Thursday, September 8, 2011

မူဘာရက်အား ရုံးတော်တွင် စစ်ဆေးမှုပြန်လည်စတင်


အီဂျစ်အာဏာရှင်ဟောင်း မူဘာရက်အား ၅ ကြိမ်မြောက်ရုံးထုတ်စစ်ဆေးခြင်း ပြန်လည် စတင်ပြီဖြစ်သည်။ လူတင်နာတင် ကုတင် ပေါ်တွင် လှဲလျောင်းကာ တရားရုံး
ပြုလုပ်ထားသော ရဲသိပ္ပံ အကယ်ဒမီ အဆောက်အဦးအတွင်း ဝင်ရောက်လာပုံကို နိုင်ငံပိုင်ရုပ်မြင် သံကြားမှ ထုတ်လွှင့် ပြသခဲ့သည်။ ကြာသပတေးနေ့တွင် ဗဟိုလုံခြုံရေးတပ်မှ မျက်မြင်သက်သေ နှစ်ဦးက တရားရုံးတွင် ထွက်ဆို ခဲ့ကြသည်။

ဆန္ဒပြပွဲများအတွင်း ဆန္ဒပြသူများကို သတ်ဖြတ်ခဲ့မှုဖြင့် ပြည်ထဲရေး ဝန်ကြီးနှင့် သူ့၏ အပေါင်းအပါများအပေါ် သက်သေထွက်ဆိုခဲ့သော မျက်မြင်သက်သေ တစ်ဦးက ပြစ်တင်ပြောကြားခဲ့သည်။

ဆန္ဒပြပွဲများကို ဖြိုခွင်းရန် မူဘာရက်ဆောင်ရွက်ခဲ့မှုများကို သိရှိသုံးသပ်နိုင်ရန် လက်ရှိအုပ်ချုပ်နေသော စစ်ကောင်စီခေါင်းဆောင် ကို တရားသူကြီးက ဆင့်ခေါ်ကာထွက်ဆိုစေမည်ဖြစ်သည်။
ထို့ကြောင့် တနင်္ဂနွေနေ့တရားရုံးချိန်းတွင်လက်ရှိအာဏာပိုင် ဗိုလ်ချုပ်ကြီးမိုဟာမက်တန်တာဝီ တရားရုံးတော်သို့ လာရောက်ထွက်ဆို မည်ဖြစ်သည်။

“သမ္မတဟောင်း မူဘာရက်အပေါ် စွဲဆိုထားတဲ့ အမှုတွေအပေါ် သက်သေတွေ အခိုင်အမာရအောင် ဗိုလ်ချုပ်ကြီးတန်တာဝီ နဲ့ ဗိုလ်ချုပ်ကြီး ဆာမီအေနန်တို့ကို ဆင့်ခေါ်ထားတာပါ။ မူဘာရက်က ပစ်မိန့်ပေးခဲ့သလား၊ မပေးခဲ့ဘူးလား၊ ဆိုတာရယ်။ တော်လှန်ရေးနဲ့ပတ်သက်ပြီး သူဘယ်လောက်သိခဲ့သလဲ ဆိုတာတွေကို သက်သေအနေနဲ့ စစ်ဆေးရအောင်လို့ပါ။”

တရားရုံးတွင် ယခုကဲ့သို့ စစ်ဦးစီးချုပ်မှ သက်သေ ထွက်ဆိုလိုက်ခြင်းကြောင့် စစ်တပ်သည် သမ္မတဟောင်း မူဘာရက်နှင့် နီးစပ် လျက်ရှိနေသေးကြောင်း ဝေဖန်မှုများကို ချေပနိုင်မည်ဖြစ်သည်။ မမှန်သက်သေ ထွက်ဆိုခြင်းများလည်း ဖြစ်လာနိုင်သည်ဟု ခန့်မှန်းကြသည်။

တရားခွင်ကို စာနယ်ဇင်းများနှင့် လူထုအားလည်း တက်ရောက်ခွင့်မပြုချေ။ သက်သေ ထွက်ဆိုချက်များပြင်ပသို့ ပေါက်ကြားမှုများကိုပင် ဖေါ်ပြခြင်းမပြုရန် တရားသူကြီးက အီဂျစ်စာနယ်ဇင်းများကို တားမြစ်ထားသည်။

သက်သေ ဆင့်ခေါ်ခံရသူများထဲတွင် ဆန္ဒပြပွဲများ ဖြစ်ပွားစဉ်က မူဘာရက်က ဒုတိယသမ္မတအဖြစ် ခန့်အပ်ခဲ့သော အိုမာဆူလေမန် လည်းပါဝင်သည်။ ထို့မတိုင်မီက သြဇာကြီးသော စုံစမ်းထောက်လှမ်းရေး အကြီးအကဲဖြစ်ခဲ့ပြီး မူဘာရက်၏ လက်ရုံးတစ်ဆူအဖြစ် ဆယ်စုနှစ် နှစ်စုခန့်နေခဲ့သည်။

အကယ်၍ သက်သေထွက်ဆိုချက်များအရ ဆန္ဒပြသူများကို မူဘာရက်မှ တိုက်ရိုက် ပစ်မိန့်ပေး ဖြိုခွင်းခိုင်းကြောင်းထင်ရှားပါက သေဒဏ် ချမှတ်နိုင်မည် ဖြစ်သည်။ တိုက်ရိုက် ပစ်မိန့်ပေးခြင်းမျိုးမဟုတ်ပဲ တားဆီးခြင်း မပြုခဲ့ရုံသာဖြစ်ပါက ပြစ်ဒဏ်ထို့ထက် ပေါ့လျော့မည်ဖြစ်သည်။

မူဘာရက်ကမူ သူနှင့်သူ့စစ်တပ်သည် စွဲဆိုထားသော အမှုများကို ကျူးလွန်ခဲ့ခြင်းမရှိကြောင်း ငြင်းဆို ထားသည်။ ထိုစဉ်က အဓိကရုဏ်း ဖြစ်ပွားနေချိန်ဖြစ်၍ ရဲနှင့် ဆန္ဒပြသူများကြား ရုန်းရင်းဆန်ခတ်
ဖြစ်ပွားမှုများကြောင့် သေဆုံးမှုများဖြစ်ပေါ် နိုင်ကြောင်း ရုံးတော်၌ တရားရင်ဆိုင်ခြင်း မပြုမီအချိန်က စုံစမ်းစစ်ဆေးသူများကို မူဘာရက်က ပြောကြားခဲ့သည်။ အင်အားသုံး ဖြိုခွင်းမှုများကို အဘယ်ကြောင့် ရပ်တန့်ရန် အမိန့်မပေးခဲ့သနည်း ဟူသော မေးခွန်းကို မူဘာရက်က “အဲဒီအချိန်မှာ ကျုပ်ကိုရော ကျုပ်ပေးတဲ့ အမိန့်ကိုရော ဘယ်သူကမှ နာခံကြမှာမဟုတ်ဘူးလေ။ ” ဟုဖြေကြားခဲ့သည်။

သူနှင့်အတူ တရားရုံးတွင် ရင်ဆိုင်နေရသူများမှာ အယ်-အက်ဒလီနှင့် အခြား အဆင့်မြင့် အစိုးရအရာရှိဟောင်း ၆ ဦးတို့ ဖြစ်ကြ သည်။ မူဘာရက်နှင့် သူ့သားနှစ်ဦးမှာ နောက်ထပ် လာဘ်ပေး လာဘ်ယူ မှုများကိုလည်း ရင်ဆိုင်နေရသည်။

ဗုဒ္ဓဟူးနေ့နှင့် တနင်္လာနေ့ ရုံးချိန်းတွင် ယခင်စစ်ဘက်ဆိုင်ရာ အရာရှိငါးဦးက တရားလိုပြ သက်သေအဖြစ် ထွက်ဆိုခဲ့ရာ သက်သေခံ ထွက်ချက်များမှာ မမှန်ကန်ဟု အများက သံသယဖြစ်ကြသည်။
ယခင် ထွက်ချက်များအရ သူတို့ငါးဦးသည် ဆန္ဒပြသူများအား ပစ်ခတ်ရန် တိုက်ရိုက် အမိန့်ရခဲ့သည်ဟု ထွက်ဆိုကြမည်ဟု တရားရုံး ရှေ့နေများက မျှော်လင့်ထားကြသော်လည်း သူတို့အနေနှင့် ယင်းသို့ အမိန့်မရခဲ့ပါဟု ထွက်ဆိုသွားခဲ့ကြသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။