Friday, August 12, 2011

အစ္စရေးအခြေချအိမ်ယာ အသစ်ဆောက်လုပ်ရေးအတွက် ခွင့်ပြုကြောင်း ကြေငြာချက်ထုတ်


ပါလက်စတိုင်းထံမှ ကျူးကျော် သိမ်းပိုက် ထားသော အရှေ့ဘက် ဂျေရုစလင်တွင် နောက်ထပ် အိမ်အလုံး ၁,၆၀၀ တည်ဆောက်ရေးအတွက် အစ္စရေးလ် ပြည်ထဲရေး ဝန်ကြီး အီလီရစ်ရှိုင်းက သဘောတူညီလိုက်ပြီ ဖြစ်သည်။

ထို့ပြင် လာမည့် ရက်များအတွင်း၌ ဝန်ကြီးဌာနမှ နောက်ထပ် အိမ်အလုံး ၂,၇၀၀ တည်ဆောက်ခွင့် ချပေးလိမ့်ဦးမည်ဟု မျှော်လင့်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့် ရှိသူ ရွိုင်လက်ခ်ျမန်နိုဗစ်က AFP သတင်းဌာနသို့ ကြာသပတေးနေ့က ပြောသည်။ လက်ရှိ ခွင့်ပြုလိုက်သော အလုံး ၁,၆၀၀ မှာ ရာမက်ရှလိုမိုတွင် ဖြစ်ပြီး နောက်ထပ် အလုံး ၂,၀၀၀ မှာ ဂီဘက်ဟာမာတို့စ်နှင့် အလုံး ၇၀၀ မှာ ပစ္စဂက်တွင် ဖြစ်သည်။

ယခုဆုံးဖြတ်ချက်မှာ လွန်ခဲ့သော အပတ်များအတွင်း အစ္စရေးလ်တွင် အိမ်ခြံမြေဈေးများ ကြီးမြင့်လာမှုကြောင့် ဆန္ဒပြမှုများ ဖြစ်ပေါ်လာခြင်းနှင့် ဆက်နွယ်ကြောင်း ၊ စီးပွားရေးအရ ဖြစ်ပြီး နိုင်ငံရေးအရ ချမှတ်သော ဆုံးဖြတ်ချက် မဟုတ်ကြောင်း သူက ဆက်လက် ပြောကြားခဲ့သည်။

အစ္စရေးလ် သတင်းစာ ဟားရက်ဇ်တွင် ကြာသပတေးနေ့ ညနေပိုင်းက “လူမှုရေး အကြပ်အတည်းတွေကြောင့် လွန်ခဲ့တဲ့ လက ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေကို ဖြေရှင်းဖို့ ညွန့်ပေါင်းအစိုးရ တွင်းမှာ အချိန်ကျရောက်နေပြီ ဖြစ်ကြောင်း ကြာသပတေးနေ့ အစည်းအဝေးတွင် ရစ်ရှိုင်းက ပြောဆိုခဲ့ပါတယ်။” ဟု ဖေါ်ပြပါရှိသည်။

အိမ်ခြံမြေ ဈေးနှုန်း အဆမတန် ကြီးမြင့်မှုကြောင့် အစ္စရေးလ် ဆန္ဒပြမှုကြောင့် လွန်ခဲ့သော နှစ်ပတ်က အစ္စရေးလ် ပါလီမန်အမတ် ၂၄ ဦးက အနောက်ဘက် ကမ်းတွင် အိမ်များ ပိုမိုဆောက်လုပ်ရန် ထုတ်ဖေါ် ပြောကြားခဲ့ခြင်းကြောင့် ယခုလို ခွင့်ပြုချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ကြောင်း တယ်လ်အဗစ်မြို့မှ အယ်လ်ဂျာဇီယာ သတင်းထောက် ကော်လ်ပဲရီက သတင်းပေးပို့ခဲ့သည်။

“ဆန္ဒပြသူတွေ စုဝေးဆန္ဒပြနေတဲ့ တဲအိမ်စခန်းက ဆန္ဒပြနေတဲ့သူတွေကို မေးမြန်းကြည့်ရာမှာတော့ အိမ်ယာသစ်များထပ်မံ တိုးချဲ့ဆောက်လုပ်ရေးအကြောင်းကို မပြောကြပါဘူး။ ဒါပေမယ့် အနောက်ဘက်ကမ်းမှာ ဒေါ်လာသန်း တစ်ထောင်လောက် ရင်းနှီးမြှပ်နှံထားတဲ့ ဆောက်လုပ်ရေးစီမံကိန်းတွေအနေနဲ့တော့ နောက်ဆုတ်လို့မဖြစ်နိုင်တော့ပါဘူး။”

အနောက်ဘက် ကမ်းတွင် အစ္စရေးလ် အိမ်ယာများ ဆောက်လုပ်နေမှုမှာ နိုင်ငံတကာ ဥပဒေအရ တရားမဝင်ပေ။ အစ္စရေးလ်က ၁၉၆၇ ခုနှစ်ကတည်းက အနောက်ဘက် ကမ်းကို သိမ်းပိုက်ထားခြင်း ဖြစ်သည်။ ထို့နောက် အရှေ့ဘက်ဂျေရုစလင်ကို နယ်မြေချဲ့ ထွင်ခဲ့ရာ နိုင်ငံတကာအသိုင်းအဝိုင်းက လက်မခံခဲ့ပေ။

ရာမက်ရှလိုမိုတွင် အိမ်ယာသစ် ၁,၆၀၀ ဆောက်လုပ်ရေးကြောင့် အစ္စရေးလ်နှင့် ကုလသမဂ္ဂကြား ဆက်ဆံရေး တင်းမာမှုများ ဖြစ်ပွားလျက် ရှိသည်။ ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးပွဲ ပြန်လည် စတင်ရန် ကြိုးပမ်းနေချိန်တွင် အစ္စရေးလ်နှင့် ပါလက်စတိုင်း နှစ်ဘက်စလုံးက တင်းမာစေမည့် အခြေအနေများ မဖန်တီးရန် အိမ်ဖြူတော်က ကြာသပတေးနေ့က တိုက်တွန်း ပြောကြားခဲ့သည်။ ဂျေရုစလင်အရှေ့ဘက်တွင် ယခုကဲ့သို့ ဂျူး အခြေချ အိမ်ယာများ ဆောက်လုပ်ခွင့် ပေးလိုက်သည့် အတွက် ပါလက်စတိုင်းက ကုလသမဂ္ဂတွင် အသိအမှတ်ပြု နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်ရေးအတွက် ကြိုးစား အားထုတ်နေခြင်းကို တားဆီးရန် ပိုမိုခက်ခဲ သွားစေမည်လား ဟူသော မေးခွန်းကို အိမ်ဖြူတော် ပြောခွင့်ရ ဂျေးကာနီက ရှောင်ရှား ဖြေဆိုသွားသည်။

“နှစ်ဘက် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်မယ့်အပေါ်မှာ ခက်ခဲသွားစေမယ့် အပြုအမူတွေကို ရှောင်ရှားဖို့ နှစ်ဘက်စလုံးကို ကျွန်တော်တို့ ပြောဆိုထားတဲ့ စကားက ပြောင်းလဲမှု မရှိပါဘူး။” ဟုသာ ဖြေကြားခဲ့သည်။ နိုင်ငံခြားရေး ဝန်ကြီးရုံး ပြောရေးဆိုခွင့်ရှိသူ ဗစ်တိုးရီးယားနူလန်းကလည်း ထိုနည်း အတိုင်းပင် ထပ်တူ ပြောဆိုခဲ့သည်။

အစ္စရေးလ်၏ အဆိုပါ အိမ်ယာ စီမံကိန်းကို ၂၀၁၀ မတ်လအတွင်းက ကြေငြာခဲ့သည့် အချိန်တွင် အမေရိကန် ဒုတိယသမ္မတ ဂျိုးဘိုင်ဒန် အစ္စရေးလ်နှင့် ပါလက်စတိုင်း နယ်မြေများသို့ သွားရောက်ကာ နှစ်နိုင်ငံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် အခြေခံကျသော မူဝါဒများကို ပြောဆို ဆွေးနွေးခဲ့သည်။ ဂျိုးဘိုင်ဒန်နှင့် အစ္စရေးလ်ဝန်ကြီးချုပ် နေတန်ယာဟုတို့ ဆွေးနွေးပွဲတွင် ဂျိုးဘိုင်ဒန်က အိမ်ယာစီမံကိန်းနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ရာ နေတန်ယာဟု မျက်နှာနီရဲသွားသည် အထိ ဖြစ်ခဲ့သည်။

လွန်ခဲ့သော အပတ်ကလည်း အစ္စရေး ပြည်ထဲရေး ဝန်ကြီးဌာနက ဂျေရုစလင် အရှေ့ဘက် ဟာဟိုးမားနှင့် ကပ်လျက် နေရာတွင် အိမ်အလုံး ၉၀၀ ဆောက်လုပ်ခွင့် ချပေးခဲ့သေးသည်။ အစ္စရေးလ် ဆန္ဒပြမှုများကြောင့် အိမ်ယာအခက်အခဲကို ဖြေရှင်းပေးနိုင်ရန် ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း ရစ်ရှိုင်းက ပြောကြားခဲ့သည်။ ထို့ပြင် အစ္စရေးလ် နိုင်ငံသားများအားလုံး အိုးပိုင်အိမ်ပိုင် ဝယ်ယူနေထိုင် နိုင်ရေးအတွက် အသေးစား အိမ်ယာများကိုလည်း ဆောက်လုပ်ရန် ရစ်ရှိုင်းက ညွှန်ကြားထားကြောင်း အစ္စရေး သတင်းဝက်ဆိုက် တစ်ခုဖြစ်သော Ynet တွင် ဖေါ်ပြထားသည်။

အစ္စရေးလ်၏ အပြုအမူများအတွက် အမေရိကန်နှင့် ဥရောပ သမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ပြစ်တင်ရှုံ့ချခဲ့ကြသည်။ ဥရောပ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ ကက်သရင်းအက်ရှတွန် ဟာမိုမာ ကြေငြာချက်နှင့် ပတ်သက်၍ အလွန်အမင်း စိတ်ဓါတ်ကျမိကြောင်း၊ စိတ်ပျက်ဖွယ် အချိန်အခါပင်ဖြစ်ကြောင်း ဆို၏။

ဥရောပ သမဂ္ဂသည် အစ္စရေးလ်-ပါလက်စတိုင်း ငြိမ်းချမ်းရေးအတွက် အမေရိကန်၊ ကုလသမဂ္ဂ၊ ရှရု တို့နှင့် အတူ လေးပွင့်ဆိုင် ကြားဝင် စေ့စပ်ပေးရေး အဖွဲ့တွင် ပါဝင်သည်။

Source: Al Jazeera




0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။