Friday, September 2, 2011

ကင်ဆာဖျက် ဗိုင်းရပ်စ်ဖြင့် ကင်ဆာကုသနိုင်ရန်နီးစပ်လာ


မျိုးဗီဇပြုပြင်ထားသော ဗိုင်းရပ်စ်များကို ကင်ဆာဝေဒနာခံစားနေရသော လူနာ၏ အကြောတွင်းသို့ ထိုးသွင်းခြင်းဖြင့် ကင်ဆာဆဲလ်များကို သတ်ဖြတ်ပစ်နိုင်ပြီး အခြားကောင်းမွန်နေသော တစ်ရှူးများကိုမူ ထိခိုက်မှု မရှိကြောင်း တွေ့ရှိခဲ့ကြသည်။

သိပ္ပံပညာရှင်များသည် ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ယင်းသို့ ဗိုင်းရပ်စ်ထည့်သွင်းပြီး ကင်ဆာဆဲလ်များကို သတ်ပစ်မည့် နည်းလမ်းအပေါ် စိတ်ဝင်တစားလေ့လာခဲ့ကြသည်။

ထို့နောက် လွန်ခဲ့သော နှစ်အနည်းက ကင်ဆာကျိတ်များကို ဖြိုဖျက်ပေးနိုင်ရန် မျိုးဗီဇပြုပြင်ထားသော ဗိုင်းရပ်စ်များကို ထည့်သွင်းနိုင်သည်ဟူသောနည်းလမ်းကိုတွေ့ရှိခဲ့ကြသည်။

ကင်ဆာတိုက်ခိုက်ရေးဗိုင်းရပ်စ် အွန်ကိုဗက် (OncoVex) ကိုဖန်တီးနိုင်ရေးအတွက် ဘိုင်အိုဗက် (BioVex) အဖွဲ့ကို ဇီဝနည်းပညာဖန်တီးရေးအဖွဲ့ Amgen Inc မှဇန်နဝါရီလအတွင်းက သုတေသနထောက်ပံ့ကြေး ဒေါ်လာ သန်းတစ်ထောင် ထောက်ပံ့ရန် သဘောတူညီခဲ့ပြီး သုတေသန လုပ်ငန်းများကို အဟုန်မြှင့် ဆောင်ရွက်နိုင်ခဲ့လေသည်။

သို့သော် အွန်ကိုလိုက်တစ် ဗိုင်းရပ်စ် တစ်မျိုးတည်းကိုသာ တရုတ်ပြည်တွင် ဦးခေါင်းနှင့်
လည်ပင်း ကင်ဆာ ရောဂါများအတွက် ကုသပေးနိုင်သေးကြောင်း ဗိုင်းရပ်စ်ဖန်တီးသော ဌာနမှ ဆိုသည်။

ဗုဒ္ဓဟူးနေ့ထုတ် Nature ဂျာနယ်တွင် လက်ဦးပိုင်းအဆင့် ကင်ဆာဝေဒနာအတွက် ကင်ဆာ ဖျက်ဗိုင်းရပ်စ် JX-954 ဆေးဖြင့် စမ်းသပ်ရာ ယာယီ ဘေးထွက်ဆိုးကျိုး အနည်းငယ်မျှသာ ဖြစ်ပွားမှုတွေ့ရှိရကြောင်း အိုတာဝါ တက္ကသိုလ်နှင့် ပုဂ္ဂလိက ဆေးကုမ္ပဏီဖြစ်သော Jennerex Inc တို့မှ သိပ္ပံပညာရှင်များက ပြောကြားသည်။

ထို့နောက် စမ်းသပ်ဆဲ ကင်ဆာဖျက် ဗိုင်းရပ်စ်များဖြင့် အလယ်အလတ် အဆင့် အသဲ ကင်ဆာရောဂါ ကုသမှုကို စမ်းသပ်မည် ဖြစ်သည်။

“ဓါတုဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးက အလွန်ကြီးမားပါတယ်။ ဒီကုသနည်းကတော့ တုပ်ကွေး ရောဂါလက္ခဏာ ၂၄နာရီ လောက်ပဲ ခံစားရပြီးတော့ နောက်ပိုင်းဘာမှ မဖြစ်တော့ပါဘူး။” ဟု Jennerex ကုမ္ပဏီ၏ သိပ္ပံပညာရှင် ချုပ်နှင့် အိုတာဝါဆေးရုံ သုတေသနဌာန အကြီးတန်း သိပ္ပံပညာရှင်ဖြစ်သော ဒေါက်တာ ဂျွန်ဘဲလ်က ပြောသည်။

ကင်ဆာ အရင့်အမာအဆင့်ရှိ လူနာ ၂၃ ယောက်ကို စမ်းသပ်မည့် စမ်းသပ်မှုအတွက် JX-954 ကို ပို၍ စိတ်ချရအောင် ပြုပြင်ထား သည်။ လူနာ ၈ ယောက်တွင် ၆ ယောက်အား နောက်ဆုံး အဆင့်

ဆေးနှစ်ကြိမ် တိုက်ကျွေးခဲ့ရာ သူတို့ ကင်ဆာကျိတ်များ တိုးပွားမှု ရပ်တန့်သွားခြင်း၊ သို့မဟုတ် ကျုံ့ဝင်သွားခြင်းများ တွေ့ရှိရသည်။ လူနာ ၇ ယောက်တွင်မူ အခြား တစ်ရှူးများအတွင်း၌မူ ပျံ့နှံ့ခြင်းမရှိဘဲ ကင်ဆာကျိတ်များ အတွင်း၌သာ စမ်းသပ်ကုထုံး၏ ကင်ဆာဖျက်ပိုး များပွားလာခြင်းကို တွေ့ရသည်။

နောက်တစ်ဆင့် စမ်းသပ်မှုမှာ အသည်းကင်ဆာ လက်ဦးအဆင့် လူနာ ၁၂၀ ကို အဆင့် 2b ခေါ် စမ်းသပ်မှု
ပြုလုပ်မည်ဖြစ်ကြောင်း ဒေါက်တာဘဲလ်က ပြောသည်။ အစောပိုင်း စမ်းသပ်မှုများတွင် JX-954 သည် အသည်းကင်ဆာ အတွက် အလွန် ထိရောက်မှုရှိ ကြောင်းဆိုသည်။ အချို့ အသည်းကင်ဆာများမှာ အသဲရောင်အသားဝါ ဘီပိုးကဲ့သို့သော ပိုးများကြောင့် ဖြစ်ရခြင်းဖြစ်ပြီး အကျိတ်ဆဲလ်များကို ဒုတိယပိုးများ အဖြစ် ယူဆနိုင်ကြောင်း ဆိုသည်။

JX-954 ဗိုင်းရပ်စ်တွင် ပြောင်းလဲ ဓါတ်ပြုနိုင်သည့်အခြေအနေများကို ဖယ်ရှားထားပြီးဖြစ်၍ မျိုးဗီဇနှင့် ပတ်သက်သည့် အချက်အလက်များကို သိရှိနိုင်ရန် မလိုအပ်တော့ကြောင်း၊ အလွန် စိတ်ချရသည့် အခြေအနေတွင် ရှိကြောင်း ဒေါက်တာဘဲလ်က ပြောသည်။ ထို့ပြင် Jennerex ကင်ဆာဖျက် ဗိုင်းရပ်စ်များကို အကြောမှတစ်ဆင့် ထိုးသွင်း၍ ရနိုင်သည့်အတွက် သွေးကြောများ မှတစ်ဆင့် ရောဂါပျံ့ပွားနိုင်သော အခြေအနေကို ဟန့်တားပေးနိုင်ကြောင်း ဆိုသည်။

ကင်ဆာဖျက် ဗိုင်းရပ်စ် စမ်းသပ်မှုများကို အခြား ဆေးဌာနများတွင်လည်း စမ်းသပ်လျက်ရှိပြီး ကင်ဆာဆဲလ်များအတွင်းသို့ တိုက်ရိုက် ထိုးသွင်းရသည့် နည်းများ၊ သို့မဟုတ် အခြား ဓါတုဆေးဝါးများနှင့် ရောစပ် အသုံးပြုရသည့် နည်းများ ဖြစ်ကြသည်။ ကင်ဆာဆဲလ်အတွင်း တိုက်ရိုက် ထိုးသွင်းမည့် Amgen’s OncoVex မှ ပြုလုပ်မည့် အဆင့် ၃ အရေပြား ကင်ဆာစမ်းသပ်မှုကို နောက်နှစ်တွင် ပြုလုပ်နိုင်မည်ဟု ယူဆသည်။

အွန်ကိုလိုက်တစ် ဇီဝသိပ္ပံ ကုမ္ပဏီမှ ဦးခေါင်းနှင့် လည်ပင်းကင်ဆာ ရောဂါများအတွက် ဓါတုဆေးဝါးများနှင့် ရောစပ်အသုံးပြုရ သည့် Reolysin ကင်ဆာဖျက် ဗိုင်းရပ်စ် စမ်းသပ်မှုပြုလုပ် လျက်ရှိသည်။

“ပုံမှန်ကုထုံးတွေနဲ့ ကျွန်တော်တို့ နည်းလမ်းတွေက ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။” အွန်ကိုလိုက်တစ် အဖွဲ့မှ စမ်းသပ်မှု အဖွဲ့ခေါင်းဆောင် မက်ကော်ဖေးက ပြောသည်။ Jennerex ကို အဓိကအားဖြင့် ကနေဒါနှင့် တောင်ကိုရီးမှ ရင်းနှီးမြှပ်နှံ သူများက ငွေကြေးထောက်ပံ့ပေးလျက်ရှိသည်။ JX-954 ကို ဥရောပ မူပိုင်ခွင့်အရ Transgene တွင် မှတ်ပုံတင်ထားသည်။ တရုတ်ပြည်တွင် Lee’s Pharmaceutical Ltd နှင့် ကိုရီးယားတွင် Green Cross Corp တို့တွင် မူပိုင်ခွင့်ရရှိထားသည်။ သို့သော် ဂျပန်နှင့် အမေရိကန်တို့တွင် မှတ်ပုံတင်မထားပေ။

Source: Al Jazeera


0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။