးနိုင်မှာ မဟုတ်ပါဘူး။”

ပြဿနာက သစ်တောတစ်ခုကို ထိန်းသိမ်းလိုက်ပြီဆိုရင် အခြားသစ်တောတစ်ခုက သွားခုတ်မှာဖြစ်ပါတယ်။ ကျွန်းတစ်ကျွန်းကို ထိန်းသိမ်းလိုက်ပြီဆိုရင်လည်း အခြားတစ်နေရာကို ငါးသွားဖမ်းကြမှာပဲ။ နောက်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက် ရေးနယ်မြေတွေသတ်မှတ်ပြီးတော့ ခြံစည်းရိုးခတ်၊ ကျူးကျော်ဝင်ရောက်ဖျက်စီးလို့မရအောင် ကင်းစောင့်နေရုံနဲ့ ညစ်ညမ်းမှုနဲ့ ရာသီဥတု ပြောင်းလဲမှုတွေကို မဖြစ်အောင်တားဆီးလို့မရပါဘူး။ နောက်ဆုံးတော့ ကမ္ဘာမြေရဲ့ အရင်းအမြစ်တွေနဲ့ပတ်သက်ပြီး တော့ ဖြစ်ပေါ်နေတဲ့ပြဿနာတွေ၊ ဖိအားတွေက တစ်စတစ်စပိုကြီးထွားလာနေပြီးတော့ အဖြေနဲ့ပိုဝေးဝေးလာပါပြီ လို့ ပီတာဆေးလ်က ဆက်လက်ရှင်းပြခဲ့ပါတယ်။

သက်ရှိမျိုးစိတ်တွေ၊ မျိုးကွဲတွေ ပျောက်ကွယ်ဆုံးရှုံးနေရခြင်းကသာ လူသားတွေကမ္ဘာပေါ်မှာ အသက်ရှင်ရပ်တည်ရေးကို ခြိမ်း ခြောက်နေတဲ့ အဓိကပြဿနာဖြစ်ပါတယ်။ လူတွေအတွက် အစားအစာမှအစ သန့်ရှင်းတဲ့ ရေ၊ လေအဆုံး၊ အပန်းဖြေခြင်း၊ ခရီးသွားခြင်းတွေအပါအဝင် သတ္တဒြပ်စင်တွေမှအစ တိုးတက်တဲ့လူ့အဖွဲ့အစည်းဖြစ်ပေါ်လာခြင်းတွေအားလုံးကို ပေးနေတဲ့ အရင်းအမြစ်တွေဖြစ်တယ် လို့ မိုရာက ပြောပါသေးတယ်။
“ပြဿနာပေါင်းစုံကို ရင်ဆိုင်နေရတာပါ။ ပြဿနရဲ့အဓိကျတဲ့အပိုင်းတွေကို ဖြေရှင်းနိုင်ဖို့အတွက် အဓိကကျတဲ့ အပြောင်း အလဲတစ်ခုလုပ်ဖို့လိုအပ်နေပါပြီ။”

လူသားတွေနယ်ပယ်ချဲ့ထွင်နေတာကြောင့် အခြားသက်ရှိမျိုးစိတ်တွေပျောက်ကွယ်သွားရခြင်း ဖြစ်ပါတယ်။ ၁၉၈၅ တုန်းက ကမ္ဘာ့လူဦးရေ ငါးဘီလီယံရှိခဲ့ပြီး အဲဒီအချိန်ကတည်းက လူသားတွေထုတ်ယူသုံးစွဲနေတဲ့ အရင်းအမြစ်ပမာဏက ကမ္ဘာမြေက ပေးနိုင်တာထက် ပိုပြီးများနေတယ်လို့ တွက်ချက်မှုအားလုံးကို ခြုံငုံသုံးသပ်ပြီးတော့ မိုရာက ပြောပါတယ်။

အခုဆို လူဦးရေ ၇ ဘီလီယံဖြစ်လာတဲ့အတွက် အရင်းအမြစ်သုံးစွဲမှုတွေက တရားလွန်ဖြစ်နေပြီး ကမ္ဘာမြေကြီးက မနိုင်ဝန်ထမ်း ထားရပါတယ်။ ဒီနှုန်းအတိုင်းသွားနေရင်၂၀၅၀ လောက်ဆိုရင် လူဦးရေ ၁၀ ဘီလီယံဖြစ်လာမယ်။ စားသောက်နေထိုင်မှုပုံစံတွေ ကလည်းပြောင်းလဲသွားမှာမဟုတ်ဘူး။ အရင်းအမြစ်ထုတ်ယူသုံးစွဲမှုတွေကလည်း လျှော့ပါးမသွားတဲ့အပြင်ပိုလို့တောင်တိုးလာ ဦး မယ့် အခြေအနေဆိုတော့ မြေကမ္ဘာပေါင်း ၂၇ လုံးလောက်ရှိမှ ဖြစ်မယ်လို့ စာတမ်းကတွက်ချက်ပြထားပါတယ်။

လက်ရှိကမ္ဘာ့လူဦးရေ သန်း ၇ ထောင်ဟာ နေထိုင်မှုပုံစံတွေ အကြီးအကျယ်ပြောင်းလဲပစ်မှ ရမယ်။ လက်ရှိကမ္ဘာပေါ်ကလူတွေရဲ့ သဘာဝပတ်ဝန်းကျင်အပေါ်ကျူးကျော်ဝင်ရောက်နေမှုတွေကို ကြည့်ရင် အမေရိကန်ပြည်ထောင်စုက လူတစ်ဦးချင်းစီက ပျမ်းမျှ ၁၀ ဟက်တာရှိပြီး ဟေတီက ၁ ဟက်တာတောင်မရှိပါဘူး။ လူတစ်ယောက်ကို ပျမ်းမျှ ၂ ဟက်တာပဲသုံးမယ်ဆိုရင် ကမ္ဘာမြေရဲ့ သဘာဝအရင်းအမြစ်တွေက လုံလောက်ပါတယ် လို့ မိုရာကပြောပါတယ်။

လူတွေပိုများလာလေ အရင်းအမြစ်ခွဲတမ်းတွေ လျော့နည်းသွားလေပဲဆိုတာ ရှင်းပါတယ်။ ဒါကြောင့် လူဦးရေထိန်းသိမ်းတဲ့အနေ နဲ့ မိန်းမတစ်ယောက်ကို ကလေးတစ်ယောက်နှုန်းပဲရှိသင့်တယ်လို့ သူကပြောပါတယ်။
“ကျွန်တော်က ကိုလံဘီယာကပါ။ အချို့ချမ်းသာတဲ့အစိုးရတွေက ကလေးများများမွေးချင်လာအောင် ကလေး တစ်ယောက် မွေးရင်ထောက်ပံ့ကြေးဘယ်လောက် ပေးမယ်ဆိုတဲ့ နည်းနဲ့လူဦးရေများလာအောင်လုပ်နေတာ ကျွန်တော်စိတ်ဆိုး တယ်။”

နေထိုင်စားသောက်မှုပုံစံတွေအကြီးအကျယ်ပြောင်းလဲပစ်မှရမယ်ဆိုတဲ့ အပေါ် လူတိုင်းကလည်းပဲစိတ်ဝင်စားမှု မရှိကြပါဘူး လို့ ပီတာဆေးလ်က ပြောပါတယ်။
“သဘာဝပတ်ဝန်းကျင်၊ မြေကမ္ဘာ၊ သတ္တဝါမျိုးစိတ်၊ အရင်းအမြစ် စတာတွေအပေါ် လူတွေက အတော်ကို အာရုံစိုက်မှု မရှိကြပါဘူး။ လူသားတွေအတွက် အပြောင်းအလဲ ကြီးကြီးမားမားလုပ်ဖို့ ဘာလိုနေလဲ။” ပီတာဆေးလ်ပြောသွားတာ တွေပါ။
“ဒါပေမယ့် ဖြစ်လာအောင် လုပ်ရမယ့်လိုအပ်တဲ့ နည်းလမ်းတော့ ကျွန်တော်တို့ ရှာတွေ့မှာပါ။ ”

Source: Inter Press Service news agency

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။