Tuesday, September 27, 2011

ကဒါဖီ ဇာတိ ဆာတ်မြို့ကိုတိုက်ခိုက်


လစ်ဗျားကြားဖြတ်အစိုးရ၏ တပ်များက ဆာတ်မြို့အရှေ့ဘက်အစွန်အဖျားများရှိ လမ်းကြိုလမ်းကြားမကျန် ကဒါဖီသစ္စာခံလက် ကျန်တပ်များ ကိုလိုက်လံတိုက်ခိုက်ချေမှုန်းလျက်ရှိပြီး နေတိုးမှ လေကြောင်းဖြင့် ပံ့ပိုးပေးလျက်ရှိသည်။ ဆာတ်မြို့သည် ကဒါဖီ ဇာတိဖြစ်သည်။
တနင်္လာနေ့က မြို့တွင်းမှ ၂ ကီလိုမီတာအကွာရှိ အဝိုင်းကြီးတွင် လစ်ဗျားကြားဖြတ်အစိုးရတပ်များနှင့် ကဒါဖီတပ်များ တိုက်ပွဲဖြစ် ပွားခဲ့ပြီး ကောင်းကင်တွင် မီးခိုးများဝေ့ဝဲနေခဲ့သည်။

နေတိုးလေယာဉ်များ မြို့ပေါ်ဝေဟင်တွင် ပျံဝဲနေစဉ်တွင် မြို့တွင်း၌ ကြီးမားသောပေါက်ကွဲသံများကြားရသော်လည်း နေတိုးအဖွဲ့ ကမူ ယခုစစ်ဆင်ရေးနှင့် ပတ်သက်ပြီး ထုတ်ဖေါ်ပြောကြားခြင်းမရှိပေ။
ကြားဖြတ်အစိုးရတပ်များက စက်လက်များ၊ ရိုင်ဖယ်များကို ကိုင်စွဲ၍တင့်ကားများနှင့် အတူ မြို့တွင်းသို့ချီတက်သွားကြသည်။
“ကြားဖြတ်အစိုးရတပ်တွေဟာ မြို့တွင်းကို အရှေ့ဘက်ကနေ ပထမဦးဆုံးအကြိမ်အဖြစ်ဝင်သွားနေကြပါတယ်။” ဟု အယ်လ်ဂျာဇီယာသတင်းထောက် ဆူးတာတွန်က တိုက်ပွဲဖြစ်ပွားရာ ရှေ့တန်းမျက်နှာစာမှ သတင်းပေးပို့ခဲ့သည်။
“ဒါပေမယ့် မြို့ထဲမှာ အရပ်သားတွေ အများအပြားရှိနေတဲ့အတွက် နေတိုးကသာ လုပ်ဆောင်နိုင်ပါလိမ့်မယ်။”

ယမန်နေ့က ကြားဖြတ်အစိုးရတပ်များသည် ကဒါဖီသစ္စာခံများ၏ အပြင်းအထန်ခုခံမှုများကြောင့် နောက်ပြန်ဆုတ်ခဲ့ရသေးသည်။ ဆာတ်မြို့သည် ဘန်နီဝါလစ် မြို့ဘေးတွင်တည်ရှိပြီး ကဒါဖီသစ္စာခံများ ထိန်းချုပ်ထားဆဲဖြစ်သည်။

လစ်ဗျားမြို့တော်ထရီပိုလီတွင် လူပေါင်း ၁,၂၀၀ ကျော် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရပြီး မြှုပ်နှံထားသော ရုပ်အလောင်း များကို ယခုရက်ပိုင်းအတွင်းအစိုးရမှတွေ့ရှိခဲ့သည်။
ယင်းရုပ်အလောင်းများသည် ထရီပိုလီမြို့မှ နာမည်ဆိုးဖြင့်ကျော်ကြားသော အဘူဆာလင်အကျဉ်းထောင်မှ အကျဉ်းသားများကို ၁၉၉၆ ခုနှစ်အတွင်းက သတ်ဖြတ်ထားခြင်းဖြစ်ကြောင်း ကြားဖြတ်အစိုးရ၏ စစ်ကောင်စီပြောခွင့်ရ ခါလစ်ရှာရစ်က ပြောသည်။ သို့သော် အတိအကျ ဟုတ်မဟုတ် အတည်ပြုနိုင်ခြင်းမရှိသေးပေ။
“ကျဆုံးသွားတဲ့ ကျွန်တော်တို့ရဲ့ အာဇာနည်သူရဲကောင်းတွေကို မြှုပ်နှံထားတဲ့ အလောင်းတွေကို တွေ့ရှိခဲ့ပါတယ်။ ကဒါဖီကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုဖြစ်ပါတယ်။” ဟု ခါလစ်က ဆိုသည်။
ရုပ်အလောင်းများကို မည်သူမည်ဝါများဖြစ်သည်ဟုဖေါ်ထုတ်နိုင်ရန်ဖွဲ့စည်းထားသော ကော်မီတီဝင်တစ်ဦးဖြစ်သူ ဆာလင် အယ်လ်-ဖာဂျာနီက နိုင်ငံတကာအကူအညီကိုတောင်းခံထားသည်။
“ရုပ်အလောင်းပေါင်း ၁,၇၀၀ ကို ဘယ်သူဘယ်ဝါ အတိအကျဖေါ်ထုတ်နိုင်ဖို့အတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီတွေ ကျွန်တော်တို့လိုပါတယ်။” ဟု ဖာဂျီနီက ပြောသည်။

အကျဉ်းသားမိသားစုဝင်များက သူတို့၏ ရှေ့နေများကို ဖမ်းဆီးခြင်းအတွက် ဘန်ဂါဇီတွင် ဆန္ဒပြတောင်းဆိုမှုများပြုလုပ်ခဲ့ဖြင့်
ယင်းသတ်ဖြတ်မှုကြီးက ဖေဖေါ်ဝါရီလ လူထုအုံကြွမှုပေါ်ပေါက်ရေးအတွက် တစ်စိတ်တစ်ဒေသအထောက်အပံ့ပေးခဲ့သည်။

အဘူဆာလင်အကျဉ်းထောင်သတ်ဖြတ်ခံရသူများကို မြှုပ်နှံထားသော ရုပ်အလောင်းကို သူကိုယ်တိုင်သွားရောက်ကြည့ှ်ရှုခဲ့ ကြောင်း ဖာဂျာနီကပြောသည်။
“အဘူဆာလင် အကျဉ်းသားတွေကို သတ်ဖြတ်မြှုပ်နှံထားတဲ့နေရာကို တွေ့တော့ လာကြည့်ဖို့ ကျွန်တော်တို့ကို ဖိတ်ခေါ် ခဲ့ပါတယ်။ အရိုးတွေ ပျံ့ကြဲနေတာပဲဗျာ။”

ရုပ်အလောင်းများကိုပါ လက်စဖျောက်သည့် သဘောဖြင့် အက်ဆစ်ဖြင့်ပက်လောင်းခြင်း ပြုလုပ်ထားကြောင်း ဖာဂျာနီကပြော၍ အလွန်ယုတ်မာသော လုပ်ရပ်ဖြစ်ကြောင်းဆိုသည်။
နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များကလည်း အကျဉ်းထောင်များအတွင်း သတ်ဖြတ်မှုများကို ဖြေရှင်းရန် ကဒါဖီအစိုးရကို နှစ်ပေါင်းများစွာတောင်းဆိုလာခဲ့ကြသည်။


Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။