Tuesday, September 20, 2011

ပါလက်စတိုင်း နိုင်ငံဖြစ်ခွင့်တောင်းဆို


ကုလသမဂ္ဂတွင် နိုင်ငံတစ်နိုင်ငံအဖြစ် အပြည့်အဝအသိအမှတ်ပြုရေးအတွက် ယခုအပတ်အတွင်းကျင်းပနေသော ကုလသမဂ္ဂ အစည်းအဝေးတွင် ပါလက်စတိုင်းခေါင်းဆောင် မာမွတ်အာဘက်က ကြိုးပမ်းခဲ့ပြီး “အလွန်ခက်ခဲသော အခြေအနေ” ဖြစ်ကြောင်း တနင်္လာနေ့ကပြောကြားခဲ့သည်။ ပါလက်စတိုင်း၏ ကြိုးပမ်းအားပမ်းအားထုတ်မှုကို အမေရိကန်နှင့် အစ္စရေးလ်က အပြင်းအထန် ဆန့်ကျင်ကန့်ကွက်လျက်ရှိသည်။
အာဘက်က သတင်းထောက်များကို ပြောကြားရာတွင် ပါလက်စတိုင်းကို နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုရေးအတွက် ကုလသမဂ္ဂတွင် ကြိုးပမ်းမှုကြောင့် နိုင်ငံတကာ ဖိအားများသက်ရောက်မှုရှိကြောင်း၊ ဥရောပသမဂ္ဂတွင်လည်း သဘောထား ကွဲလွဲမှုများ ဖြစ်ပွားလျက်ရှိကြောင်း ဆိုသည်။
“အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်ထားပြီးတော့ ၁၉၆၇ သဘောတူညီချက်ပါနယ်နိမိတ်အတိုင်း နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုဖို့ ကုလသမဂ္ဂမှာ ကြိုးပမ်းမှုနောက်ပိုင်း ပါလက်စတိုင်းပြည်သူတွေနဲ့ ခေါင်းဆောင်တွေဟာ အလွန်ခက်ခဲတဲ့ အခြေအနေတွေကို ဖြတ်သန်းရမှာဖြစ်ပါတယ်။” ဟု အာဘက်က ပြောသည်။
အမေရိကန်နှင့် ဥရောပသမဂ္ဂနိုင်ငံများက ငြိမ်းချမ်းရေးဆွေးနွေးမှုကို ရှေ့တန်းတင်ပြောဆိုကြပြီး ပါလက်စတိုင်း၏နိုင်ငံအဖြစ် တောင်းဆိုမှုအပေါ် အဟန့်အတားဖြစ်စေရန်၊ နောက်ဆုတ်သွားရန် အားထုတ်ကြလေသည်။
ဂျူးအခြေချဆောက်လုပ်မှုများ ရပ်တန့်ထားရန်နှင့် နှစ်ဘက်ရှင်းရှင်းလင်းလင်းရှိသော အခြေအနေအောက်တွင် ငြိမ်းချမ်းရေး ဆွေးနွေးမှုပြုလုပ်ရန် ကမ်းလှမ်းကြသည်။
တနင်္ဂနွေနေ့က ပါအရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကမကထပြုမည့် လေးပွင့်ဆိုင် - အမေရိကန်၊ ရုရှ၊ ဥရောပသမဂ္ဂ နှင့် ကုလသမဂ္ဂ တို့မှ ဆွေးနွေးပွဲအတွက် အခြေခံမူဘောင်များချမှတ်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာအကြီးအကဲ ကက်သရင်းအက်ရှတွန်နှင့် တွေ့ဆုံစကားပြောဆိုခဲ့ပြီး ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး တိုနီဘလဲကလည်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ သဘောတူညီမှုတစ်ခုရရှိမည်ဟု မျှော်လင့်ကြောင်း ဘလဲကပြောကြားသည်။
“ထိပ်တိုက်တွေ့ဆုံရေးကို ရှောင်လွှဲနိုင်မယ့် နည်းလမ်းတစ်ခုရှိမယ်လို့ ကျွန်တော်ထင်ပါတယ်။” ဟု ABC သတင်းဌာန နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ယခင်ဗြိတိန်ဝန်ကြီးချုပ်ဟောင်း၊ ယခုဗြိတိန်နိုင်ငံခြားရေးဝန်ကြီး တိုနီဘလဲက ပြောသွားသည်။
သို့သော်အာဘက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီအထိ တက်ရောက်ပြောဆိုသွားမည်ဟု ကြေငြာလိုက်ပြီး ငြိမ်းချမ်းရေးဆွေး နွေးပွဲများ ရှေ့တိုးမရ၊ နောက်ဆုတ်မရဖြစ်နေသည့်အပေါ် အစ္စရေးလ်ကို အပြစ်တင်ပြောကြားခဲ့သည်။
“ကျွန်တော်တို့ အဓိကထားပြီးတောင်းဆိုနေတာ ကုလသမဂ္ဂမှာ နိုင်ငံတစ်နိုင်ငံအဖြစ်အဖွဲ့ဝင်ဖို့ပါ။ အခြားကိစ္စတွေကို မဆွေးနွေးချင်ပါဘူး။” ဟု အာဘက်ကဆိုသည်။
“အစ္စရေးလ်ရဲ့ ခေါင်းမာမှုကြောင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုတွေ အားလုံး အရာမထင်ခဲ့လို့ကုလသမဂ္ဂကို တက်ရောက် ပြောဆိုဖို့ကျွန်တော်တို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။”

ပါလက်စတိုင်းတို့က တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများကို မပြုလုပ်လို၍ ကုလသမဂ္ဂသို့တက်ရောက်အရေးဆိုခြင်းဖြစ်ကြောင်း အစ္စရေးလ်ကလည်း တဖန်ပြန်လည်စွပ်စွဲလိုက်ပြန်သည်။ ကုလသမဂ္ဂသို့ ယခုကဲ့သို့တက်ရောက်အရေးဆိုမှုသည် တွေ့ဆုံဆွေး နွေးရေး အသစ်များပြုလုပ်နိုင်ရေးအတွက် မဟုတ်ကြောင်း၊ တွေ့ဆုံဆွေးနွေးရေးပြုလုပ်သည့်အခါတွင်လည်း နိုင်ငံတစ်နိုင်ငံ ဟူသည့် အဆင့်ဖြင့် တန်းတူဆွေးနွေးနိုင်ရေးအတွက်ဖြစ်ကြောင်း ပါလက်စတိုင်းတို့ကဆိုသည်။
ပါလက်စတိုင်း၏ နိုင်ငံအဖြစ်တောင်းဆိုထားမှုကို အစ္စရေးလ်တို့ကလည်း ထောက်ခံကြရန် အာဘက်ကတောင်းဆိုလိုက်ပြီး ငြိမ်းချမ်းရေးအတွက် အခွင့်အရေးကို လက်လွတ်မခံကြရန် တိုက်တွန်းလိုက်သည်။
“ပါလက်စတိုင်းကို နိုင်ငံတစ်နိုင်ငံအဖြစ်အသိအမှတ်ပြုထောက်ခံတယ်ဆိုရင် နှစ်နိုင်ငံယှဉ်တွဲရပ်တည်ရေးမူဝါဒ အကောင်အထည်ပေါ်လာမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးအတွက် အဲဒီအခွင့်အလမ်းကို လက်မလွှတ်ကြပါနဲ့။”
“အစ္စရေးလ်လူထုကို ပြောလိုတာက ကျွန်တော်တို့ ငြိမ်းချမ်းရေးလိုလားတယ်။ ခင်ဗျားတို့လည်းလိုလားတယ်။ ရှေ့မတိုး၊ နောက်မဆုတ်နဲ့ အချိန်တွေအများကြီးကုန်ခဲ့ပြီးပါပြီ။ ဒီတစ်ခါတော့ ရှေ့ကိုရောက်အောင် သွားချင်ပါတယ်။”

အာဘက်သည် ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ (PLO) ၏ ခေါင်းဆောင်တစ်ယောက်အနေနှင့် ကုလသမဂ္ဂတွင် တောင်းဆို နေခြင်းဖြစ်ပြီး စက်တင်ဘာ ၂၃ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာကြီး၌ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။ ထို့နောက် အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းထံသို့ တောင်းဆိုလွှာတင်သွင်းမည်ဖြစ်သည်။

တောင်းဆိုလွှာသည် ပါလက်စတိုင်းကို ၁၉၆၇ ခုနှစ် သဘောတူညီချက်ပါနယ်နိမိတ်အတိုင်း နိုင်ငံတစ်နိုင်ငံအဖြစ်အသိအမှတ်ပြု ပြီး ကုလသမဂ္ဂတွင် အဖွဲ့ဝင်နိုင်ငံအဖြစ်လည်းပါဝင်ခွင့်ပေးရန်ဖြစ်သည်။ တောင်းဆိုချက်များကို အထွေထွေညီလာကြီးမှ အတည်ပြုသဘောတူညီမှု ပေးနိုင်ရန် လုံခြုံရေးကောင်စီ ကိုးနိုင်ငံ၏ သဘောတူညီချက်ရရှိရမည်၊ ဗီတိုအာဏာဖြင့်ပယ်ချခံရမှု မရှိ ဖြစ်ရမည်။
“ကျွန်တော်တို့ ကြိုးပမ်းမှုက ချောက်ထဲကို ခုန်ချတဲ့အလုပ်မျိုးမဟုတ်ပါဘူး။ လွတ်လပ်ရေးကို တောင်းဆိုတာပါ။ အကွဲကွဲ အပြားအပြားဖြစ်နေတဲ့ ကမ္ဘာကြီးကို မေးချင်ပါတယ်။ ကျွန်တော်တို့မှာ နိုင်ငံတစ်ခုတည်ထောင်နိုင်ခွင့်ဘယ်တော့မှ ရမှာလဲ။” ဟု အာဘက်က ပြောသည်။

Source: The Jakarta Globe

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။