Sunday, August 21, 2011

ကနေဒါ မြောက်ဖျားပိုင်းတွင် လေယာဉ်ပျက်ကျ

လေယာဉ်ပျက်အပိုင်းအစများနှင့် ကနေဒါတပ်ဖွဲ့များ (Photo: Canadian Press)

ဘိုးရင်း ၇၃၇-၂၀၀ လေယာဉ်တစ်စင်း ကနေဒါ အာတိတ်ဒေသတွင် ပျက်ကျခဲ့ရာ အနည်းဆုံး ၁၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း ရဲမှပြောကြားခဲ့သည်။ စနေနေ့က ကနေဒါမြောက်ပိုင်းစွန်း ရီဆိုလုဘေးရှိ လေယာဉ်ကွင်းသို့ ဆင်းသက်ရန်ချဉ်းကပ်စဉ် ပျက်ကျ ခြင်းဖြစ်သည်။

အာတိတ်ဒေသအတွင်းရှိ နူးနာဗွတ် ဒေသခံများနှင့် စစ်သားများက မီးလောင်နေသော လေယာဉ်ပျက်၏ အပျက်အစီးများကြားမှ အသက်ရှင်ကျန်ရစ်သူများကို ဆွဲထုတ် ကယ်တင်နိုင်ရန် ကြိုးစားခဲ့ကြသည်။
ပျက်ကျခဲ့သောလေယာဉ်သည် အစွန်အဖျား ဒေသများသို့ ပြေးဆွဲပျံသန်းသော First Air ကုမ္ပဏီမှ လေယာဉ်ဖြစ်ပြီး လေယာဉ်ပေါ်တွင် အမှုထမ်းများ အပါအဝင် ၁၅ ဦးပါဝင်ကာ အနောက်မြောက်ဘက်မြို့တော် ရဲလိုးနိုက်မှ ပျံသန်းထွက်ခွာလာခြင်းဖြစ် သည်။

ကနေဒါ ဝန်ကြီးချုပ် စတီဖင်ဟာဖါ၏ နှစ်စဉ် သွားနေကျဖြစ်သော အာတိတ်သို့ ခရီးထွက်ရန် တနင်္လာနေ့တွင် ရီဆိုလုဘေးသို့ သွားရောက်ရန် စီစဉ်ထားချိန်တွင် ယင်းသို့ မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဒဏ်ရာရရှိသူ လူကြီးနှစ်ဦး၊ ကလေးငယ်တစ်ဦး တို့ကို ဒေသတွင်း မြို့တော် အီကာလုရှိ ဆေးရုံတစ်ရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ရဲက ပြောကြားသည်။ လူကြီးတစ်ဦးမှာ ဒဏ်ရာ အပြင်းအထန် ရရှိထားပြီး စိုးရိမ်ရသည်။

ရီဆိုလုဘေးရှိ South Camp Inn တည်းခိုခန်းပိုင်ရှင် အာဇစ်ခီရက်ဂ်ျက သူ့သမီးနှစ်ဦး လေယာဉ်ပေါ်တွင် ပါဝင်ခဲ့ပြီး တစ်ဦးသာ အသက်ရှင် ကျန်ရစ်ကြောင်း အေပီသတင်းဌာနသို့ တယ်လီဖုန်းဖြင့် ပြောပြခဲ့သည်။ အီကာလုရှိ ဆေးရုံတွင် အသက်ရှင်ကျန်ရစ်သော သမီးတစ်ဦးကို ကုသပေးနေကြောင်း ဆိုသည်။

ဖြတ်သွားဖြတ်လာ မျက်မြင်သက်သေ တစ်ဦးက “ လေယာဉ်က သုံးပိုင်း ဖြစ်သွားတယ်။ အတောင်ပံတွေကတော့ ကိုယ်လုံးနဲ့တွဲ လျက်ပဲ။ ခေါင်းပိုင်းနဲ့ ဖင်ပိုင်းကတော့ ပြတ်ထွက်နေတယ်။ အလောင်းအပိုင်းအစတွေကို လိုက်ကောက်နေကြတယ်။” ဟုဆိုသည်။


လေယာဉ် ပျက်ကျချိန်တွင် အမြင့်ပေ ခပ်နိမ့်နိမ့်တွင် တိမ်များရှိနေကြောင်း၊ နောက် ဆယ်မိနစ်ခန့်အကြာတွင် အမြင့်သို့ တက်သွား ကြောင်း လေယာဉ်ကွင်း အလုပ်သမားတစ်ဦးက ပြောပြသည်။

ထို့နောက် စနေနေ့ ညနေပိုင်းတွင် လေယာဉ်ပျက်မှ ခရီးစဉ် အလိုအလျောက် မှတ်တမ်းတင်စက်
(Black Box) နှစ်လုံးကို ရဲများ ရှာဖွေတွေ့ရှိခဲ့ပြီး ရီဆိုလုရှိ မှုခင်းဆိုင်ရာဆေးဘက်ဌာနသို့ ပို့ဆောင်မည်ဖြစ်သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။