Saturday, September 3, 2011

အမေရိကန်တွင် ဟာရီကိန်းလီ ဝင်ရောက်ဦးမည်


မက္ကဆီကို ပင်လယ်ကွေ့တွင် ဖြစ်တည်နေသော အပူပိုင်းမုန်တိုင်း လီ သည် သောကြာနေ့တွင် အင်အားကောင်းလာသည်။

အလုပ်သမားနေ့မှ အစပြု၍ တစ်ပတ်အကြာ တိုက်ခတ်မှုတွင် လူဝီစီယားနားမှ ဖလော်ရီဒါပန်ဟန်ဒဲလ်အထိ အချို့နေရာများတွင် မိုးရေချိန်လက်မ ၂၀ အထိရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။

မုန်တိုင်းကြောင့် လူဝီစီယားနား အလယ်ပိုင်းတွင် မြေပြိုကျမှုများ ဖြစ်နိုင်သည်ဟု ခန့်မှန်းခဲ့ကြပြီး လွန်ခဲ့သော စနေနေ့က အရှေ့ဘက် နယူးအော်လင်းသို့ ဦးတည်သွားခဲ့သည်။ ၂၀၀၈ ခုနှစ် အလုပ်သမားနေ့က တိုက်ခတ်ခဲ့သော ဂတ်စ်တက်ဗ် မုန်တိုင်းကြောင့် ပျက်စီးသွားသော ဆိပ်ခံတံတားများ ထပ်မံ၍ မုန်တိုင်းဒဏ်ခံရဦးမည် ဖြစ်သည်။

ပြင်းထန်သော မုန်တိုင်းကြီးများဖြစ်သည့် ဘက်ဆီ၊ ကမ္မီလီနှင့် ကက်ထရီနာတို့ကဲ့သော မုန်တိုင်းများဒဏ်ကို ကြံ့ကြံ့ခံခဲ့သည့် ဒေသခံများက ယခုလီမုန်တိုင်းသည် ဤမျှ ပြင်းထန်ဖွယ်ရာမရှိဟု ယူဆကြသည်။

“မိုးသည်းထန်စွာ ရွာသွန်းရုံလောက်ပါပဲ။ ကတ်ထရီနာနဲ့ ယှဉ်ရင် ဘာမှ မပြောပလောက်ပါဘူး။” ဟု အသက် ၅၉ နှစ်ရှိ ပြည်ထောင်စု စုံစမ်းထောက်လှမ်းရေး ဝန်ထမ်းတစ်ဦးဖြစ်သူ မဲလ်ကွမ်ဂျိမ်းက ပြောသည်။ ၂၀၀၅ သြဂုတ်လအတွင်းက တိုက်ခတ်ခဲ့သော ကတ်ထရီနာ မုန်တိုင်းတွင် ဆိပ်ခံတံတားများ ကျိုးပျက်သွားပြီး သူ့နေအိမ် ပျက်စီးသွားသောကြောင့် သူ့ကို ရဟတ်ယာဉ်ဖြင့် ကယ်တင်ခဲ့ရသည်။

အိုင်ရင် မုန်တိုင်းကြောင့် လူအယောက် ၄၀ သေဆုံးခဲ့ရပြီး မြောက်ကာရိုလိုင်းနားမှ မိန်းအထိ လူသန်းပေါင်းများစွာ လျှပ်စစ်ဓါတ်အား ပြတ်တောက်နေဆဲဖြစ်ပြီး တစ်ပတ်မျှ မကြာသေးမီ အချိန်တွင် လီ မုန်တိုင်း ရောက်လာခြင်းဖြစ်သည်။ ဟာရီကိန်း ကက်တီယာသည်လည်း အတ္တလန္တိတ် သမုဒ္ဒရာထဲတွင် ဖြစ်တည်နေပြီး အမေရိကသို့ ရောက်လာနိုင်ခြင်းရှိ၊ မရှိကိုမူ ပြောရန်စော သေးသည်။

သောကြာနေ့ ညနေပိုင်းက လီမုန်တိုင်း၏ အဖျားအနား တစ်ခုကြောင့် လူဝီစီယားနား အရှေ့တောင်ဘက်၊ မစ္စစ်စပီတောင်ဘက် နှင့် အယ်လ်ဘားမားတို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။ မုန်တိုင်းကြောင့် မက္ကဆီကို ပင်လယ်ကွေ့ရှိ ရေနံတွင်းများ ထိခိုက် ပျက်စီးခဲ့သည်။ ရေနံတူး စင်များကို ရွှေ့ပြောင်းခဲ့ကြရပြီး နေ့စဉ် ပုံမှန် ထုတ်လုပ်နေကျ ရေနံ၏ တစ်ဝက်ခန့်သာ ထုတ်လုပ်နိုင်ခဲ့ သော်လည်း သောကြာနေ့ စီးပွားရေး သတင်းများအရ ရေနံဈေးနှုန်း ဆက်လက် ကျဆင်းလျက် ရှိသည်။

ရေနံတွင်း ၆၂ ခု အနက် ၁၆ တွင်း၊ ရနံတူး ပလက်ဖောင်း ၆၁၇ ခုအနက် ၁၆၉ ခုကို
ရွှေ့ပြောင်းခဲ့ရသည်။ နေ့စဉ် ထုတ်လုပ်မှုမှ ရေနံစည် ၆၆၆,၀၀၀ စည်နှင့် ဓါတ်ငွေ့ ၁.၇ ဘီလီယံကုဗပေ လျော့ကျခဲ့သည်။

အပူပိုင်းမုန်တိုင်း တိုက်ခတ်မှုအတွင်း သတိထားရမည့်နေရာများမှာ မစ္စစ်စပီမှ တက္ကဆက်အထိ နှင့် အယ်လ်ဘားမားကမ်းခြေ တစ်လျောက် ဖလော်ရီဒါ ပန်ဟန်ဒဲလ် အထိရေကြီးနိုင်သည်။

လီမုန်တိုင်းသည် မစ္စစ်စပီမြစ်ဝမှ အနောက်ဘက်၊ အနောက်တောင် မိုင် ၁၈၀ ခန့်တွင်ဗဟိုပြု၍ သောကြာနေ့တွင် မြောက်ဘက် သို့ တစ်နာရီ သုံးမိုင်နှုန်းဖြင့် ရွေ့လျားလာနေကြောင်း အမျိုးသား ဟာရီကိန်းဌာနမှ ပြောကြားခဲ့သည်။

မိုးလေဝသ ခန့်မှန်းသူ ပညာရှင်များက လီ၏ လေတိုက်နှုန်းသည် အနည်းငယ် တိုးလာပြီး တစ်နာရီ ၄၅ မိုင်နှုန်းဖြစ်လာကြောင်း၊ နောက်ထပ် တိုးလာနိုင်ဖွယ် ရှိသေးကြောင်း ဆိုသည်။

လူဝီစီယားနား၊ မစ္စစ်စပီ အုပ်ချုပ်ရေးမှူးများနှင့် နယူးအော်လင်း မြို့တော်ဝန်တို့က အရေးပေါ် အခြေအနေ ကြေငြာခဲ့ပြီး မိမိတို့ အစီအစဉ်ဖြင့် မိမိဘာသာ ပြောင်းရွှေ့ကြရန် တိုက်တွန်း နှိုးဆော်ထားသည်။

Source: Fox news

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။