Wednesday, September 21, 2011

တစ်ဖက်သတ်ဗီတိုအာဏာပိုင်ရှင် အမေရိကန်


အကယ်၍ပါလက်စတိုင်းကို ကုလသမဂ္ဂမှ ထောက်ခံမဲပေးခဲ့လျင် အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးအတွက် ထိုးနှက်မှုတစ်ခုအဖြစ် ရှုမြင်၍ အမေရိကန်က ဗီတိုအာဏာသုံးစွဲကာ ပယ်ချသွားမည်လို့ အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ဆုံးဖြတ်ထား တယ်။
အစ္စရေး-ပါလက်စတိုင်းငြိမ်းချမ်းရေးကိုဆောင်ရွက်နေတဲ့ အင်အားကြီးနိုင်ငံများရဲ့ အင်အားလွန်ဆွဲမှုအရှုပ်အထွေးများကို ဥပေက္ခာပြုပြီး တစ်ကိုယ်တော်ဆန္ဒဖြင့် လိုရာကိုတောင်းဆိုနေခြင်းဖြင့် ငြိမ်းချမ်းရေးမရနိုင်ကြောင်း၊ တွေ့ဆုံဆွေးနွေးအဖြေရှာမှု ဖြင့်သာလျှင် ငြိမ်းချမ်းရေးရနိုင်ကြောင်း အိုဘားမားအစိုးရက ပြောကြားလိုက်ပါတယ်။ ပဋိပက္ခကို ဆွဲဆန့်ထားခြင်းဖြင့် ဆုံးရှံးမှု ပိုများလိမ့်မည်ဖြစ်ကြောင်း လက်ခံမှသာ ပဋိပက္ခအသွင်ဆောင်နေသော နှစ်ဘက်အဖွဲ့အစည်းများအတွက် ငြိမ်းချမ်းရေးရရှိနိုင် ကြောင်း သမိုင်းသက်သေများကရှိထားပြီးဖြစ်၍ နမူနာယူရန်ပြောကြားခဲ့ပါသေးတယ်။ အဲဒီနေရာမှာ သမိုင်းတစ်လျှောက် အစ္စရေးရဲ့ကျူးကျော် သိမ်းပိုက်မှုများအတွက် အစ္စရေးလ်က ပြန်လည်ပေးဆပ်ရမှုဆိုတာအနည်းငယ်သာရှိခဲ့ပါတယ်။
ဒါပေမယ့် အိုဘားမားပြောနေတဲ့ တစ်ကိုယ်တော်ဆန္ဒဖြင့် လုပ်ဆောင်မှုကြောင့် နိုင်ငံရေးတွင် အောင်မြင်မှုမရနိုင်ဆိုတဲ့ အချက် ကို လက်ခံမည်ဆိုရင် သမိုင်းတစ်လျှောက် အစ္စရေးလ်-ပါလက်စတိုင်းအရေးက အစ္စရေးလ်ရဲ့ ငါ့မြင်းငါစိုင်း(တစ်ကိုယ်တော်ဝါဒ) လုပ်ဆောင်ချက် တွေကို လေ့လာသိရှိနိုင်မှာဖြစ်ပြီး အမေရိကန်လည်း ထိုနည်းလည်းကောင်းပင်ဖြစ် ကြောင်းသိနိုင်ပါတယ်။

အရေးကြီးတဲ့ သမိုင်းအစိတ်အပိုင်းကို ပြန်ကြည့်မယ်ဆိုရင် ၁၉၉၁ ခုနှစ်မှာ အစ္စရေးလ်နဲ့ ပါလက်စတိုင်းတို့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲအတွက် စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ပထမဦးဆုံးတွေ့ဆုံခဲ့ကြတယ်။ မက်ဒရစ်ညီလာခံရဲ့ အခြေခံမူက ငြိမ်းချမ်းရေးအတွက် ၁၉၆၇ ခုနှစ် စစ်ပွဲအတွင်းအစ္စရေးလ်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းနယ်မြေတွေကို ပြန်ပေးဖို့ ကုလသမဂ္ဂကြေငြာချက်အမှတ် ၂၄၂ နှင့် ၃၃၈ တို့ပေါ်မှာ အခြေခံပြီးတော့ စေ့စပ်ညှိနှိုင်းကြဖို့ဖြစ်ပါတယ်။

အဲဒီအချိန်ကစပြီးတော့ အစ္စရေးလ်က မည်သည့်ကြေငြာချက်၊ မည်သည့်ဆုံးဖြတ်ကိုမျှ လိုက်နာခြင်းမပြုတော့ဘဲ ထင်ရာစိုင်းလိုက်သည်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ၏ အဓိကကြောရိုးကို မရောက်နိုင်ခဲ့ပေ။ ပါလက်စတိုင်းမြေများကို သိမ်းပိုက်ခြင်း၊ အိမ်ယာဆောက်လုပ် ခြင်း၊ သိမ်းပိုက်ထားသော မြေများပေါ်သို့ ဂျူးများကို ပို့ဆောင်နေထိုင်စေခြင်း၊ စတဲ့ လုပ်ဆောင်ချက်တွေက ငြိမ်းချမ်ရေး လုပ်ငန်းစဉ်ကို ထိခိုက်စေကြောင်း အမေရိကန် အစိုးရအဆက်ဆက် လက်ခံခဲ့ကြပါတယ်။

စဉ်းစားကြည့်ပါ။ ၁၉၉၁ ခုနှစ်ကုန်မှာ အရှေ့ဂျေရုစလင်မှာ ဂျူးအခြေချ ၁၃၂,၀၀၀ ဦးရေရှိပြီးတော့ အနောက်ဘက်ကမ်းမှာ ၈၉,၈၀၀ ဦးရေရှိတယ်။ နောက်နှစ် ၂၀ အကြာမှာတော့ အရှေ့ဂျေရုစလင်မှာ ဂျူးအခြေချ ၄၀% တိုးပွားလာပြီးတော့ အနောက် ဘက်ကမ်းမှာ ၃၀၀% အထိတက်လာတယ်လို့ အစ္စရေးလ်စာရင်းအင်းဗဟိုဌာနက ထုတ်ပြန်တဲ့ စာရင်းဇယားများအရ သိရပါ တယ်။ လက်ရှိမှာတော့ ဂျူး သန်းဝက်လောက်ကျူးကျော်နေထိုင်နေပါတယ်။

အနောက်ဘက်ကမ်းသို့ ဂျူးအခြချရွှေ့ပြောင်းနေထိုင်မှုကို လေ့လာသူတစ်ဦးက အလယ်အလတ်လက်ဝဲပါတီများ အာဏာရရှိ လာခြင်းနှင့် ဂျူးအခြေချများတိုးပွားလာခြင်းသည် ဆက်စပ်လျက်ရှိကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။ လေဘာပါတီက ညွန့်ပေါင်းအစိုးရဖွဲ့ပြီး အုပ်ချုပ်နေတဲ့ကာလတွေမှာ လီကွတ်ပါတီနဲ့ ခါဒီမာပါတီတွေ အာဏာရတဲ့ အချိန်တွေထက် ဂျူးအခြေချ တွေ ပိုပြီးများတယ်လို့ပြောလို့မရရင်တောင် များလာနေတဲ့ အချိန်တွေပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ထင်ရှားအောင်ပြောချင်တာက အစ္စရေးလ်အစိုးရ အဆက်ဆက်ဟာ အနောက်ဘက်ကမ်းမှာ ဂျူးအခြေစိုက်ရေးလုပ်ငန်းတွေကို ဘယ်သူဘာပြောပြော လုပ်ချင်သလိုလုပ်နေပြီး တစ်ချိန်တည်းမှာပဲ ပါလက်စတိုင်းနယ်မြေပြန်ပေးရေးအခြေခံပြီး ငြိမ်းချမ်းရေးဆောင်ရွက်မှု တွေကိုလည်း လုပ်နေပြန်တယ်။



ဂျူးကျူးကျော်အခြေချလုပ်ငန်းတွေကို ကြည့်ခြင်းအားဖြင့် နှစ်နိုင်ငံငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးဆိုတဲ့ အဖြေအတွက် အစ္စရေးလ်တွေဆီမှာ ဘာမှရည်ရွယ်ချက်မရှိဘူးဆိုတာ သိလာလို့ ပါလက်စတိုင်းက ကုလသမဂ္ဂကိုတက်ပြီး နိုင်ငံဖြစ်တည်ရေး အတွက်တောင်းဆိုလာတာဖြစ်ပါတယ်။  ဒါဟာနှစ်နှိင်ငံငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးဆိုတဲ့ မူဝါဒကို သမိုင်းအမှိုက်ပုံထဲမလွှင့်ပစ် လိုက်ခင်မှာ ပါလက်စတိုင်းတို့အနေနဲ့ နောက်ဆုံးအားထုတ်မှုတစ်ခုဖြစ်ပါတယ်။

သူတို့တောင်းဆိုမှုက ရိုးသားပါတယ်။ နှစ်နိုင်ငံယှဉ်တွဲနေထိုင်ရေးဆိုတဲ့ မူဝါဒအရ နယ်မြေနှစ်ခုကို သတ်သတ်မှတ်မှတ်ထားပေး လိုက်ရင် အစ္စရေးလ်တို့အနေနဲ့ နယ်မြေပြန်ပေးရေးကို အခြေပြုပြီးစေ့စပ်ညှိနှိုင်းရေးကတစ်ဘက်ပြပြီး တစ်ဘက်ကလည်း ကျူးကျော်အခြေချတာ တွေ ဘယ်လိုလုပ်နိုင်တော့မှာလဲ။ အစ္စရေးလ်က တစ်ကိုယ်တော်ထင်ရာစိုင်းလုပ်နေတာတွေက ပါလက်စတိုင်းအတွက်လည်း ချောင်ပိတ်မိစေပြီးရွေးချယ်စရာမရှိတော့ပဲ ကိုယ့်သဘောနဲ့ကိုယ်တောင်းဆိုလာတာဖြစ်ပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် နှစ်ဖက် လုံးက လုပ်နေကြတဲ့ နေရာမှာ ကွဲပြားတာက ပါလက်စတိုင်းက ငြိမ်းချမ်းရေးကို တကယ်လိုလားပြီး၊ အစ္စရေးလ်ကတော့ ငြိမ်းချမ်း ရေး ကိုဖျက်ဆီးနေတာပါ။

ငြိမ်းချမ်းရေးကို ဂရုမစိုက်ဘဲ တစ်လျှောက်လုံးကိုယ့်သဘောနဲ့ကိုယ် လုပ်ချင်ရာလုပ်လာတဲ့ အစ္စရေးလ်အပေါ် အမေရိကန်က ဘယ်တုန်းကမှ ဗီတိုအာဏာသုံးဖို့ မစဉ်းစားခဲ့ပါဘူး။ ဒါပေမယ့် နိုင်ငံတကာဥပဒေတွေကို ချိုးဖေါက်ပြီးလုပ်နေတဲ့ အစ္စရေးလ် အပေါ် နိုင်ငံတကာက ရှုံ့ချတဲ့ ကိစ္စတွေ၊ အရေးယူဖို့ ကိစ္စတွေမှာတော့ ဗီတိုအာဏာကို အမြဲသုံးပြီး ကာကွယ်ပေးလေ့ရှိပါတယ်။ အခုလည်း အိုဘားမားအစိုးရက ပါလက်စတိုင်းရဲ့ကြိုးပမ်းမှုအပေါ်ကိုယ့်သဘောနဲ့ကိုယ် လုပ်ချင်ရာလုပ်တယ်ဆိုတဲ့ ဘက်မှားနေ တဲ့ စွပ်စွဲချက်နဲ့ ဗီတိုအာဏာသုံးဖို့ ပြင်ဆင်နေပါတယ်။

ဒီနေရာမှာ တကယ်မေးသင့်တဲ့ မေးခွန်းတစ်ခုက အဖြေတစ်ခုထွက်လာ ဖို့အတွက် တစ်ကိုယ်တော်ဝါဒ ကျင့်သုံးတော့ရော ဘာများမကောင်းတာရှိလို့လဲ။ အဖြေထွက်မလာဘဲ ဆိုးကျိုးတွေသာ ထွက်လာတဲ့ တစ်ကိုယ်တော်ဝါဒကျင့်သုံးခဲ့တာတွေအတွက်ကျတော့ ဘာဖြစ်လို့ ရေငုံနှုတ်ပိတ်နေခဲ့တာလဲ။

အမေရိကန်သမ္မတ အိုဘားမားအနေနဲ့ မှတ်ယူဆင်ခြင်သင့်တာက အခုလိုပါလက်စတိုင်းရဲ့ ကြိုးပမ်းအားထုတ်မှုက နှစ်နိုင်ငံ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးဆိုတဲ့ အဖြေကို ကယ်တင်ဖို့နောက်ဆုံးအခွင့်အရေးပဲဖြစ်တယ်ဆိုတာပါ။
ပါလက်စတိုင်းရဲ့ တောင်းဆိုမှုကို အမေရိကန်က ဗီတိုအာဏာသုံးပြီးဖယ်ရှားပစ်လိုက်ရင် နောက်မလွဲမသွေဖြစ်လာမှာတွေက နှစ်နိုင်ငံငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်နိုင်ခြင်းပျက်စီးသွားမယ်။ တစ်ကိုယ်တော်ဝါဒပေါ်ပေါက်လာပြီး လမ်းလွဲကိုရောက်သွားလိမ့် မယ်။


ဆောင်းပါးရှင် Neve Gordon (Israel’s Occupation စာအုပ်ကိုရေးသားသူ) နှင့် Yinon Cohen (နယူးယောက်၊ ကိုလံဘီယာ တက္ကသိုလ်၊ လူမှုဗေဒဌာန၊ အစ္စရေး-ဂျူးလေ့လာရေး ပါမောက္ခ) တို့ရေးသားသော “The one-sided US veto” ဆောင်းပါးကို ဘာသာပြန်ဆိုဖေါ်ပြသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။