Tuesday, August 30, 2011

သီရိလင်္ကာ ပြည်တွင်းစစ်အလွန် (ငြိမ်းချမ်းရေးဆောင်းပါး)


 

 လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခံရတဲ့ အတွက် မန်နိုတို့ တမီလ်သူပုန်ရဲဘော်တွေ ကျဆုံးကုန်တယ်။ မန်နို တစ်ယောက်တည်းပဲ ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ အလောင်းတွေကြား သဲပြင်ပေါ်မှာ ၆ ရက်လောက် အားပြတ်ပြီးတော့ လှဲနေခဲ့ရတယ်။ နောက်ဆုံး သူ့လည်ပင်းမှာ ဆွဲထားတဲ့ ဆိုင်ယာနိုက် အဆိပ်ကို သောက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေမလို့ လုပ်နေတုန်းမှာပဲ အဖွားကြီးတစ် ယောက်ပြေးလာပြီး သူ့ကိုရေတိုက်တဲ့အတွက် သူအသက်ဆက်ရှင်ခဲ့တယ်။


“အဲဒီမှာ လူတစ်ယောက်မှ မရှိပါဘူး။ ကျွန်တော်တစ်ယောက်တည်းပဲ နေပူကြီးထဲမှာ လှဲနေရတယ်။” တမီလ်ကျားသူပုန် တွေနဲ့ သီရိလင်္ကာ အစိုးရစစ်တပ်တွေရဲ့ နောက်ဆုံးတိုက်ပွဲ အတွေ့အကြုံကို မန်နိုက ပြန်ပြောပြနေပါတယ်။

“နောက်တော့ မီတာ ၂၀၀ လောက်အကွာမှာ အသံတွေ ကျွန်တော်ကြားတယ်။ စစ်သားတွေ ချီတက်လာနေတာ မြင်ရတယ်။ ပြီးတော့ ကျွန်တော့်ကို သူတို့ ခေါ်သွားတယ်။”

၂၆ နှစ်ကြာ တမီလ်နယ်မြေ လွတ်မြောက်ရေး တိုက်ပွဲတွေ ပြီးဆုံးသွားတဲ့အခါ သီရိလင်္ကာအစိုးရက သူပုန်လို့ သံသယရှိတဲ့ လူပေါင်း ၁၁,၀၀၀ လောက် ဖမ်းဆီးထားခဲ့တယ်။ အချို့တွေလည်း ကိုယ့်ဘာသာကိုယ် အညံ့ခံ အဖမ်းခံခဲ့ကြတယ်။

ဒါပေမယ့် ဘယ်သူမှ ရှေ့နေရှေ့ရပ်တွေနဲ့ တွေ့ဆုံဆွေးနွေးခွင့် မရပါဘူး။ မိသားစုတွေဟာလည်း သူတို့ရဲ့ အဖမ်းခံထားရတဲ့ မိသားစုဝင်တွေ ဘယ်နေရာမှာ ရှိတယ်ဆိုတာ ကိုယ့်ဘာသာကိုယ် လိုက်လံ စုံစမ်းရှာဖွေရပါတယ်။ အဲဒီထဲက သုံးပုံနှစ်ပုံလောက်ကိုတော့ ပြန်လွှတ်ပေးလိုက်ပါပြီ။ ဒါပေမယ့် စစ်တပ်ရဲ့စောင့်ကြည့်မှုအောက်မှာ သာမန်သူလိုငါလို ဘဝမျိုး ပြန်လည် တည်ဆောက်ဖို့တော့ မလွယ်လှပါဘူး။

“တစ်စုံတစ်ခုသော လွတ်ငြိမ်းခွင့်နဲ့ အဆိုးဝါးဆုံး အခြေအနေတွေဖြစ်ဖို့ အလားအလာတွေ ရှိနေဆဲပါ။ အတိတ်ဖြစ်ရပ် တွေကို ပြတ်ပြတ်သားသား မေ့ပျောက်နိုင်ခြင်း မရှိသေးပါဘူး။” လို့ မြို့တော် ကိုလမ်ဘို အခြေစိုက် အမျိုးသား ငြိမ်းချမ်းရေးကောင်စီ အမှုဆောင် ဒါရိုက်တာဖြစ်တဲ့ ဂျီဟန်ပရဲရားက ပြောပါတယ်။

မန်နိုဟာ အစိုးရ ဦးစီးဆောင်ရွက်တဲ့ ပြန်လည် သန်စွမ်းရေး စခန်းမှာ တစ်နှစ်လောက် နေခဲ့ရပြီးတော့ ၂၀၁၀ ဧပြီလမှာ ပြန်လည်လွတ် မြောက်လာပြီး မြောက်ဘက် ဗာဗူနီယာမြို့လေးမှာ မိသားစုနဲ့ အတူတူ ပြန်နေနေပါတယ်။ ပြန်လည် သန်စွမ်းရေး အစီအစဉ်မှာ စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးအားပေးမှုတွေနဲ့ အတူ သက်မွေးမှု ပညာရပ်တွေကိုလည်း သင်ကြားပေးပါတယ်။


အချို့ တမီလ် သူပုန်ဟောင်းတွေကတော့ အစိုးရရဲ့ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတွေမှာ အလုပ်တွေ ရကြပေမယ့် အများစု ကတော့ အတည်တကျ အလုပ်အကိုင်ရဖို့ ခက်ခဲနေတုန်းပဲ။ မန်နိုလည်း ရံဖန်ရံခါတော့ ဆိုင်တစ်ဆိုင်ဆိုင်မှာ အလုပ်ရပေမယ့် အများအားဖြင့်တော့ မိသားစုရဲ့အထောက်အပံ့ကို ယူနေရတုန်း။

အရင်က တမီလ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တဲ့ ဒေသတွေမှာ အစိုးရစစ်တပ်က တောက်လျှောက် စခန်းချထားတယ်။ ဒါကြောင့် အများစု လူတွေက တမီလ်သူပုန်ဟောင်းတွေနဲ့ ပတ်သက်ရမှာ၊ သူတို့မိသားစုတွေနဲ့ ပတ်သက်ရမှာ ကြောက်ကြတယ်။ မြောက်ဘက်ဂျဖီနာကိုသွားတဲ့ A9 လမ်းမကြီးတစ်လျှောက်နဲ့ ဗန်နီတစ်ခွင် ကျေးရွာတွေမှာ စစ်တပ်တွေ နေရာအနှံ့ချထားတယ်။ လူစုလူဝေးလုပ်မယ် ဆိုရင်စစ်တပ်ကို အကြောင်းကြားပြီး ခွင့်ပြုချက်ယူရတယ်။ လူနည်းနည်းလေး စုပြီဆိုရင် စစ်တပ်ကမေးမြန်း စုံစမ်းတာတွေလုပ်တယ်။ ဒီဆောင်းပါးကို ရေးဖို့အတွက် တွေ့ဆုံမေးမြန်းခဲ့တဲ့ လူတွေထဲမှာတောင် အချို့လောက်ပဲ သူတို့ရဲ့ အမည်နာမတွေကို အမှန်အတိုင်း ပြောကြပြီးတော့ လုံခြုံစိတ်ချရတဲ့ အိမ်တစ်အိမ်မှာ တွေ့ဆုံခဲ့ရတယ်။

မာ့ကန်ဒူ အာရူလန်နန်သန်ကတော့ သီရိလင်္ကာ
ပြည်တွင်းစစ်အတွင်းမှာ နေရာအနှံ့ လျှောက်ပြီးပြောင်း ရွှေ့နေထိုင်ခဲ့ရတယ်။ အခုတော့ သူ့ဇနီးရယ်၊ သမီးရယ်၊ သားနှစ်ယောက်ရယ်နဲ့ ဂျဖီနာမှာ အိမ်တစ်လုံး ငှားနေကြတယ်။

ဒါပေမယ့် သူ့သားအကြီးဆုံး အေယန်ဂါရန်ကတော့ ၂၀၀၂ မှာ တမီလ်သူပုန်တွေ ခေါ်သွားတဲ့
နောက်ပါသွားတာ အခုထိသတင်း မကြားရတော့ဘူး။ ပြန်တွေ့ဖို့ မျှော်လင့်ချက် မရှိတော့ပေမယ့် သူလိုက်ရှာနေတဲ့ အကြောင်းကတော့ တော်တော် မှတ်တမ်းဝင်နေ ပြီ။ ICRC နဲ့ လူ့အခွင့်အရေး
စောင့်ကြည့်အဖွဲ့ဆီကိုလည်း သတင်းပို့ပြီးသွားပြီ။ သိသမျှ ထိန်းသိမ်းရေး စခန်းတွေကိုလည်း လိုက်ရှာပြီးပြီ။ စစ်တပ်၊ ရဲစခန်းတွေလည်း ကုန်ပြီ။ တွေ့ဆုံခဲ့သမျှ တွေကိုလည်း ကြက်ခြေနီ စာအုပ်သေးသေးလေးထဲမှာ အသေးစိတ် မှတ်တမ်းတင်ထားတယ်။ သူ့သား အသက်ရှင်လျက် ရှိနေသေးတယ်လို့ ယူဆထားပေမယ့် ရှာရဖွေရတာကတော့ သူနဲ့သူမိသားစုအဖို့ အတော်ပင်ပန်းနေပါပြီ။

မာသီဆိုသူ အမျိုးသမီး တစ်ယောက်ကတော့ သူ့ယောင်္ကျားရော၊ သားတစ်ယောက်ပါ တမီလ်သူပုန်အဖြစ်တိုက်ပွဲမှာ ကျဆုံးသွား ခဲ့ပြီး ကျန်တဲ့သားတစ်ယောက်ကလည်း အဖမ်းခံထားရတယ်။ နောက်ဆုံးကျန်နေတဲ့ သားတစ်ယောက်ကို အသည်းအသန် လိုက်ရှာနေရတယ်။ နန်ဒီကာဒယ်ရေအိုင်နဲ့ အိန္ဒိယသမုဒ္ဒရာကြား ကျွန်းလေးတစ်ကျွန်းပေါ်က အရှေ့တောင်ဘက်ကမ်းခြေ မူလီဗိုင်ကယ်ရွာငယ်လေးမှာ ဖြစ်ပွားခဲ့တာပါ။

အဲဒီနေရာကို အစိုးရက အရပ်သားတွေနေထိုင်တဲ့ “အပစ်အခတ်မဲ့နယ်မြေ” အဖြစ် သတ်မှတ်ပေးထားတယ်။ ဒါပေမယ့် သီရိလင်္ကာအစိုးရစစ်သားတွေတက်လာတဲ့ အခါကျတော့ ပစ်ကြခတ်ကြတဲ့အတွက် ကျွန်းပေါ်မှာ ပျံ့ကျဲနေတဲ့ အုန်းခွံတွေ၊ အုန်းလက်တွေ၊ ထန်းလက်တွေက မီးတွေလောင်ပြီးတော့ ငရဲတမျှပဲလို့ မာသီက ပြောပြပါ တယ်။ အာရူလန်နန်သန်လိုပဲ သူမလည်း သားပျောက်ရှာနေတာ အရူးတပိုင်းဖြစ်နေပါတယ်။

“ကျွန်မသားဘယ်နေရာကိုရောက်နေတယ် ဆိုတာပြောပြသင့်ပါတယ်။ သူဒဏ်ရာရနေလား၊ သေပြီလားဆိုတာသိမှ ဖြစ်မယ်။ အဲဒီမှာ စစ်သားတွေပဲရှိတယ်။ အခြားသူမရှိဘူး ။ ဒါကြောင့် ကျွန်မသားလေးဘယ်ရောက်နေတယ် ဆိုတာ သူတို့သိရ မယ်။”

ဒါပေမယ့် ပျောက်ဆုံးနေတဲ့မိသားစုဝင်တွေကို ပြန်ရှာတွေ့တဲ့လူတွေလည်း ဒုက္ခတွေရောက်နေကြတာပဲ။ ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတယ်ဆိုတာ သိပြီး ပိုက်ဆံလည်း တတ်နိုင်တဲ့သူအချို့က ငွေကုန်ကြေးကျခံပြီး သူတို့လူကို သွားတွေ့ ကြတယ်။ ငွေကုန်ခံပြီး ဥပဒေရေးရာ ကိစ္စတွေ ဆောင်ရွက်ကြရတယ်။ အဲဒီကြားထဲက ဆိုးတာက နောက်ဆုံး အလိမ်ခံလိုက်ရတာ ပဲ။

အဲဒီအဖြစ်အပျက်မျိုးထဲက တစ်ခုကို ပြရမယ်ဆိုရင် ဝိဒယာဆိုတဲ့ အမျိုးသမီးကို ပြရမှာပါ။ ခင်ပွန်းသည်က အစိုးရထံမှာ လက်နက်ချ အဖမ်းခံလိုက်တဲ့ သူမကတော့ သူ့ညီမ၊ ခဲအိုတို့နဲ့ သူ့မွေးရပ်ဇာတိရွာမှာ နေထိုင်နေတယ်။ သူ့ယောင်္ကျားက ပင်လယ် ကျားသူပုန်တစ်ယောက် ဖြစ်ခဲ့တယ် ဆိုတာကို မိသားစုနဲ့ သူတို့ရဲ့ရှေ့နေကပဲ သိတယ်။ အစိုးရတပ်က သူ့ယောင်္ကျားကို ဖမ်းသွားပြီးနောက်ပိုင်း သူ့ယောင်္ကျားဘယ်နေရာမှာရှိနေတယ်ဆိုတာ သိရဖို့ နှစ်လ ကြာတယ်။ သူ့ယောင်္ကျားလွတ်လာအောင်လုပ်ပေးမယ်လို့ပြောပြီးငွေတောင်းတာတွေကြောင့် သူ့ညီမ လက်ဝတ်ရတနာတွေ ပေါင်နှံပြီး လိုက်နေရတာနဲ့ အခုဆိုရင် အကြွေး ရူပီး ၅၀၀,၀၀၀ လောက်တင်နေပြီလို့ပြောပါတယ်။

ဒီလကုန်လို့မှ ပေါင်ထားတဲ့အဲဒီလက်ဝတ်ရတနာတွေကို ပြန်မရွေးနိုင်ရင် ဆုံးပြီလို့ ဝိဒယာကပြောပါတယ်။
“ကျွန်မယောင်္ကျားမရှိတော့ ကျွန်မအတွက် စကားပြောရမယ့် လူလည်းမရှိဘူး။ တိုင်ပင်ရမယ့်လူလည်းမရှိဘူး။” လို့ ဝိဒယာကပြောတယ်။ သူမရဲ့ လေးနှစ်သားအရွယ် သားလေးက သူမပေါင်ပေါ်မှာ ထိုင်ပြီးတော့ သူမကျလာတဲ့ မျက်ရည်တွေကို သုတ်ပေးနေတယ်။


“လူတွေကပြောတာတော့ စစ်ပွဲတွေမရှိ၊ အကြမ်းဖက်မှုတွေမရှိ ကျွန်တော်တို့ ငြိမ်းချမ်းရေး ရနေပြီတဲ့။ ပြန်လည် ပေါင်းစည်းရေးနဲ့ ယုံကြည်မှုတွေ မရှိဘဲနဲ့ ငြိမ်းချမ်းမှုတွေ မရနိုင်ပါဘူး။ ယုံကြည်မှု ၊ ပြန်လည် ပေါင်းစည်းမှုတွေနဲ့ ငြိမ်းချမ်းရေး တစ်ရပ်ဖြစ်ဖို့ ကျွန်တော်တို့ရှေ့ဆက်လုပ်ဆောင်ရမှာပါ။” ပရဲရားကပြောပါတယ်။

သီရိလင်္ကာအရှေ့မြောက်ဘက် ဒေသတွင်း ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ တမီလ်အမျိုးသား မဟာမိတ် ပါတီက ဖမ်းဆီးထားတဲ့ တမီလ်ကျားသူပုန်တွေ စာရင်းကို နာမည်နဲ့တကွ ထုတ်ပြန်ပေးဖို့ တောင်းဆိုထားပါတယ်။ ဒါပေမယ့် အကောင်အထည်တော့ မပေါ်သေးပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် မန်နိုရဲ့မိသားစုကတော့ မန်နိုနဲ့ အတူပြန်နေခွင့် ရတဲ့အတွက် ကံကောင်းတယ်လို့ ဆိုရမှာပါ။

Kate Mayberry ၏ In Sri Lanka, a 'negative peace' prevails ဆောင်းပါးကို ဘာသာပြန်ဆိုဖေါ်ပြသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။