Tuesday, August 2, 2011

အနာဂတ် စွမ်းအင် အကြောင်း တစေ့တစောင်း

အနာဂတ် စွမ်းအင် အကြောင်း တစေ့တစောင်း


လောင်စာအပေါ်မှီခိုနေရမှုများ ကျွန်ုပ်တို့၏ နေ့စဉ်ဘဝတွင် တဖြည်းဖြည်းချဲ့ထွင်နေရာယူလာနေပါပြီ။ ကျွန်ုပ်တို့ဝတ်ဆင်နေသော အဝတ်အစားမှသည် စားသုံးသော အစားအစာများ၊ တစ်နေရာမှ တစ်နေရာ သို့သွားလာလှုပ်ရှားမှုများတွင် လောင်စာဆီ သာမရှိခဲ့လျှင် ကျွန်ုပ်တို့၏ ဘဝများတစ်မျိုး တစ်ဖုံဖြစ်သွားပေမည်။ 
 လောင်စာဆီ အရင်းအမြစ်ကလည်း အကန့်အသတ် ရှိနေသည်။ ဒါကြောင့် လောင်စာဆီ အရင်းအမြစ်တွေဟာ မကုန်နိုင်၊ မခန်းနိုင်အောင် ရှိနေတာ မဟုတ်ဘူးဆိုတဲ့ အပေါ်ဘယ်သူမှလည်း စောဒက မတက်ကြပါဘူး။ ဒါပေမယ့် ဘယ်လောက်ကျန်သေးလဲ၊ ဘယ်လောက်အထိ အသုံးခံဦးမလဲ ဆိုတဲ့ အပေါ်မှာသာ စိုးရိမ်ကြောင့်ကြမှုတွေနဲ့ လူတွေ ပွက်လောရိုက်နေတဲ့ ကိစ္စပါ။ 
 ကျွန်ုပ်တို့မှာ မဝေးတော့တဲ့ အနာဂတ် အချိန်တစ်ချိန်၊ လောင်စာဆီထုတ်လုပ်မှု အမြင့်မားဆုံးရောက်လာမယ့် အချိန်တစ်ချိန်ကို ရောက်လုလုဖြစ်နေပါပြီ။ ဒါကို “လောင်စာဆီအထွဋ်အထိပ် အချိန်” လို့ ပြောကြလေ့ရှိကြပါတယ်။

လောင်စာဆီအထွဋ်အထိပ် အချိန်

စီအိုင်အေ မှာ အနှစ်သုံးဆယ်လောက် ဆန်းစစ်သူအဖြစ် လုပ်ကိုင်လာခဲ့တဲ့ ပညာရှင် Tom Whippleကပြောပါတယ်။ “လောင်စာဆီအထွဋ်အထိပ်ဆိုတာ ကမ္ဘာကြီးမှာ လောင်စာဆီ ထုတ်လုပ်မှုနှုန်း အမြင့်မားဆုံး ဖြစ်လာမယ့် အချိန်တစ်ချိန်ကို ပြောတာပါ။ ပြီးရင် ပြန်ကျဆင်းသွားမယ်။ ဆိုလိုတာက အမြင့်ဆုံးဆိုတဲ့ အမှတ်မှာ တသမတ်တည်း အကြာကြီး တည်မနေနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လောင်စာအရင်းအမြစ်က အကန့်အသတ်ရှိနေပါတယ်။ တစ်နေ့နေ့တော့ အရင်းအမြစ်တွေ လျော့နည်း သွားမှာပါ။ အထွဋ်အထိပ်အချိန်နဲ့ ပတ်သက်ပြီးဆွေးနွေးနေတယ်ဆိုတာ အဲဒါပါပဲ။”

ယခုအခါ ထိုအချိန်ကာလသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း အထောက်အထားများ တွေ့မြင်နေရပြီ ဖြစ်ပါတယ်။ နိုင်ငံတကာ စွမ်းအင်အေဂျင်စီIEA ၏ (၂၀၁၁) အတွက် လောင်စာဆီ ထုတ်လုပ်မှုအပေါ် ကြိုတင်ခန့်မှန်း တွက်ချက်ထားမှုကို တစ်နေ့စည်ပေါင်း (၈၉.၅) သန်း (89.5 million bpd) သို့ တိုးမြှင့်ခဲ့ရပါတယ်။ မနှစ်က ခန့်မှန်းထားသည်ထက် (၁.၂) သန်း ပိုလာပါတယ်။
(၂၀၁၂) အတွက် IEA ၏ ခန့်မှန်းထားမှုမှာ နောက်ထပ် (၁.၅) သန်းတိုးပြီး (၉၁) သန်းဖြစ်သွားမှာဖြစ်ပါတယ်။ Whipple လို လေ့လာနေသူတွေ အတွက် သုံးစွဲမှုတွေ မြင့်မားလာတာနဲ့ အတူ ထုတ်လုပ်မှုတွေ ဘယ်လိုတိုးလာသလဲ ဆိုတာကို သုံးသပ်စရာ ဖြစ်လာပါတယ်။
Whipples ၏ တွက်ချက်လေ့လာမှုများက IEA ၏ တွက်ချက်မှုများနှင့် ကိုက်ညီမှုရှိနေပါတယ်။ ကမ္ဘာ့ရေနံထုတ်လုပ်မှု အမြင့် ဆုံးအမှတ်သည် (၆) နှစ်ကြာ တစ်သမတ်တည်း ရပ်တန့်လျက်ရှိပါတယ်။
“ဒါကြောင့် အချို့ လေ့လာသုံးသပ်သူတွေက အမြင့်ဆုံး ရေနံထုတ်လုပ်မှုဟာ အမြဲတမ်းဒီလိုပဲ ရပ်တည်နေနိုင်မယ်လို့ ယူဆကြတယ်။” လို့ Whpples ရဲ့ ဇူလိုင်လ (၁၄) ရက်နေ့က IEA အတွက် တွက်ချက်ပေးတဲ့“Peak Oil Review” စာထဲမှာ ရေးသားထားပါတယ်။ နောက်လမှာ အနည်းငယ်ထပ်ပြီး မြင့်တက်လိမ့်ဦးမယ်လို့ သူက“အယ်လ်ဂျာဇီယာ”ကို ပြောပါတယ်။ ပြီးရင် အဲဒီအမြင့်ဆုံး အမှတ်ဟာ နှစ်အနည်းငယ်သာ ခံမှာဖြစ်ပြီး နောက်ဆုံးလည်း ဖြစ်လိမ့်မယ်လို့ ဆိုတယ်။
“တစ်ချက် သတိထားရမှာက တစ်ကမ္ဘာလုံး ရေနံထုတ်လုပ်မှု ကျဆင်းလာတယ် ဆိုတာကိုပါ။ နှစ်တိုင်း ရေနံအသစ်တွေကို ရှာလို့မတွေ့ဘူးဆိုရင် ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်တော့ပါဘူး။ နေ့တိုင်း ရေနံတွင်းတွေ ခမ်းခြောက်နေတယ်။ လက်ရှိတွင်းတွေကနေ နှစ်စဉ် ရေနံထုတ်လုပ်နိုင်မှု သုံးသန်းကနေ လေးသန်းအထိ ကျဆင်းနေပါတယ်။” လို့ဆိုပါတယ်။
ပညာရှင် Whipple ကတော့ လောင်စာ အထွဋ်အထိပ် ထုတ်လုပ်နိုင်မှု အချိန်ကျော်လွန်သွားရင် လူသားတွေရဲ့ နေ့စဉ်ဘဝတွေ ဘယ်လို ကြုံတွေ့ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး အထက်ပါအတိုင်း ပွင့်ပွင့် လင်းလင်းပဲ ပြောသွားခဲ့ပါတယ်။

ပညာရှင် Marion King Hubbert ၏အမြင်

Shell လောင်စာကုမ္ပဏီမှာ အလုပ်လုပ်ခဲ့တဲ့ မာရီယွန်ကင်း ဟာ့ဘတ်Marion King Hubbertယုတ္တိဗေဒ အခြေပြု ခန့်မှန်းတွက်ချက်မှု မျဉ်းကွေးဇယားကို တီထွင်ပြီးတော့ ‘Hubbert curve’ လို့အမည်ပေးထားတဲ့ ဇယားကိုတည်ပြီး (၁၉၆၅) ကနေ (၁၉၇၀) ကြား အမေရိကန်ပြည်ထောင်စု လောင်စာဆီ ထုတ်လုပ်မှုကို တွက်ချက်ပြခဲ့ရာမှာ ကွက်တိမှန်ခဲ့ပါတယ်။
သူ့ဇယားက နိုင်ငံတွေ၊ ဒေသတွေ၊ ရေနံတွင်းတွေ၊ ရေနံမြေတွေက ရေနံထုတ်လုပ်မှု အမြင့်မားဆုံး အခြေအနေတွေနဲ့ ကျဆင်းလာတဲ့ အခြေအနေတွေကို တွက်ထုတ်ခဲ့ရာမှာ အတော်ကို မှန်ကန်တာ တွေ့ရပါတယ်။ အဲဒီဇယားအတိုင်း တွက်ချက်ခဲ့ရာမှာ လောင်စာဆီ ထုတ်လုပ်မှုဟာ လောင်စာဆီ အသုံးပြုမှုနဲ့ ဈေးကွက် ဖိအားတွေနဲ့ အကြမ်းဖျင်း ခေါက်ချိုးကျနေတယ်လို့ အဖြေထွက်ပါတယ်။

အကောင်းမြင်ဝါဒီတို့၏ရှုထောင့်

အကောင်းမြင် သမားတွေကတော့ လောင်စာဆီ အထွဋ်အထိပ်အချိန်နဲ့ ကမ္ဘာလုံး ရေနံကျဆင်းမှုတွေဟာ (၂၀၂၀) နဲ့ နှောင်းပိုင်း လောက်မှသာ ဖြစ်မယ်လို့ တွက်ချက်ထားကြပြီး လောင်စာ သုံးစွဲနေတဲ့ နိုင်ငံများ အနေနဲ့လည်း အခက်အခဲ ကြီးကြီးမားမားနဲ့ အပြောင်းအလဲတွေ အများကြီး ရင်ဆိုင်ရမှာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။
စွမ်းအင်ဆိုင်ရာ မူဝါဒဂျာနယ်Energy Policy Journal ကတော့ စီးပွားရေး ကျဆင်းမှုကြောင့် ရေနံဝယ်လိုအားတွေ ကျဆင်းမသွားဘူးဆိုရင် (၂၀၁၅) အကျော်မှာ ရောင်းလိုအားထက် ဝယ်လိုအားက မြင့်တက်သွားမှာ ဖြစ်တယ်လို့ တွက်ချက်ထားပါတယ်။


International Energy Agency (IEA)

အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီက ရေနံစိမ်းထုတ်လုပ်မှုဟာ (၂၀၀၆) ခုနှစ်ကတည်းက အမြင့်ဆုံး အမှတ်ကို ရောက်ရှိပြီ ဖြစ်တယ်လို့ ဆိုပါတယ်။ (၂၀၀၈) ခုနှစ် ပထမ (၆) လအတွင်းမှာပဲ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကြောင့် ရေနံဈေးတွေ တောက်လျှောက် တဟုန်ထိုး တက်သွားရတယ်လို့ ဆိုပါတယ်။ ရေနံထုတ်လုပ်မှုနဲ့ ရေနံမြေအသစ်တွေ တွေ့ရှိမှု နှစ်ရပ်စလုံး လွန်ခဲ့တဲ့ နှစ်တွေကနဲ့စာရင် ထိုင်းမှိုင်းသွားတယ်လို့ ဆိုပါတယ်။သို့သော် ရေနံ လည်ပတ်စီးဆင်းမှု တွေကလည်း လွန်ခဲ့တဲ့ နှစ်တွေကစလို့ တစ်သမတ်တည်း ပြေးနေတယ်လို့ စွမ်းအင်အေဂျင်စီက အစီရင်ခံစာ ထုတ်ထားပါတယ်။

စာရေးဆရာ ရစ်ချက်ဟိန်းဘတ်၏ အယူအဆ

လောင်စာ အထွဋ်အထိပ် အချိန်နဲ့ စီပွားရေး၊ အစားအစာ၊ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းတွေ အပေါ် အကျိုးသက်ရောက်မှုတွေ အကြောင်း စာအုပ်ပေါင်း ဆယ်အုပ် ရေးသားထုတ်ဝေခဲ့တဲ့ “ရစ်ချက်ဟိန်းဘတ်” က လောင်စာ အထွဋ်အထိပ် အချိန်ဆိုတာ အရင်းအမြစ်တွေ ချဲ့ထွင်လာခြင်းပဲလို့ ယူဆထားပါတယ်။
“ရေနံတွေ ကုန်သွားလိမ့်မယ်လို့ လူအများက ယုံကြည်နေကြပါတယ်။ ဒါပေမယ့် မဟုတ်ပါဘူး။ ကုန်သွားတာ မဟုတ်ပါဘူး။ လက်လှမ်းမှီသလောက် လောင်စာ အရင်းအမြစ် လေးတွေပဲ ကုန်သွားတာပါ။ ” ဟု “အယ်လ်ဂျာဇီယာ”နှင့်တွေ့ဆုံ မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။
ရေနံဟာ သိပ်သည်းကျစ်လစ်တဲ့ လောင်စာစွမ်းအင် ဖြစ်ပါတယ်။ အလွယ်တကူ သယ်ယူသွားလို့လည်း ရပါတယ်။ ပြီးတော့ သူက ထုတ်လုပ်လိုက်တဲ့ စွမ်းအင်ကို သူ့ကိုရှာဖွေရတဲ့ အလုပ်နဲ့ နှိုင်းယှဉ်လိုက်တော့ အင်မတန် ကြီးမားပါတယ်။
ဒါပေမယ့် ရေနံထုတ်လုပ်မှုဟာ အမြင့်မားဆုံး ရောက်ရှိနေပြီဆိုတဲ့ အချက်ကိုတော့ “ဟိန်းဘတ်”က လက်မခံပါဘူး။
“ရေနံဈေးနှုန်းကတော့ အမြဲတမ်း မြင့်မားနေတာပါပဲ။ ကမ္ဘာ့ရေနံ ထုတ်လုပ်မှုက ခြောက်နှစ်လောက် မျဉ်းတစ်ဖြောင့်တည်း ပြေးနေပါတယ်။ BP ကုမ္ပဏီ မက္ကဆီကို ပင်လယ်ကွေ့မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲဖိတ်စင်မှုကို ကြည့်ပါ။ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်းမှာပဲ ရေနံဈေးနှုန်းက တဖြည်းဖြည်း တက်လာနေတာပါ။ ငွေကြေးအရရော၊ သဘာဝပတ်ဝန်းကျင် အရရော အဖိုးအခ ကြီးမားပါတယ်။”
တစ်ချိန်တည်းမှာပဲ ကမ္ဘာ့ရေနံ ဝယ်လိုအားကလည်း (၁၉၉၄) နဲ့ (၂၀၀၆) ကြားနှစ်စဉ် (၂%) နီးပါး တိုးတက်လာနေခဲ့ပါတယ်။ (၂၀၀၇) အရောက်မှာတော့ ကမ္ဘာ့ရေနံ ဝယ်လိုအားက တစ်နေ့ကို ရေနံစည် (၈၅.၆)သန်း ဖြစ်လာပါတော့တယ်။ ဒါပေမယ့် (၂၀၀၈) နဲ့ (၂၀၀၉) မှာတော့ ရေနံဈေးတွေ ကြီးမြင့်လာတာကြောင့် ဝယ်လိုအား (၁.၈%) ကျဆင်းသွားခဲ့ပါတယ်။
ရေနံဈေးကွက် အနည်းငယ် အေးသွားပေမယ့်လို့ စွမ်းအင်အေဂျင်စီက တွက်ချက်ထားပုံအရတော့ သက္ကရာဇ် (၂၀၃၀) ရောက်ရင် (၂၀၀၇) ဝယ်လိုအားထက် (၂၁%) ပိုများလာလိမ့်မယ်လို့ ပြောပါတယ်။ ပို့ဆောင်ရေးလုပ်ငန်းတွေ ကျယ်ပြန့်ကြီးမား လာတဲ့အတွက် တစ်နေ့ကို ရေနံစည် (၁၀၄) သန်း လိုအပ်ချက်ရှိလာမယ် လို့ဆိုလိုပါတယ်။
“စက်မှုကုန်ထုတ် လုပ်ငန်းတွေမှာ အကြီးအကျယ် အပြောင်းအလဲတွေ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ နောက် (၁၈) လအတွင်း ရေနံတစ်စည်ကို ဒေါ်လာ (၁၅၀) ဖြစ်ပါတော့မယ်။ ဂျာမဏီမှာ ကြုံတွေ့နေရသလို အမေရိကန်မှာ ဓါတ်ဆီတစ်ဂါလံ (၁၀) ဒေါ်လာဆိုတာ ကျွန်တော်တို့ မပေးဖူး သေးပါဘူး။ အဲဒီတော့ ရေနံတစ်စည် ဒေါ်လာ (၁၅၀) ဖြစ်လာရင် စီးဆင်းမှုတွေအားလုံး နှေးကွေး ကျဆင်းကုန်ပါလိမ့်မယ်။”
မလိုအပ်ပဲ ကားကို မောင်းနှင်သွားလာခြင်းများကို ရှောင်ကျဉ်ကြပြီး ကားရပ်နားရာ နေရာများ ရှားပါး ကြပ်တည်း သွားမည်ဖြစ်ကြောင်း ဟိန်းဘတ် ကပြောပါတယ်။

အမေရိကန်ပြည်ထောင်စု စွမ်းအင်အေဂျင်စီ၏ သုံးသပ်ချက်

အမေရိကန် စွမ်းအင်ဆိုင်ရာ သတင်းအချက်အလက်ဌာနရဲ့ ထုတ်ပြန်ချက်အရ လက်ရှိကမ္ဘာ့ရေနံလိုအပ်ချက်က တစ်နေ့ရေနံစည် (၈၈)သန်း ဖြစ်တယ်လို့ ဆိုပါတယ်။ ၎င်းပမာဏဟာ အိုလံပစ် ရေကူးကန်ပေါင်း (၅,၅၀၀) လောက်မှာရှိတဲ့ ရေပမာဏနဲ့တူညီပေသည်။
(၂၀၀၇) ခုနှစ်တုန်းက စွမ်းအင်အေဂျင်စီက ထုတ်ဝေခဲ့တဲ့ ကမ္ဘာ့စွမ်းအင် သုံးသပ်ချက် စာတမ်းမှာ “ဂရင်းဖီးလ် စီမံကိန်းကြောင့် နောက်ငါးနှစ်အတွင်း ရေနံ ထုတ်လုပ်မှုများ တိုးပွားလာနိုင်သော်လည်း နောက်ထပ် တိုးတက်လာမယ့် လိုအပ်ချက်တွေကိုရော၊ အခုလက်ရှိ ကျဆင်းနေတဲ့ ထုတ်လုပ်မှုတွေကိုပါ ဖြည့်ဆည်းပေးနိုင် လောက်အောင် လောက်ငှပါမည်လား ဆိုသည်မှာ မသေချာကြောင်း” ဆိုပါတယ်။
တရုတ်၊ အိန္ဒိယ၊ အမေရိကန်တို့လို စွမ်းအင်သုံးစွဲမှု အင်မတန်ကြီးမားတဲ့ နိုင်ငံတွေကြောင့် လက်ရှိရေနံတွင်းတွေ ထုတ်လုပ်မှု ကျဆင်းနေချိန်မှာ နောက်ထပ် ရေနံသိုက် တွေ့ရှိမှု အသစ်တွေဟာလည်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးပါဘူး။
ပို့ဆောင်ရေးလုပ်ငန်းတွေက လောင်စာဆီ အသုံးပြုမှု အများဆုံး လုပ်ငန်းတွေ ဖြစ်ပါတယ်။ (၂၀၀၆) ခုနှစ်မှာဆိုရင် အမေရိကန်နိုင်ငံ ပို့ဆောင်ရေးက အသုံးပြုတဲ့ လောင်စာဆီဟာ တစ်နိုင်ငံလုံး အခြားနေရာတွေမှာ လောင်စာဆီ အသုံးပြုမှုရဲ့ (၆၈.၉%) ရှိပါတယ်။ တကမ္ဘာလုံး အတိုင်းအတာနဲ့ ဆိုရင် လောင်စာဆီ အသုံးပြုမှု စုစုပေါင်းရဲ့ (၅၅%) ကို သယ်ယူပို့ဆောင်ရေးက သုံးစွဲပါတယ်လို့ အမေရိကန် စွမ်းအင်ဌာနကို တင်ပြရတဲ့ (၂၀၀၅) ခုနှစ် အစီရင်ခံစာဖြစ်တဲ့ ကမ္ဘာ့ရေနံထုတ်လုပ်မှု မြင့်တက်လာနေခြင်း ဆိုတဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ပါမောက္ခ အန်ထော်နီပါးလ်၏ အမြင်

လက်ရှိသယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေမှာလည်း လောင်စာဈေးနှုန်း မြင့်မားမှုကြောင့် အကြီးအကျယ် ထိခိုက်နစ်နာမှုတွေ ရှိနေပါတယ်။ ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ ဆိုင်မွန်ဖရေဆာ တက္ကသိုလ် မြို့ပြလေ့လာရေး အစီအစဉ် ဒါရိုက်တာ ပါမောက္ခ အန်ထော်နီပါးလ်က “ဘယ်အရာမှ ထာဝရ မကုန်မခမ်း နိုင်ဘူးဆိုတာ မရှိပါဘူး။” လို့ပြောပါတယ်။
“ထာဝရ ရွေ့လျား သွားလာနိုင်မယ့် စက်ကိရိယာတွေကို ကျွန်တော်တို့ တီထွင်ကြတယ်။ ပြီးတော့ ပိုဝေး၊ ပိုမြန်၊ အဆုံးမရှိ သွားလာလှုပ်ရှား နိုင်မယ်လို့ ထင်မြင်နေကြတယ်။ လောင်စာ အထွဋ်အထိပ် ရောက်ချိန်ဆိုတဲ့ ပြဿနာက ရွေ့လျား သွားလာနိုင်မှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့တွေ ပြန်လည် သုံးသပ်ရမယ့် အချိန်ဖြစ်တယ်။ ဘယ်နေရာကို မဆို အလွယ်လေး သွားနိုင်တယ်ဆိုတဲ့ အယူအဆတွေ ပြောင်းလဲသွားမယ်။ အနှေးနဲ့ အမြန်ဆိုသလိုပဲ လူတစ်ယောက်ဟာ တစ်နေရာရာကို ကားမပါပဲနဲ့ ဘယ်လိုသွား လို့ရပါ့မလဲဆိုတာကို စဉ်းစားလာရတော့မယ့် အချိန်ရောက်လာတော့မယ်။” ဟု သူကပြောပါတယ်။
ပါးလ်သည် “သယ်ယူပို့ဆောင်မှု တော်လှန်ရေး- လူနှင့် ကုန်စည်များ လောင်စာဆီ အသုံးမပြုပဲ ပို့ဆောင် သွားလာခြင်း” ဆိုတဲ့ စာအုပ်ကို ပူးတွဲရေးသား ခဲ့သူလည်း ဖြစ်ပါတယ်။ လောင်စာဆီ ဈေးနှုန်း မြင့်မားမှုကြောင့် လေယာဉ်နဲ့ ခရီးသွားဖို့ဆိုတာ လူတွေအတွက် ဦးစားပေးမှု အနည်းဆုံး သွားလာခြင်းမျိုး ဖြစ်လာလိမ့်မယ် လို့ ဆိုပါတယ်။
“ကျွန်တော်ပြောမယ်ဗျ။ Expedia လို အွန်လိုင်းမှာ လက်မှတ်ရောင်းတဲ့ ဝက်ဆိုဒ်တစ်ခုကို ဝင်သွားလိုက်။ ပြီးရင် ခင်ဗျားသွားချင်တဲ့နေရာ၊ သွားမယ့်နေ့ စတာတွေဖြည့်ပြီး အထက်တန်းFirstClass ဈေးနှုန်းကို ကြည့်လိုက်။ အဲဒါအနာဂတ်မှာ ခင်ဗျားသွားချင်တဲ့ နေရာတစ်ခုခုရဲ့ သာမန်ဈေးနှုန်းဖြစ်လာမယ့် နှုန်းထားပဲ။ ခင်ဗျားသွားပါ့ဦးမလား။ ဈေးနှုန်းသက်သက်သာသာ နဲ့ လေယာဉ်စီးပြီး ခရီးသွားဖို့ဆိုတာ နောင်တစ်ချိန်မှာ မဖြစ်နိုင်တဲ့ ကိစ္စပဲ။ ”

သိပ္ပံပညာရှင် ဆာဒေးဗစ်ကင်း၏ အစီရင်ခံစာ

မတ်လ (၂၀၁၀)တွင် အောက်စဖို့ တက္ကသိုလ်မှ ပြုစုသော အစီရင်ခံစာတွင် နောက်ထပ် ထုတ်ယူသုံးစွဲနိုင်သေးသော လက်ရှိကမ္ဘာ့ ရေနံသိုက်ပမာဏမှာ သုံးပုံတစ်ပုံခန့် ဖေါင်းပွနေကြောင်း တွက်ချက်ဖေါ်ပြခဲ့ပါတယ်။
သိပ္ပံပညာရှင် ဆာဒေးဗစ်ကင်း ဦးဆောင်ပြုစုသော အဆိုပါ အစီရင်ခံစာတွင် (၁၉၈၀) ခုနှစ်များဆီက ကမ္ဘာ့ရေနံ တင်ပို့ရောင်းချရေး အဖွဲ့ကြီး OPEC အဖွဲ့က ရေနံဈေးကွက်မှာ နေရာများများ ရနိုင်ဖို့ ရည်ရွယ်ချက်နဲ့ IEA က တရားဝင် အသိအမှတ်ပြုတဲ့ ကိန်းဂဏန်း အရေအတွက် ဖြစ်လာစေဖို့ ရေနံသိုက် ပမာဏကို တိုးမြှင့်စာရင်း ပြထားပြီး အဲဒီအတိုင်းပဲ ဆက်လက်ဖေါ်ပြ လာခဲ့ကြပါတယ်။ ဒီအကြောင်းဟာ ပေါက်ကြားသွားတဲ့ လျှို့ဝှက်ချက်တစ်ခု ဖြစ်ပါတယ် လို့ အစီရင်ခံစာက ဖေါ်ပြထားပါတယ်။

တကယ်တမ်းရှိနေတဲ့ ရေနံပမာဏကိုOPECက စည်ပေါင်း (၁,၁၅၀) ဘီလီယံ ကနေ (၁,၃၅၀) ဘီလီယံရှိတယ်လို့ စာရင်းပြထားပြီး အောက်စဖို့ သုတေသနအဖွဲ့က (၈၅၀) ဘီလီယံကနေ (၉၀၀) အထိလောက်ပဲရှိပါတယ် လို့ပြောပါတယ်။ (၂၀၁၄) ခုရောက်ရင် အထွဋ်အထိပ် အချိန်ကို ရောက်မယ်လို့ တွက်ချက်ထားပါတယ်။
လောင်စာဓါတ်ဆီနဲ့ ဓါတ်ငွေ့လုပ်ငန်း အသိုင်းအဝန်း ကတော့ ဒါတွေကို လက်မခံပါဘူး။ နောက်ထပ် အသစ်၊ အသစ်တွေ့ရှိနေတဲ့ လောင်စာအရင်းအမြစ်တွေက လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ ပြောကြပါတယ်။
လက်ရှိလောင်စာအရင်းအမြစ်တွေ လျော့ပါးလာတဲ့ နှုန်းထားကို IEA က အချက်အလက်တွေအပေါ် အခြေခံပြီးတွက် ချက်ထားတာက လေးနှစ် တစ်ကြိမ်နှုန်းနဲ့ အသစ်တွေ့ရှိလာမယ့် ရေနံသိုက်တွေဟာ ကမ္ဘာမှာ ရေနံသိုက်အများဆုံးရှိတဲ့ ဆော်ဒီအာရေးဗျနိုင်ငံက ရေနံပမာဏနဲ့ တူညီမှာဖြစ်တဲ့အတွက် လိုအပ်ချက်တွေကို ဖြည့်စွမ်းနိုင်မယ်လို့ ယူဆကြပါတယ်။


ပညာရှင် စတိဗ်ဆော်ရဲလ်၏ စာတမ်း

ဗြိတိန် စွမ်းအင်သုတေသန ဌာနက သုတေသန စာတမ်းပေါင်း (၅၀၀) လောက်ကို လေ့လာသုံးသပ်ပြီးတော့ ထုတ်ပြန်တဲ့ စာတမ်းအရ ဆိုရင်တော့ အခုက စလို့ (၂၀၃၀) နောက်ဆုံးထားပြီး ကြားထဲမှာ ဘယ်အချိန်မဆို အထွဋ်အထိပ် အချိန်ကို ရောက်သွားနိုင်တာ ချည်းပဲလို့ ပြောပြန်ပါတယ်။
ဒီစာတမ်းကို ဦးဆောင်ပြုစုတဲ့ စတိဗ်ဆော်ရဲလ်က BP ရေနံကုမ္ပဏီက တွေ့ရှိခဲ့တဲ့ မက္ကဆီကို ပင်လယ်ကွေ့ တိုင်ဘာရေနံ လုပ်ကွက်ကြီးလို ရေနံသိုက် အသစ်တွေ တွေ့ရှိနေမှုက အထွဋ်အထိပ် အချိန်ကို ရောက်ဖို့ အချိန်အနည်းငယ်မျှသာ နောက်ဆုတ် သွားခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ရေနံလုပ်ကွက်ပေါင်း (၇၀,၀၀၀) ရှိရာမှာ အကြီးစား ကြီးတွေက (၁၀၀) လောက်ပဲရှိပြီးတော့ အဲဒီတွင်းကြီး တွေကနေထွက်တဲ့ ရေနံက ကျွန်တော်တို့ သုံးနေတာရဲ့ (၅၀%) လောက်ကို ထုတ်လုပ်ပေးနေတာ ဖြစ်တယ်။ အဲဒီတွင်းကြီးတွေထဲကမှ အများစုက တွင်းအိုကြီး တွေဖြစ်နေပြီ။ သူတို့ရဲ့ အများဆုံး ရေနံထွက်ရှိတဲ့ အချိန်တွေက လွန်ခဲ့ပြီ။ ဒီလိုတွင်းကြီးမျိုးတွေ နောက်ထပ် အများကြီး ကျွန်တော်တို့ မတွေ့နိုင်တော့ဘူး လို့လည်း သူကဆက်လက်ပြောသွားပါတယ်။

သိပ္ပံပညာရှင် သုတေသီ ပါမောက္ခ မိုက်ကယ်ဘွန်းဖို့ဒ်၏ အမြင်

ကန်တပ်ကီပြည်နယ် တက္ကသိုလ် သိပ္ပံပညာရှင် သုတေသီ ပါမောက္ခ မိုက်ကယ်ဘွန်းဖို့ဒ်က အမေရိကန်မှာ သီးနှံတွေ စိုက်ပျိုးချိန်မှာ စွမ်းအင်လိုအပ်ချက်ထက် သီးပွင့်ပြီးလို့ ခြံတွေကနေ ရောင်းထုတ်လိုက်တဲ့ အချိန်မှာ စွမ်းအင်က ပိုလိုတယ်လို့ပြောပါတယ်။
“အစားအစာ သယ်ယူပို့ဆောင်ရေး၊ ရောင်းချရေး၊ ဖြန့်ဖြူးရေး စတဲ့လည်ပတ်မှုတွေ အများကြီးထဲမှာ လောင်စာဈေး ကြီးမြင့်လာတာနဲ့အမျှ ဒီဒဏ်ကို စားသုံးသူ တွေသာ ခံစားရတာပါ။ ” အယ်လ်ဂျာဇီယာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောပြခဲ့သည်။ အဲဒီအတွက် ခိုင်လုံတဲ့ အထောက်အထားလည်း ရှိပါတယ်။

ဇွန်လ (၂၃) ရက်နေ့က ပြင်သစ်သမ္မတ ဆာကိုဇီက အစားအသောက် ဈေးနှုန်းတွေ မြင့်တက်မှု ကူးစက်ပြန့်နှံ့လာတာတွေကို ကမ္ဘာ့ ခေါင်းဆောင်တွေ အရေးတယူ ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ကမ္ဘာ့စားသောက်ကုန် ဈေးနှုန်းတွေ တစ်နှစ်အတွင်း (၃၇%) မြင့် တက်သွားတယ်။ နောက်ထပ်လူပေါင်း (၄၄) သန်းလောက်ကို ဆင်းရဲတွင်းဆီ တွန်းပို့ခဲ့တယ်။

အခြေအနေများအပေါ် သုံးသပ်ချက်

လွန်ခဲ့တဲ့ (၁၂) လအတွင်းမှာပဲ ဂျုံဈေးနှုန်းတွေ နှစ်ဆဖြစ်သွားခဲ့ပါတယ်။ ရုရှနဲ့ ယူကရိန်းမှာ မိုးခေါင်ရေရှားမှုတွေကြောင့် သီးနှံတွေ ပျက်စီးခဲ့တာကြောင့် နိုင်ငံခြားပို့ကုန်တွေ ရပ်ဆိုင်းခဲ့ရတယ်။ နိုင်ငံတွေဟာ အစားအသောက် သွင်းကုန်တွေအတွက် ယခုနှစ် တစ်နှစ်တည်းမှာ (၁.၂၉) ထရီလီယံ သုံးစွဲခဲ့ရတယ်။ တစ်နှစ်အတွင်း သွင်းကုန်အတွက် အများဆုံး သုံးစွဲခဲ့ရတဲ့ ပမာဏဖြစ်ပါတယ်။ (၂၀၁၀) တစ်နှစ်တည်းနဲ့ သွင်းကုန်အတွက် သုံးစွဲရမှုငွေကြေးပမာဏ (၂၁%) မြင့်တက်သွားခဲ့ရတယ် လို့ ကုလသမဂ္ဂက တွက်ချက် ထုတ်ပြန်မှုအရ သိရပါတယ်။
ဒါကြောင့် လောင်စာဆီ ဈေးနှုန်းတွေက ကမ္ဘာ့စီးပွားရေးရဲ့ ဥသျှောင်သဖွယ် ဖြစ်နေပြီလို့ ပညာရှင် ဟိန်းဘတ်က ပြောခဲ့တာဖြစ်ပါတယ်။ “စီးပွားရေး ပြန်လည် ဦးမော့လာတဲ့ အချိန်တိုင်း လောင်စာဆီဈေးက တက်တက် သွားတယ်။ ဒါနဲ့ပဲ စီးပွားရေးက တုံ့ဆိုင်း သွားပြန်ရော။”
“ကျွန်တော်တို့ လုပ်လည်း ဆိုးဝါးတာပဲ။ မလုပ်ပဲနေလည်း ဆိုးဝါးတာပါပဲ။ ဆီဈေးတွေ ကျတယ်ဟေ့ ဆိုရင် ဒါစီးပွားရေးက မြောင်းထဲရောက်နေလို့ပဲ။ ကမ္ဘာ့ရေနံ ရှားပါးလာနေမှုဟာ စီးပွားရေး တိုးတက်မှုကို ကန့်သတ်ထားပါတယ်။ ကျွန်တော်တို့ သိရသလောက်တော့ ဥပမာ- အမေရိကန်မှာ စီးပွားရေးတိုးတက်မှု ဘယ်လိုရှိသလဲ ဆိုတာကြည့်ပါ။”
Whipple အယူအဆ အရဆိုရင် ဓါတ်ဆီလိုပဲ အခြားလောင်စာတွေ ဖြစ်တဲ့ ဓါတ်ငွေ့နဲ့ ကျောက်မီးသွေး တွေဟာလည်း ရှားပါးလာနေပြီး ဈေးနှုန်းကလည်း ဓါတ်ဆီနဲ့ သိပ်မကွာတော့ဘူး။
“နှစ်လေးဆယ်၊ ငါးဆယ်အတွင်းမှာ ရုပ်ကြွင်းလောင်စာတွေက အဓိကကျတဲ့ လောင်စာတွေအဖြစ် ရှိနေတော့မှာ မဟုတ်ဘူး။ အတော်ကြီး လျော့ပါးကုန်ဆုံးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။” အဲဒီအချိန်မှာ ကျောက်မီးသွေးနဲ့ ဓါတ်ငွေ့လောင်စာတွေလည်း အထွဋ်အထိပ် အချိန်ကို ရောက်သွားမယ်လို့လည်း သူက ပြောပါသေးတယ်။
ဆက်လက်ပြီး (၂၀၀၅) ခုနှစ် ကတည်းကစပြီး ရေနံစိမ်း ထုတ်လုပ်မှုတွေ တိုးတက်မှု မရှိတော့ဘူးလို့ Whipple ကပြောပါတယ်။ “ဒါကြောင့် လောင်စာ အထွဋ်အထိပ် ရောက်ချိန်ကို ကျွန်တော်တို့ မရောက်သေးပါဘူး။ ထုတ်လုပ်မှုက မျဉ်းတစ်ဖြောင့်တည်း ပြေးနေတာပါ။ ဒါပေမယ့် ဒီမျဉ်းက နောက်ထပ် တစ်နှစ်၊ နှစ်နှစ်တောင် ခံမှာမဟုတ်တော့ပါဘူး။ ပြီးရင်တော့ အထွဋ်အထိပ် အချိန်ဆိုတာကိုတော့ အငြင်းပွားဖွယ်မရှိ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။” လို့ဆိုပါတယ်။
အနာဂတ်စွမ်းအင် လိုအပ်ချက် အခြေအနေအပေါ်မှာ မူတည်ပြီး ရေနံ ထုတ်လုပ်ရရှိနေမှုတွေ ကျဆင်းမသွားခင် လူသားတွေရဲ့ စားသောက်နေထိုင်မှု ပုံစံတွေကို ပြောင်းလဲပစ်ရမယ်လို့ ပညာရှင်ဘွန်းဖို့ဒ် က မျှော်လင့်နေပါတယ်။ ဒါဟာလည်း ပိုပြီးတော့တောင် ခက်ခဲတဲ့ အနေအထား ဖြစ်ပေမယ့်လည်း “ရုပ်ကြွင်း လောင်စာတွေအပေါ် ကျွန်တော်တို့ ထာဝရမှီခိုနေလို့ မရတော့ပါဘူး။ ဒီလိုဆိုရင် ဆိုးဆိုးဝါးဝါး အပိုင်းက တွေးမယ်ဆိုရင် ငတ်မွတ်ခေါင်းပါးမှုတွေ ဖြစ်လာမှ ကျွန်တော်တို့ အပြောင်းအလဲ လုပ်ကြမှာလား။ မငတ်ခင်ကပဲ အပြောင်းအလဲ လုပ်ကြမှာလား။ ဒါကိုရွေးချယ်ဖို့ပါ သေချာတာကတော့ တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ အပြောင်းအလဲက မုချဖြစ်လာမှာပါ။”


မျိုးဇော်
၁.၈.၂၀၁၁


မှီငြမ်းကိုးကား


1. Source: Al Jazeera
2. The Scourge of 'Peak Oil' (By Dahr Jamail)

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။