Thursday, September 1, 2011

ဆီးရီးယားတွင် မတော်မတရား ဖမ်းဆီးသတ်ဖြတ်မှုများ ဖြစ်ပွား


ဆီးရီးယားတွင် လူထုအုံကြွမှုများ စတင် ပေါ်ပေါက်လာချိန်မှစ၍ ယခုအချိန်အထိ ဆန္ဒပြမှုဖြင့် ဖမ်းဆီးထားသူများကို ထောင်တွင်း ညှင်းပန်းနှိပ်စက်မှုများကြောင့် သေဆုံးသူ ၈၈ ဦးအထိ ရှိပြီဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက ပြောသည်။

ယင်းသို့ သေဆုံးသွားသူများကို မိသားစုထံ ပြန်လည်ပေးအပ်ခဲ့ပြီး မိသားစုများက သင်္ဂြိုလ်ခြင်း မပြုမီ ဗွီဒီယိုမှတ်တမ်းများ ရိုက်ကူး ထားကြရာ နှိပ်စက်ညှင်းပမ်းထားကြောင်း အထောက်အထားများ
တွေ့ရှိရသည်။ မှုခင်းဆိုင်ရာ ဆေးဘက် ကျွမ်းကျင်သူများ၏ အဆိုအရ ဒဏ်ရာဒဏ်ချက်များသည် ဇက်ကျိုးနေခြင်း၊ မျက်နှာနှင့် ရင်ဘတ်များတွင် ဆေးလိပ်မီးဖြင့်ထိုးထားခြင်း၊ လိင်တံကို လျှပ်စစ်ဖြင့် ဖြတ်ထားခြင်း၊ အရိုးများ ကျိုးပဲ့နေခြင်း၊ ကြာပွတ်ဖြင့် ရိုက်နှက်ထားခြင်း စသည့်ညှင်းပမ်းခံ ဒဏ်ရာဒဏ်ချက်များဖြစ်ကြောင်း အတည်ပြု ပြောဆိုကြသည်။

လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး၏ ဗုဒ္ဓဟူးနေ့ထုတ် အစီရင်ခံစာအရ အသတ်ခံရသူများထဲတွင် အသက် ၁၃ အထိ ငယ်ရွယ်သော ကလေးငယ် ၁၀ ယောက်အပါအဝင် အားလုံး ယောင်္ကျားများသာ ဖြစ်ကြောင်းသိရသည်။


လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ ထုတ်ပြန်သော အစီရင်ခံစာ မှတ်တမ်းပုံများထဲတွင် ဟမ်ဇမ် အယ်လ်-ဟဲလ်လက်၏ညီ အပါအဝင် ဖြစ်သည်။ သူက သူ့ညီ ဆက်ခါ အယ်လ်-ဟဲလက်သည် မေလအတွင်းက ဆေးသင်တန်းမှ အိမ်သို့ ပြန်လာစဉ်လမ်းတွင် ထောက်လှမ်းရေး များက ဖမ်းဆီး ခေါ်ဆောင်သွားပြီး နောက်နှစ်ရက်အကြာတွင် အယ်လက်ပို မြို့ အပြင်ဘက် ရေမြောင်းတစ်ခုထဲတွင် အလောင်းကို ပြန်တွေ့ရကြောင်း အယ်လ်ဂျာဇီယာသို့ ပြောပြသည်။

“တစ်ကိုယ်လုံးမှာ ကုတ်ဖဲ့ကော်ထုတ်ထားတာ တွေ့ရတယ်။ မျက်လုံးတွေကိုလည်း ဖေါက်ထုတ်ထားတယ်။ လက်မှာ ကြိုးနဲ့တုပ်ထားတဲ့ အရာတွေတွေ့တယ်။ လိင်အင်္ဂါကို ဖြတ်ထားတယ်။ ခြေထောက်တွေမှာ လျှော့ရိုက်ခံထားရတဲ့ ဒဏ်ရာတွေ တွေ့တယ်။”

ဆီးရီးယားအာဏာပိုင်များက ဆက်ခါအယ်လ်-ဟဲလက်ကို ဖမ်းဆီးခဲ့ခြင်းမရှိကြောင်း၊ သူသေဆုံးရသည်မှာ ရာဇဝတ်မှုကျူးလွန် သူများက သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး စုံစမ်းစစ်ဆေးနေကြောင်း ဆိုသည်။ အစိုးရထုတ်ပြန်သော သေမှုသေခင်းစစ်ဌာနမှ တရားဝင် ထုတ်ပြန်သော အစီရင်ခံစာတွင် ကြိုးဆွဲချအသတ်ခံရမှုကြောင့် ဦးနှောက်တွင်း အောက်ဆီဂျင်ပြတ်၍ ဖြစ်ပေါ်လာသော ဒဏ်ရာ များဖြစ်သည်ဟု ဆိုသည်။

သို့သော် ဟမ်ဇမ် အယ်-ဟဲလက်က သေမှုစစ်အစီရင်ခံစာမှာ သေမှုစစ်အရာရှိ၏ ကြိုတင်ရေးသားထားသော အစီရင်ခံစာကို သာ လက်မှတ်ထိုးထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ပြောလေသည်။
လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးမှ မှတ်တမ်းတင်ထားသော မှတ်တမ်းမှတ်ရာများမှာ ဟုမ်းမြို့နှင့် ဒါရားမြို့များတွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်အများစုဖြစ်သည်။

“ကျယ်ကျယ်ပြန်ပြန်နဲ့ စံနစ်တကျကျူးလွန်နေတဲ့ အခုလို ဖမ်းဆီးထားစဉ်အတွင်း သတ်ဖြတ်မှုတွေဟာ လူသားမျိုးနွယ် အပေါ်ရာဇဝတ်မှုကျူးလွန်ခြင်း မြောက်ပါတယ်။” ဟု လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး၏ ဆီးရီးယားအပေါ် လေ့လာသူ နီးလ်ဆမ်မွန်က ပြောသည်။

လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး၏ အစီရင်ခံစာကို ဖတ်ရှုလေ့လာပြီးနောက် အမေရိကန်က ဆီးရီးယားအစိုးရ၏ စက်ဆုပ်ဖွယ် အကြမ်းဖက်မှုဖြစ်ကြောင်း ရှုံ့ချလိုက်သည်။

လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး၏ အစီရင်ခံစာမှာ နောက်ထပ် တွေ့ရှိလာရသော သက်သေများဖြစ်ပြီး အကျဉ်းချခံထားရသူတွေ အပေါ် စက်ဆုပ်ဖွယ် ချိုးဖေါက်မှုဖြစ်ကြောင်း၊ အသိဉာဏ် ပညာကင်းမဲ့သော လုပ်ရပ်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗစ်တိုးရီးယား နုလန်းက ပြောကြားခဲ့ပါတယ်။

အင်္ဂါနေ့က ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး ဝါလစ်အယ်-မူအယ်လမ်း၊ ဆီးရီးယားဆိုင်ရာ လက်ဘနွန်သံအမတ် အလီအဗ္ဗဒူလ်ခါရင်အလီနှင့် ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်-အာဆက်၏ အကြံပေး ဘိုသာနီနာရှားဘန်တို့၏ အမေရိကန်တွင်ရှိသော ပိုင်ဆိုင်မှုများကို အမေရိကန်အစိုးရက အင်္ဂါနေ့က ပိတ်ဆို့လိုက်သည်။

Source: Al Jazeera


0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။