Saturday, October 1, 2011

ဆီးရီးယားတွင် အမေရိကန်သံတမန်ယာဉ်တန်းကို နှောင့်ယှက်

အာဆက်ကိုထောက်ခံသူများ

အမေရိကန်သံအမတ် ရောဘတ်ဖို့ဒ်နှင့် အဖွဲ့သည် ဒမတ်စကတ်မြို့တွင် ဆီးရီးယားအတိုက်အခံများနှင့် တွေ့ဆုံခဲ့ခြင်းကြောင့် ဆီးရီးယားသမ္မတအာဆက်ကို ထောက်ခံသူများက ၎င်းတို့သံတမန်အဖွဲ့စီးနင်းလိုက်ပါလာသော ယာဉ်တန်းကို ကြက်ဥများ၊ အာလူးများဖြင့်ပစ်ပေါက်ခဲ့သည့်အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ရှုံ့ချပြောဆိုလိုက်သည်။
“ဒီလို အကြောင်းမဲ့တိုက်ခိုက်ရန်မူမှုမျိုးကို အပြင်းအထန်ရှုံ့ချလိုက်ပါတယ်။ သံအမတ်ဖို့ဒ်နဲ့ သူတို့အဖွဲ့ဟာ သံတမန်ဆိုင် ရာ ကိစ္စတွေကိုဆောင်ရွက်နေတာပါ။ ဒါကို အကြမ်းဖက်ပြီး တိုက်ခိုက်ပြီး ကြောက်လန့်အောင်လုပ်ဆောင်တာမျိုးက လုံးဝ တရား မဲ့တဲ့ကိစ္စမျိုးဖြစ်ပါတယ်။” ဟု ကြာသပတေးနေ့က ကလင်တန်က ပြောကြားခဲ့သည်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျေးကာနီက အထက်ပါ သောင်းကျန်းတိုက်ခိုက်မှုကြောင့် သံတမန်ကားမှာ အတော် ပျက်စီးသွားသည်ဟု ဆိုသည်။ သို့သော် သံအမတ် ဖို့ဒ်မှာမူ ထိခိုက်ဒဏ်ရာမရရှိကြောင်းဆိုသည်။
“ဒါဟာ သံတမန်တွေကို ကြောက်လန့်တုန်လှုပ်အောင်လုပ်တဲ့ အပြုအမူဖြစ်ပါတယ်။ ပြီးတော့ အာဆက်အစိုးရရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ပြတဲ့သက်သေတစ်ခုဖြစ်ပါတယ်။” ဟု ကာနီက ဆိုသည်။
ဆက်လက်၍ ကာနီက အမေရိကန်နိုင်ငံအနေနှင့် သံအမတ်ဂျေးကာနီကို ပြန်လည်ခေါ်ယူမည်မဟုတ်ကြောင်း၊ သူလုပ်နေသော အလုပ်များကို ဆီးနိတ်လွှတ်တော်မှ ဆက်လက်ထောက်ခံနေကြောင်းပြသရန် တိုက်တွန်းသွားမည်ဟုလည်း ဆိုသည်။
ဆီးရီးယားတွင် မီဒီယာမှောင်ချထားခြင်းကြောင့် အမေရိကန်သံတမန်များအနေနှင့် နိုင်ငံတွင်းဆက်လက်ရှိနေရန် လိုအပ်သည် ဟု အမေရိကန်အစိုးရက မှတ်ယူထားကြောင်း အယ်လ်ဂျာဇီယာသတင်းထောက် ရိုစီလန်ဂျော်ဒန်က ဝါရှင်တန်ဒီစီမှနေ၍ သတင်းပေးပို့ခဲ့သည်။
“ရောဘတ်ဖို့ဒ်နဲ့ သံရုံးဝန်ထမ်းများဟာ ဒမတ်စကတ်မှာပဲ ဆက်နေပြီး ဆီးရီးယားမှာလှည့်လည်သွားလာပြီး အစိုးရနဲ့ အတိုက်အခံတွေကြားဘာတွေဖြစ်ပျက်နေတယ်ဆိုတာတွေ သိရှိဖို့ဆောင်ရွက်ရမယ့်တာဝန်ရှိပါတယ်။” ဟု ဂျော်ဒန်က သတင်း ပေးပို့ခဲ့သည်။

ကြာသပတေးနေ့က တိုက်ခိုက်ခံရပြီးနောက် အမေရိကန်သံရုံးသို့ ရောဘတ်ဖို့ဒ်ဘေးကင်းစွာပြန်လည်ရောက်ရှိခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ခံပြောခွင့်ရ မာ့ခ်တုန်နာက ပြောသည်။ ရောဘတ်ဖို့ဒ်သည် ဆန္ဒပြသူများအပေါ် အာဆက်အစိုးရ ၏ ဖိနှိပ်ဖြိုခွင်းမှုများကို ဗြောင်ဝေဖန်သူဖြစ်သည်။
အမေရိကန်သံတမန်များသည် အတိုက်အခံနိုင်ငံရေးသမားဖြစ်သူ ဟာဆန်အဘ္ဘဒူလ်-အာဇင်နှင့်တွေ့ဆုံခဲ့သည်။ အာဇင်က အစိုးရ၏ အကြမ်းဖက်ဖြိုခွင်းမှုများရပ်တန့်ပေးပြီး အတိုက်အခံများနှင့်တွေ့ဆုံဆွေးနွေးရေးလုပ်ရန် ပြောကြားခဲ့သူဖြစ်သည်။

ဆီးရီးယားမြို့တော်ရှိသူ၏ ရုံးခန်းအတွင်း ဖို့ဒ်ရှိနေစဉ် အာဆက်ကို ထောက်ခံသူများက အပြင်ဘက်မှ တံခါးများကို ချိုးဖျက်ကာ ဝင်ရောက်ရန်ကြိုးစားကြကြောင်း အဘ္ဘဒူလ်-အာဇင်က ပြောပြသည်။ ရုံးဝန်ထမ်းများက ထိုသူများကို တားဆီးထားကြလေသည်။ သို့သော် အပြင်ဘက်တွင် လူ တစ်ရာခန့် ရုတ်ရုတ်သဲသဲဖြင့် ဝန်းရံထားသဖြင့် ဖို့ဒ်မှာ ရုံးအတွင်း၌ သုံးနာရီခန့်ပိတ်မိနေလေသည်။
ယင်းသို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားအပြီး တစ်နာရီခွဲခန့် အကြာမှ ရဲများရောက်လာကြောင်း အဘ္ဘဒူလ်-အာဇင်က ဆိုသည်။
“သူတို့က အကြမ်းဖက်ကြပြီးတော့ သံတမန်အရာရှိတွေလိုက်ပါစီးနင်းလာတဲ့ကားတန်းကို တိုက်ခိုက်ကြတဲ့အတွက် ကားတွေ အတော်ပျက်စီးသွားပါတယ်။” ဟု တိုနာကဆိုသည်။
“နောက်ဆုံးမှ ရဲတွေရောက်လာပြီးတော့ ဖို့ဒ်နဲ့ သံရုံးဝန်ထမ်းတွေကို သံရုံးထဲကိုရောက်အောင် လိုက်ပါပို့ဆောင်ပေးခဲ့ ပါတယ်။ ” ဟူ၏။

ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေငြာချက်တစ်စောင်ထုတ်ပြန်၍ “လက်နက်ကိုင်အကြမ်းဖက်သမားများကို အမေရိကန် က အားပေးအားမြှောက်ပြုနေကြောင်း” စွပ်စွဲခဲ့သည်။
ဖို့ဒ်သည် သံတမန်များ ဒမတ်စကတ်တွင်းမှ အပ အခြားဒေသများသို့ သွားလာခြင်းမပြုရဟူသော အစိုးရ၏ တားမြစ်ချက်ကို ဆန့်ကျင်၍ လူထုအုံကြွမှုများ အရှိန်အဟုန်ဖြင့် ဖြစ်ပွားရာ ဟားမားမြို့သို့ သွားရောက်ကာ ပြင်သစ်သံအမတ်နှင့် တွေ့ဆုံခဲ့ခြင်း ကြောင့် ယခင်ကတည်းက ဖို့ဒ်အပေါ်မကျေမနပ်ဖြစ်ခဲ့ကြသည်။
ထို့နောက် အာဆက်ကို ထောက်ခံသူများက ပြင်သစ်သံရုံးကိုရော၊ အမေရိကန်သံရုံးကိုပါ တိုက်ခိုက်ခဲ့ကြသည်။ တွေ့ဆုံမှုကို အာဆက်အား မလိုလားဆန္ဒပြသူများက ထောက်ခံအားပေးခဲ့ကြသော်လည်း နောက်ပိုင်းတွင် အစိုးရက ရက်ရက်စက်စက် ဖြိုခွင်း ခဲ့သည်။

ရက်စ်တန်မြို့တွင် လူထုအုံကြွမှုများကို ထိန်းသိမ်းရန် အစိုးရတပ်များက မြို့ကိုသုံးရက်ကြာပိတ်ဆို့ထိန်းချုပ်ထားစဉ်အတွင်း လူ ၂၇ ဦးသေဆုံးခဲ့ပြီးနောက် ကြာသပတေးနေ့တွင် သံတမန်တွေ့ဆုံမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“စစ်တပ်ထဲက ရာထူးကြီးအချို့က နှုတ်ထွက်ပြီး လူထုကိုကာကွယ်ဖို့ သတင်းတွေထွက်ပေါ်နေစဉ်မှာပဲ မြို့တွင်းမှာ ပစ်ခတ်မှုတွေ၊ အမြှောက်နဲ့ ပစ်ခတ်မှုတွေ အကြီးအကျယ်ဖြစ်ပွားနေဆဲပါ။” ဟု ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မီတီ က သတင်းလွှာထုတ်ပြန်ကြေငြာခဲ့သည်။

ရက်စ်တန်မြို့တွင် တင့်ကားများ၊ ရဟတ်ယာဉ်များဖြင့် နှိမ်နင်းလျက်ရှိပြီး ၂၇ ဦးသေဆုံးခဲ့သည့်အထဲတွင် တပ်ပြေးနှစ်ဦးပါဝင် ကြောင်း ရိုက်တာသတင်းက ကြေငြာခဲ့သည်။
“ဒီနေ့ပဲ အယောက် ၄၀ ဒဏ်ရာရပြီးတော့ ၁၀ ယောက်သေဆုံးပါတယ်။ တစ်မြို့လုံးကို စစ်တပ်က ထိန်းချုပ်ပိတ်ဆို့ထား ပါတယ်။” ဟု နိုင်ငံရေးလှုပ်ရှားတက်ကြွသူတစ်ဦးက အယ်လ်ဂျာဇီယာသတင်းဌာနသို့ပြောပြသည်။

ထို့ပြင် ဟုမ်းစ်မြို့တွင်လည်း ၁၇ ဦးသေဆုံးကြောင်း မြို့ခံသတင်းထောက်များ၏ သတင်းပေးပို့ချက်များကို ကိုးကား၍ နိုင်ငံတကာအခွင့်အရေးနှင့် အကြံပေးအဖွဲ့ အေးဗက်စ် က ဆိုသည်။ စစ်တပ်မှ နှုတ်ထွက်၍ “ခါလက် တပ်ရင်း” ဟု အမည်ပေး ထားသော တပ်ဖွဲ့များနှင့် အစိုးရတပ်ဖွဲ့များကြား ပြင်းထန်သောတိုက်ပွဲများလည်း ဖြစ်ပွားလျက်ရှိကြောင်း အေးဗက်စ် ကပြောသည်။

ဆီးရီးယားတွင် လူထုအုံကြွမှုများကို အကြမ်းဖက်နှိမ်နင်းမှုများကြောင့် လူပေါင်း ၂,၇၀၀ ကျော်သေဆုံးခဲ့ပြီးဖြစ်သည့်အတွက် အမေရိကန်နှင့် ဥရောပနိုင်ငံများက အာဆက်အပါအဝင် အစိုးရထိပ်တန်းအရာရှိများကို ပစ်မှတ်ထားကာ ပိတ်ဆို့မှုများပြုလုပ် ခဲ့ကြသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။