Monday, August 29, 2011

ပြဿနာများကြားမှ ဂျပန်ဝန်ကြီးချုပ်သစ်

ဘဏ္ဍာရေးဝန်ကြီး ယိုရှီဟီကိုနိုဒါ

ဂျပန်နိုင်ငံတွင် ဒီမိုကရက်တစ် ပါတီ၏ ခေါင်းဆောင်အဖြစ် နောက်တက်မည့် ဝန်ကြီးချုပ်နေရာတွင် လက်ရှိ ဘဏ္ဍာရေး ဝန်ကြီး ယိုရှီဟီကိုနိုဒါကို ရွေးချယ်ထားပြီး ဝန်ကြီးချုပ်ဖြစ်ရန် သေချာသလောက် ရှိသည်။

ပါတီ အကြီးအကဲအဖြစ် ရွေးကောက်ပွဲတွင် ငါးဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ပထမအကျော့တွင် မည်သူမျှ အပြတ်အသတ် မဲအသာရရှိခြင်းမရှိပဲ ဒုတိယအကျော့တွင် နိုဒါက ကုန်သွယ်ရေး ဝန်ကြီးဘန်ရီကာအိဒါကို ၂၁၅ - ၁၇၇ မဲဖြင့် အနိုင်ရရှိခဲ့သည်။

“နိုဒါအနေနဲ့ နောက်နှစ်နှစ် အတွင်း အမျိုးသား ရွေးကောက်ပွဲတစ်ရပ် ခေါ်ယူကျင်းပပေး ရပါလိမ့်မယ်။ သူ့အတွက် အဓိက စိန်ခေါ်မှုကတော့ ပါတီတွင်း စည်းလုံးညီညွတ်မှု တည်ဆောက်နိုင်ဖို့နဲ့ အမျိုးသား ရွေးကောက်ပွဲကြီးမှာ အနိုင်ရရှိဖို့ပဲ ဖြစ်ပါတယ်။” ဟု တိုကျိုမြို့နေ နိုင်င်ငံရေး အကဲဖြတ် တစ်ဦးဖြစ်သူ ဟိုင်ရိုကက်ဆုမာတာက အယ်လ်ဂျာဇီယာသို့ ရှင်းပြခဲ့သည်။

ဂျပန် ဒီမိုကရက်တစ် ပါတီ၏ အကြီးအကဲနှင့် နိုင်ငံတော် ဝန်ကြီးအဖြစ်မှ နှုတ်ထွက်ပေးရမည့် နာအိုတိုခန်းနေရာတွင် နိုဒါက ဆက်ခံရမည်ဖြစ်သည်။

မတ်လအတွင်းက ဖြစ်ပွားခဲ့သော ဆူနာမီနှင့် ငလျင်တွင် လူထောင်နှင့်ချီ၍ သေဆုံးခဲ့ပြီး နောက်ဆက်တွဲ ဖူကူရှီးမား နျူကလီးယား လျှပ်စစ်ဓါတ်အားပေး စက်ရုံ နျူကလီးယား ယိုစိမ့်မှုများကို ကိုင်တွယ် ဖြေရှင်းရာတွင် ညံ့ဖျင်းလွန်းသည် ဟူသော ဝေဖန်မှုများကို ခံခဲ့ရပြီး သြဂုတ်လ နောက်ဆုံးထား နှုတ်ထွက်ပေးရန် ဝိုင်းဝန်း ဖိအားပေးခြင်းကို ခံရသဖြင့် ဝန်ကြီးချုပ်နာအိုတိုခန်း သောကြာနေ့က နှုတ်ထွက်ခဲ့သည်။

“အခု အသစ်တက်လာမယ့် ဝန်ကြီးချုပ် နိုဒါအနေနဲ့ နာအိုတိုခန်း မဖြေရှင်းနိုင်ခဲ့တဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မှာလား၊ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာနဲ့ ရပ်တည်ပြီး တိုင်းပြည် စီးပွားရေး အကြပ်အတည်းတွေကိုလည်း ဖြေရှင်းနိုင်မှာလား ဆိုတာတွေကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။”
 ဟု အယ်လ်ဂျာဇီယာသတင်းထောက် စတိဗ်ခါအိုက တိုကျိုမှ သတင်းပေးပို့ခဲ့သည်။

ဂျပန် ယန်းငွေတန်ဖိုး တက်မှုကြောင့် ပို့ကုန် လုပ်ငန်းများ ထိခိုက်နေမှု၊ ချာနိုဘိုင်းစက်ရုံ
ပေါက်ကွဲမှုနောက်ပိုင်း အကြီးမားဆုံး နျူကလီးယား ဓါတ်ပေါင်းဖို ပေါက်ကွဲမှုအဖြစ် ဖူကူရှီးမား နျူကလီးယား
ပေါက်ကွဲမှုကြီး နောက်ပိုင်း နျူကလီးယား အစားထိုး စွမ်းအင် အစီအမံသစ်များ ဖေါ်ဆောင်ပေးရန် စသည်ဖြင့် စိန်ခေါ်မှုများက ဝန်ကြီးချုပ် အသစ်ကို စောင့်ဆိုင်းလျက်ရှိသည်။

ထို့ပြင် မတ်လအတွင်းက နှစ်ထပ်ကွမ်းသဘာဝ ဘေးဒဏ် အဆိုးဆုံး ခံစားခဲ့ရသော နိုင်ငံအရှေ့မြောက်ကမ်းခြေဒေသ ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် အသုံးစားရိတ် ကြီးမားစွာ သုံးစွဲရမည်ဖြစ်သည်။

Source: Al Jazeera


0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။