Tuesday, September 20, 2011

လိမ္မော်ခွံမှ လောင်စာဆီချက်လုပ်နိုင်ရန် ဗြိတိန်သိပ္ပံပညာများ စမ်းသပ်


ဗြိတိန်သိပ္ပံပညာရှင်များက လိမ္မော်ခွံမှ လောင်စာဆီထုတ်လုပ်ပေးမည့် မိုက်ကရိုဝေ့မီးဖိုတစ်လုံးတီထွင်နေကြပါတယ်။
အဆိုပါ အထူးမိုက်ကရိုဝေ့မှ လိမ္မော်ခွံအတွင်းမော်လီကျူးများကို ဖြိုခွဲပြီး ထွက်ပေါ်လာသော ဓါတ်ငွေ့ကို အရည်အဖြစ်သို့ ပြောင်းလဲကာ လောင်စာဆီအဖြစ်ထုတ်လုပ်နိုင်တယ် လို့ ယောက်တက္ကသိုလ်မှ ဂျိမ်းကလပ်က ပြောပါတယ်။
ဂျိမ်းကလပ်ရဲ့ အပြောအရတော့ အပင်ကထွက်တဲ့စွန့်ပစ်ပစ္စည်းမှန်သမျှ လောင်စာ ဒါမှမဟုတ် အခြားပစ္စည်းတွေပြန်လည်ထုတ် လုပ်လို့ရတယ် လို့ ဆိုပါတယ်။ ကောက်ရိုး၊ သီဟိုစေ့အခွံ၊ ပန်းသီးခွံ၊ ကော်ဖီခွံ၊ စပါးခွံ စတဲ့ အပင်တွေ အသီးတွေရဲ့ စွန့်ပစ်ပစ္စည်း တွေ အပါအဝင်ပဲလို့ ပြောတဲ့အကြောင်း Daily Express သတင်းစာက ရေးသားထားပါတယ်။

“လိမ္မော်ခွံကတော့ အကောင်းဆုံးနမူနာပါပဲ။ ဘရာဇီးဟာ ကမ္ဘာပေါ်မှာ လိမ္မော်ရည်အများဆုံးထုတ်လုပ်တဲ့နိုင်ငံဖြစ်ပါ တယ်။ လိမ္မော်ရည်ဖြစ်သွားတဲ့နောက် လိမ္မော်သီးတွေရဲ့တစ်ဝက်လောက်က စွန့်ပစ်ပစ္စည်းဖြစ်သွားပါတယ်။ တစ်နှစ်ကို လိမ္မော်ခွံ တန်ချိန်ရှစ်သန်းထွက်ပါတယ်။ အဲဒါတွေကို ဓါတုပစ္စည်းတွေ ၊ အခြားအရာဝတ္ထုတွေ နဲ့ လောင်စာတွေအဖြစ်ပြန်လည်ထုတ်လုပ် လို့ရပါတယ်။

မစ္စတာကလပ်ဟာ တက္ကသိုလ်က သူ့ရဲ့ (Green Chemistry Centre) လို့ခေါ်တဲ့ ဓါတ်ခွဲခန်းထဲမှာ ပေါင် ၂၀၀,၀၀၀ တန်တဲ့ မိုက်ခရိုဝေ့မီးဖိုကို ပြုလုပ်ထားပါတယ်။ သာမန် မီးဖိုချောင်သုံး မိုက်ခရိုဝေ့လိုပါပဲ။ အခုလောလောဆယ်တော့ စွန့်ပစ်ပစ္စည်း အနည်းငယ်မျှကိုပဲ ဒီမီးဖိုနဲ့ ချက်ပြုတ်ပြီး လောင်စာထုတ်လို့ရပါသေးတယ်။ မကြာခင်မှာတော့ အနည်းဆုံး တစ်နာရီမှာ ကီလို ၃၀ လောက် ကိစ္စပြီးနိုင်မယ့် မီးဖိုကိုပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒီထက်ကြီးတဲ့ မီးဖိုလုပ်မယ်ဆိုရင် ပေါင်တစ်သန်းလောက် ကုန်မယ်လို့ မစ္စတာကလပ်က ပြောပါတယ်။ အဲဒီလို မီးဖိုမျိုးနဲ့ဆို တစ်နာရီကို စွန့်ပစ်ပစ္စည်း တစ်တန်လောက် ချက်ထုတ်နိုင်လိမ့်မယ်လို့ ပြောပြီး မကြာခင်မှာပဲ ဗြိတိန်နိုင်ငံရဲ့ အမှိုက်သံသရာလည်ပတ်မှုစံနစ်ထဲမှာ မြင်တွေ့လာရမယ့် မီးဖိုမျိုးတွေ ဖြစ်လာမယ်လို့ ပြော ပါတယ်။

ဈေးဆိုင်ကြီးတွေ၊ စတိုးဆိုင်ကြီးတွေ၊ စားသောက်ဆိုင်တွေက ထွက်ရှိလာမယ့် အမှိုက်တွေကို ချက်ထုတ်နိုင်ဖို့အတွက် အဲဒီလို မီးဖိုမျိုးတွေ ထားရှိနိုင်ပါတယ်။
“ကျွန်တော်တို့ မိုက်ကရိုဝေ့ရဲ့ ထူးခြားမှုကတော့ အပူချိန်အများကြီးမလိုပဲ အလုပ်လုပ်နိုင်တာဖြစ်ပါတယ်။ အပူချိန် ၂၀၀ ဒီဂရီတောင်မကျော်ပါဘူး။ လိမ္မော်ဆီကနေပြီးတော့ အခြားဓါတုပစ္စည်းတွေကို ခင်ဗျားကိုယ်တိုင်ပဲ ချက်လုပ်နိုင်မှာ ဖြစ်ပါတယ်။ စွန့်ပစ်စက္ကူအဟောင်းတွေလည်း ရပါတယ်။ ဇီဝစွန့်ပစ်ပစ္စည်းအမျိုးအစားအများအပြားကနေ ပြုလုပ်နိုင်ပါတယ်။” ဟု ကလပ်က ပြောသွားပါတယ်။

Source: The Times of India

1 comments:

Unknown said...

ကိုမျိုးဇော်ရေ စာအုပ်က လင့်မှားနေတယ်ဗျ။ရေကာတားများမြစ်ချောင်းများနှင့်အခွင့်အရေး
ကိုဒေါင်းမလို့ ။ပုန်းတမ်းရှာတမ်း ကစားနည်းကိုပဲ ရောက်ရောက်နေတယ်။

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။