Thursday, August 11, 2011

အာဖဂန်တွင် နေတိုးရဟတ်ယာဉ်ပျက်ကျ

အာဖဂန်ရှိ ချင်နွတ်ရဟတ်ယာဉ်တစ်စင်း

အာဖဂန် အရှေ့ဘက်တွင် တာလီဘန်တို့နှင့် တိုက်ပွဲဖြစ်ပွားရာ နေတိုး ရဟတ်ယာဉ် တစ်စင်း ပျက်ကျခဲ့သဖြင့် အာဖဂန်စစ်သား (၇)ယောက်၊ အရပ်သား စကားပြန် တစ်ယောက် အပါအဝင်
အယောက် (၃၀) သေဆုံးခဲ့ကြောင်း နေတိုး ဦးဆောင် ညွန့်ပေါင်းစစ်တပ် အစီရင်ခံစာတွင် ဖေါ်ပြခဲ့သည်။
အမေရိကန် အထူးတပ်ဖွဲ့များ စီးနင်းလိုက်ပါသွားသော ချင်းနွတ် အမည်ရှိ ရဟတ်ယာဉ်သည် ကဘူးလ် အနောက်ဘက် မိုင်ဒန်ဝါဒက် ပြည်နယ် ဆေဒါဘက်တွင် စနေနေ့က ပျက်ကျခဲ့သည်။

အိုစမာဘင်လာဒင်ကို သုတ်သင်ခဲ့သော အဖွဲ့အစည်း ဖြစ်သည့် အမေရိကန် ရေတပ် SEAL တပ်ဖွဲ့ဝင် အယောက် (၂၀) ကျော်ပါဝင် သေဆုံးသွားကြောင်း နယူးယောက်တိုင်း သတင်းက ဖေါ်ပြခဲ့သည်။

SEAL တပ်ဖွဲ့အမှတ် ၆ သည် အမှတ် ၁၆၀ အထူး လေကြောင်း စစ်ဆင်ရေး တပ်ရင်းမှ ရဲဘော်များနှင့်အတူ ပျံသန်းထွက်ခွာသွားခြင်းဖြစ်ကြောင်း အမည်မဖေါ်လိုသူ လက်ရှိ အရာရှိတစ်ဦးနှင့် အရာရှိဟောင်း တစ်ဦးတို့က ပြောသည်။


အခြား သတင်းရပ်ကွက် တစ်ခုမှ ပေးပို့ချက်အရ ပျက်ကျသွားသော အဆိုပါ ရဟတ်ယာဉ်တွင် SEAL တပ်ဖွဲ့ဝင် ၂၂ ယောက်၊ လေတပ် လေကြောင်း ထိန်းသိမ်းရေး သုံးယောက်၊ အာဖဂန်တပ်သား ၇ ယောက်၊ ခွေးတစ်ကောင်နှင့် ယင်းခွေးကို ကိုင်တွယ်သူ တစ်ယောက်၊ အရပ်သား စကားပြန်တစ်ယောက်နှင့် ရဟတ်ယာဉ်မောင်းအဖွဲ့တို့ ပါဝင်ကြောင်းသိရသည်။

တိုက်ပွဲဖြစ်ပွားစဉ် သူတို့ ပစ်ချလိုက်ခြင်း ဖြစ်ကြောင်း တာလီဘန်များက ချက်ခြင်း အတည်ပြု ပြောဆိုခဲ့သည်။ တိုက်ပွဲတွင်း သူတို့လူ (၈)ဦးလည်း သေဆုံးကြောင်း တာလီဘန်က ထုတ်ဖေါ်ပြောကြားခဲ့သည်။

“အိမ်တစ်လုံးထဲမှာ ရှိနေတဲ့ ကျွန်တော်တို့ မူဂျာဟစ်ဒင်တွေကို သူတို့က တိုက်ချင်တာပါ။ ဒါပေမယ့် ကျွန်တော်တို့ မူဂျာဟစ်တွေက ပြန်ခုခံပြီးတော့ RPG နဲ့ ပစ်ချလိုက်တာပါ။”  ဟု တာလီဘန် ပြောခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်က တယ်လီဖုန်းဖြင့် ပြောပြခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ့ဖုန်းကို ခြေရာခံ၍မရချေ။

သို့သော် မြေပြင်မှ သတင်းအရ “စစ်ဆင်ရေးအတွင်း ရဟတ်ယာဉ်က ခေါင်းမိုးတစ်ခု ပေါ်ကနေ ပျံတက်နေတုန်း ပျက်ကျသွားတာပါ။” ဟု ဆိုပြန်သည်။

“ဆယ်နှစ်တာ ကာလအတွင်း တစ်ကြိမ်တည်းမှာ အခုလို ရဲဘော်တွေ အစုလိုက်၊ အပြုံလိုက် ကျဆုံးတာ ဒါ ပထမဦးဆုံးပါပဲ။” ကဘူးလ်ရှိ အယ်လ်ဂျာဇီယား သတင်းထောက် ဘားနဒ်စမစ်က ပြောသည်။


Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။