Saturday, September 10, 2011

ဇန်ဇီဘာ ခရီးသည်တင် ကူးတို့သင်္ဘော နစ်မြုပ်

ရေပေါ်တွင် ပေါလောမျောနေသူများ

တန်ဇန်းနီးယား ကမ်းလွန်းကျွန်း တစ်ကျွန်းဖြစ်သော ဇန်ဇီဘာကျွန်း ကူးတို့သင်္ဘောပေါ်တွင် ခရီးသည် ၅၀၀ ကျော်ကို အဆမတန် တင်ဆောင်ခဲ့ပြီး နစ်မြုပ်ခဲ့ရာ ၁၆၃ ဦး သေဆုံးခဲ့သည်။

လူ ၁၀၀ ကျော် ပျောက်ဆုံးဆဲဖြစ်ပြီး အသက်ရှင်သူ ၃၂၅ ဦးကို ကယ်တင်နိုင်ခဲ့ပြီးဖြစ်ကြောင်း အရေးပေါ်ကယ်ဆယ်ရေးဝန်ကြီး ဌာန ဝန်ကြီးက ပြောကြားခဲ့သည်။

အမ်ဗွီစပိုက်စ် ကျွန်းသားများသည် ကမ္ဘာလှည့် ခရီးသွားများ သွားလာလေ့ရှိသော အန်ဂူဂျာ၊ ပန်ဘာနှင့် ဇန်ဇီဘာ ကုန်းမကြီးကြား ကူးသန်း သွားလာကြသည်။ ကူးတို့သင်္ဘောသည် အစ္စလာမ် ရမန်ဒါအားလပ်ရက် ပြီးဆုံးချိန် ပြန်လာသောလူများကို သယ်ဆောင် လာသော သင်္ဘောဖြစ်သည်။ အာဏာပိုင်များသည် ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး နိုင်ငံခြား အကူအညီ တောင်းခံထားသည်။

“သေဆုံးသူ ၁၆၃ ယောက် ကျွန်တော်တို့ ရှာတွေ့ပြီးပါပြီ။ အသက်ရှင်ကျန်ရစ်သူ ၃၂၅ ယောက်ကိုလည်း ကယ်တင်ပြီးပါ ပြီ။” ဟု အရေးပေါ် ကယ်ဆယ်ရေး ဝန်ကြီး မိုဟာမက်အာဘူးက AFP သတင်းဌာနသို့ပြောသည်။

ဇန်ဇီဘာအစိုးရသည် ကယ်ဆယ်ရေးဌာနတစ်ခုကို ဖွင့်လှစ်လိုက်ပြီး ကယ်ဆယ်ရေးလုပ်ငန်း
ဆောင်ရွက်လိုသူများ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်သည်။ တောင်အာဖရိကနှင့် ကင်ညာတို့မှလည်း ဝိုင်းဝန်း ကူညီပေးပါရန် တောင်းဆိုထားသည်။

အသက်ရှင် ကျန်ရစ်သူများကို ပုဂ္ဂလိကပိုင် လှေများ၊ သင်္ဘောများဖြင့် သွားရောက် ခေါ်ဆောင်လာခဲ့ပြီး စတုန်းမြို့ကမ်းခြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း ရဲမင်းကြီး မူဆာဟာမစ်က ပြောသည်။ ဆယ်ယူရရှိသော အလောင်းများကို ကမ်းခြေတွင် ဆေးကြော သန့်စင်ပေးခဲ့ကြသည်။

အလောင်း ၁၀၀ ကျော်ခန့် တွေ့ရှိခဲ့ပြီးဖြစ်ကြောင်း ဇန်ဇီဘာရှိ ဘီဘီစီသတင်းထောက် အလီဆာလဲ ကသတင်းပေးပို့ခဲ့သည်။ သင်္ဘောပေါ်တွင် လိုက်ပါသွားခဲ့သော ဆွေမျိုးသားချင်းများ၏ သတင်းကို စောင့်မျှော်နေကြသော လူထောင်ပေါင်းများစွာလည်း စောင့်ဆိုင်းနေကြကြောင်း ဆိုသည်။
ကယ်ဆယ်ရရှိသော အသက်ရှင်ကျန်ရစ်သူ များထဲမှ အယောက် ၄၀ မှာ ဒဏ်ရာအပြင်းအထန် ရရှိထားကြောင်း မစ္စတာအဘူးက ပြောသည်။

ဇန်ဇီဘာတွင် အလည်အပတ် ရောက်ရှိနေသော ဗြိတိန်နိုင်ငံသူ ကက်သရင်းပါဗစ်က သူမသည် မြို့တော် ဒါအက်စ်ဆာလမ်းသို့ သွားရန် ကူးတို့စောင့်နေစဉ် ရုပ်အလောင်းများရေထဲမှ ဆယ်ယူနေသည်ကို မြင်တွေ့ခဲ့ကြောင်းဆိုသည်။

“အခြား ဗြိတိသျှနဲ့ အမေရိကန် လူမျိုးခရီးသည် ၁၀ လောက်နဲ့ အတူ ကျွန်မ ကူးတို့ စောင့်နေခဲ့ပါတယ်။ နစ်သွားတဲ့ သင်္ဘောက လူတွေကို ကယ်ဆယ်ပေးနေရတဲ့အတွက် လှေတွေ၊ သင်္ဘောတွေအားလုံး အလုပ်များနေကြပြီး ကျွန်မတို့  ခရီးစဉ်စောင့်ဆိုင်း နေရပါတယ်။

ကျွန်မတို့ ရှေ့မှာတင် ရေထဲက အလောင်းတွေကို ဆယ်ပြီး အိပ်တွေနဲ့ ထည့်ထားတာ အများကြီးပါပဲ။”

သင်္ဘောနစ်မြုပ်ရာ နေရာတွင် ပျံသန်း၍ ကယ်ဆယ်ရေး လုပ်ခဲ့သော ဒေသခံ ရဟတ်ယာဉ် မောင်းကပ္ပတိန် နီးလ်စ်ဗန်အိဂ်ျက
“အသက်ရှင် ကျန်နေတဲ့ လူတွေဟာ ရေပေါ် ပေါ်နိုင်တဲ့ မွေ့ရာတို့၊ ရေခဲသေတ္တာတို့ အစရှိတဲ့ ပစ္စည်းတွေကို ဖက်တွယ် ထားကြတယ်။ လူဘယ်နှယောက်လောက် အဲလိုဖြစ်နေလဲ ဆိုတာ အရေအတွက် အတိအကျ
ပြောဖို့တော့ ခက်တယ်။ ဒါပေမယ့် လူနှစ်ရာလောက်တော့ရှိမယ် ခန့်မှန်းတယ်။ အလောင်းတွေလည်း တွေ့တယ်။” ဟု ဘီဘီစီသို့ပြောပြခဲ့သည်။

“နောက်တော့ လှေတွေ ထွက်လာကြတယ်။ အသက်ရှင် ကျန်ရစ်သူတွေကို လိုက်ရှာကြတယ်။ ပင်လယ်ပြင်မှာ အခြေအနေ သိပ်ဆိုးမနေပေမယ့် လှိုင်းတွေက မြင့်တာကြောင့် ရေပေါ်မျောနေတဲ့ လူတွေကို တွေ့ဖို့ အတော် ခက်ခဲတယ်။ ကျွန်တော်တို့က လှေတွေကို အပေါ်ကနေ လမ်းပြပေးရတယ်။ အလောင်းတွေရှိတဲ့ နေရာတွေကို ရောပေါ့။”

ကူးတို့သင်္ဘောမှာ အန်ဂူဂျာမှ ည ၉ နာရီခန့်တွင် ထွက်ခွါလာခဲ့ပြီး မနက် တစ်နာရီခန့်တွင် နစ်မြုပ်ခဲ့သည်။
သင်္ဘောမှာ ခရီးသည်ဦးရေ ဝန်၊ပို အဆမတန် တင်ဆောင်ခဲ့ပြီး အချို့ခရီးသည်များကိုပင် ထားရစ်ခဲ့ရကြောင်း အသက်ရှင်ကျန်ရစ် သူ အဗ္ဗဒူလာဆိုက်ဒ်က AFP သို့ပြောသည်။

Source: BBC

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။