Thursday, September 22, 2011

မက္ကဆီကို အရှေ့ဘက်တွင် လူ ၃၅ ယောက်ကို သတ်ဖြတ်ပြီးလမ်းပေါ်ပစ်ထား


ရာဇဝတ်ဂိုဏ်းများနှင့် ပတ်သက်ဆက်နွယ်သည်ဟု ယူဆရသော သတ်ဖြတ်ခံထားရသော အလောင်း ၃၅ လောင်းနှင့်အတူ စွန့်ပစ်သွားသောထရပ်ကားနှစ်စင်းကို မက္ကဆီကို အရှေ့ဘက် အဝေးပြေးလမ်းမကြီးတစ်ခု၏ တံတားတစ်ခုအောက်တွင် တွေ့ရှိခဲ့ရသည်။
အလောင်းများကို ဗီရာခရုဇ် ကမ်းခြေမြို့နှင့် ကပ်လျှက် ဘိုကာဒယ်လ်ရီရိုမြို့၏ ကုန်တိုက်ကြီးတစ်ခုအနီးတွင်တွေ့ရှိရခြင်းဖြစ် ကြောင်း အစိုးရရှေ့နေ ရေနယ်ဒိုအက်စကိုဘာက မီလန်နီယိုရုပ်မြင်သံကြားသတင်းဌာနသို့ပြောပြခဲ့သည်။
“ရာဇဝတ်ဂိုဏ်းတွေနဲ့ ဆက်နွယ်နေတဲ့လူတွေပဲဖြစ်ပါတယ်။ ခုနှစ်ယောက်ကိုတော့ ဘယ်သူဘယ်ဝါဆိုတာ သိရပါပြီ။”

အယ်လ်ဂျာဇီယာသတင်းထောက် ဖရန့်ကွန်ထရာက ဗီရာခရုဇ်မှ သတင်းပေးပို့ခဲ့ရာတွင် “လမ်းမပေါ်မှာ အလောင်းတွေက စုပုံနေ ပြီးတော့ နှိပ်စက်ညှဉ်းပမ်းခံထားရတဲ့ လက္ခဏာတွေလည်းတွေ့ရပါတယ်။ အချို့ခန္ဓာကိုယ် အစိတ်အပိုင်းတွေလည်းတွေ့ရပါ တယ်။” ဟု ပြောပြခဲ့သည်။
မီလန်နီယိုသတင်းစာနှင့် လာဂျော်နာဒါ သတင်းစာများတွင်လည်း အချို့အလောင်းများတွင် လက်များကိုကြိုးဖြင့်ချည်ထားပြီး နှိပ်စက်ခံထားရကြောင်း ရေးသားဖေါ်ပြခဲ့သည်။ ဒေသတွင်းရုပ်မြင်သံကြားတွင်လည်း လမ်းမပေါ်ပြန့်ကျဲနေသော အလောင်းများ နှင့် ကားပေါ်တွင် ပလတ်စတစ်အပြာစဖြင့် အုပ်ဆိုင်းထားသော အလောင်းများကို ပြသခဲ့သည်။

မက္ကဆီကို အနောက်ဘက်ပိုင်းတွင် အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများကျူးလွန်နေသော တမ္ပလာသူရဲကောင်းများ (The Knights of Templar) အမည်ရှိ နောက်ဆုံးပေါ်မူးယစ်ဂိုဏ်းတစ်ခု၏ အရေးပါသော ခေါင်းဆောင်တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း အင်္ဂါနေ့ အစောပိုင်းက မက္ကဆီကိုစစ်တပ်မှ ကြေငြာခဲ့သေးသည်။

ယခင်က ရဲမှူးဖြစ်ခဲ့ပြီး လွှတ်တော်အမတ်ရွေးကောက်ပွဲတစ်ကြိမ်ဝင်ရောက်ယှဉ်ပြိုင်ဖူးသူ ဆောလ်ဆိုလစ်ကို တနင်္လာနေ့က သူ့ဇာတိ မီခိုအာကန်ပြည်နယ်တွင်ဖမ်းဆီးရမိခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ကြီး အဂ္ဂါလူးဝစ်ဗီလီဂက်စ်က ပြော ကြားခဲ့သည်။ သူ့ကို မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ပြန်ပေးဆွဲမှုနှင့် ရဲနှင့်စစ်တပ်ကို တိုက်ခိုက်မှုများဖြင့် စွပ်စွဲထားသည်။

တမ္ပလာသူရဲကောင်းများ မူးယစ်ဂိုဏ်းသည် နိုင်ငံတွင်း စိတ်ကြွဆေးအကြီးအကျယ်ရောင်းဝယ်ဖောက်ကားနေသော “မိသားစု” မူးယစ်ဂိုဏ်းမှ လွန်ခဲ့သောနှစ်က ခွဲထွက်လာသော ဂိုဏ်းသစ်ဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် သမ္မတ ဖီလစ်ပီကယ်လ်ဒီရွန် အာဏာ ရလာပြီးနောက် မူးယစ် ဂိုဏ်းနှိမ်နင်းရေး စီမံချက်စတင်အကောင်အထည်ဖေါ်ကာ ဆောင်ရွက်ချိန်မှစ၍ လူပေါင်း ၄၂,၀၀၀ သေဆုံးခဲ့ပြီးဖြစ်သည်။ ယင်းအကြမ်းဖက်ရာဇဝတ်မှုအများစုမှာ မြောက်ဘက်ရှိ အမေရိကန်နှင့် ထိစပ်နေသော ဒေသတွင် အဖြစ်များသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။