Thursday, August 11, 2011

ဂျပန်အမျိုးသမီးဘောလုံးအသင်း လူထုဂုဏ်ဆောင်ဆုရ

ကမ္ဘာ့ဖလား အောင်ပွဲရ ဂျပန်အမျိုးသမီး လက်ရွေးစင်အသင်း

သမိုင်းဝင် အောင်ပွဲတစ်ခုအဖြစ် အမျိုးသမီး ကမ္ဘာ့ဖလားတွင် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သော ဂျပန်အမျိုးသမီး ဘောလုံးအသင်းကို လူထုဂုဏ်ဆောင်ဆု ချီးမြှင့်မည် ဖြစ်ကြောင်း အစိုးရက တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

ဒီဆုကို အုပ်စုလိုက်အဖြစ် ပထမဦးဆုံး အနေနဲ့ လက်ခံရရှိကြရမှာ ဖြစ်ပြီး အသင်းသား (၁၉) ဦး ပါဝင်ပါတယ်။ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဝန်ကြီးရုံး အတွင်းရေးမှူးချုပ် ယူကီအိုအီဒါနိုက အင်္ဂါနေ့မှာ ဝန်ကြီးရုံးကို အစီရင်ခံစာ တင်သွင်းမှာ ဖြစ်ပါတယ်။ ပြီးတော့မှ သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး တရားဝင် ကြေငြာပါမယ်။

ပြီးခဲ့တဲ့လက ဂျပန်အမျိုးသမီး လက်ရွေးစင် ဘောလုံးအသင်းက အမေရိကန် အမျိုးသမီး လက်ရွေးစင်အသင်းကို ကမ္ဘာ့ဖလား နောက်ဆုံး ဗိုလ်လုပွဲမှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့ဖလားသမိုင်းမှာ ဂျပန်က ပထမဦးဆုံး အကြိမ် ဗိုလ်စွဲခြင်းဖြစ်ပြီး ဂျပန်အမျိုးသမီး လက်ရွေးစင် အသင်းကို ဂျပန်ပရိတ်သတ်များက ချစ်စနိုးနဲ့ “နာဒက်စ်ရှီကို” လို့ ခေါ်ကြပါတယ်။

အဓိပ္ပါယ်ကတော့ ဂျပန်လူမျိုးတို့ ဓလေ့အရ ဂုဏ်ကျက်သရေရှိမှု၊ လှပတင့်တယ်မှု၊ မိန်းမပီသမှုတို့ကို ကိုယ်စားပြုတဲ့ တောင်ပေါ် အရိုင်းပန်း တစ်မျိုးရဲ့ အမည်ဖြစ်ပြီး “လုံမလေးများ” လို့ မြန်မာလို ဘာသာပြန်ရမယ် ထင်ပါတယ်။

ဂျပန် လူမျိုးများအတွက် ဝမ်းမြောက် ပျော်ရွှင်မှုနဲ့ တစ်စုံတစ်ရာ မျှော်လင့်ချက်ကို ယူဆောင်ပေး နိုင်ခဲ့တဲ့အတွက် သူတို့ကို ဒီ ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ရတာဖြစ်ကြောင်း ဇူလိုင်လ ၁၅ ရက်နေ့က အီဒါနိုက ပြောကြားခဲ့ပါတယ်။

မတ်လ ၁၁ ရက်နေ့ ငလျင်နဲ့ ဆူနာမီ ဒဏ်ခံခဲ့ရပြီး ဖူကူရှီးမား နျူကလီးယား စက်ရုံ ယိုစိမ့်မှုတွေကြောင့် အလူးအလဲ ခံနေရတဲ့ ဂျပန် နိုင်ငံမှာ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေနဲ့ နပမ်းလုံးနေရတဲ့ အချိန် အောင်မြင်မှုကို ဆောင်ကြဉ်းပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ အင်မတန်မှ ကြီးကျယ် ခန်းနားတဲ့ ဆုတစ်ခုဖြစ်ပြီး ၁၉၇၇ ခုကတည်းက စတင်ပေးခဲ့တာ ဖြစ်ပါတယ်။ အရင်က နာမည်ကျော် ဘေ့စ်ဘော ကစားသမား ဆာဒါဟာရူအိုး နဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ အဆိုတော် ဟီဘာရီမီဆိုရာ တို့အပါအဝင် ၁၈ ဦး ရရှိခဲ့ဖူးပြီး ဖြစ်ပါတယ်။


Source: Japanese Media

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။