Sunday, October 2, 2011

အလာတိုယာခါမေနီ ပါလက်စတိုင်းကို ထောက်ခံ


အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီက ပါလက်စတိုင်း၏ နိုင်ငံဖြစ်တည်ရေးတောင်းဆိုမှုမှာ မဖြစ်နိုင်သည့် အခြေအနေတွင်များနေပြီး အစ္စရေးလ်-ပါလက်စတိုင်းနှစ်နိုင်ငံယှဉ်တွဲနေထိုင်ရေးဆိုသည့် မူဝါဒကို ပုတ်ခတ်ပြောဆိုခဲ့သည်။
ပါလက်စတိုင်းကို ခွဲခြားထားသည့် မည်သည့်အခြေအနေမဆိုလက်ခံနိုင်ခြင်းမရှိကြောင်း၊ လွတ်မြောက်နယ်မြေ၏ တစ်စိတ်တစ် ပိုင်းမျှသာဖြစ်သည့် မည်သည့်နိုင်ငံမဆို ခဏမျှသာရပ်တည်၍ရမည်ဖြစ်ကြောင်း စနေနေ့က ပြောဆိုခဲ့သည်။
“ပါလက်စတိုင်းကို လွတ်လပ်ခွင့်ပေးဖို့ ကျုပ်တို့တောင်းဆိုပါတယ်။ ပါလက်စတိုင်းကို အပိုင်းပိုင်းအစိတ်စိတ်ခွဲခြမ်းထား တဲ့ ဘယ်လို အခြေအနေမျိုးမဆို ကန့်ကွက်ပါတယ်။ ပါလက်စတိုင်းဆိုတာ ဂျော်ဒန်မြစ်ကနေ မြေထဲပင်လယ်အထိ နယ်မြေပိုင်ဆိုင်တဲ့ နိုင်ငံဖြစ် ပါတယ်။ အဲဒီထက်မနည်းပါဘူး။” ဟူ၍ ခါမေနီက ညီလာခံတက်ရောက်လူစုလူဝေးကို မိန့်ခွန်းပြောကြားခဲ့သည်။

ပါလက်စတိုင်းတို့အနေဖြင့်လည်း မိမိတို့နယ်မြေကို လျှော့ပေါ့ မသတ်မှတ်သင့်ကြောင်း၊ အနောက်ဘက်ကမ်း၊ အရှေ့ဘက်ဂျေရု စလင်နှင့် ဂါဇာကမ်းမြှောင်ဒေသများအားလုံး ပါလက်စတိုင်းအပိုင်ဖြစ်ကြောင်း လည်း ဆိုသည်။
အစ္စရေးလ်ဝန်ကြီးချုပ်ဘင်ယာမင်နေတန်ယာဟုက ခါမေနီ၏ မိန့်ခွန်းကို ဒေါသတကြီးပြန်လည်တုံ့ပြန်ခဲ့သည်။
“အလာတိုယာရဲ့ အမုန်းတရားအခြေခံကြေငြာချက်က အစ္စရေးလ်နိုင်ငံလုံခြုံရေးအတွက် အစ္စရေးလ်အစိုးရရဲ့တည်တံ့ ခိုင်မာမှုကို ဖျက်ဆီးလိုတဲ့ရည်ရွယ်ချက်နဲ့ အစ္စရေးလ်ကို ဂျူးနိုင်ငံအဖြစ်အသိအမှတ်ပြုဖို့ ငြင်းဆန်လိုက်ခြင်းဖြစ်ပါတယ်။” ဟု နေတန်ယာဟုက ဆို၏။

ပါလက်စတိုင်း ခေါင်းဆောင် မာမွတ်အာဘက်သည် ကုလသမဂ္ဂတွင် ၁၉၆၇ ခုနှစ်နယ်နိမိတ်အတိုင်း ပါလက်စတိုင်းနိုင်ငံ တည်ထောင်ခွင့်ပေးရန်တောင်းဆိုထားသည်။ သို့သော် အစ္စရေးလ်နှင့် အမေရိကန်တို့က ယင်းတောင်းဆိုချက်ကို အပြင်းအထန် ငြင်းဆန်ထားသည်။ ယင်းတောင်းဆိုမှုသည် ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးပွဲအတွက်အသုံးမဝင်ကြောင်းဆိုသည်။ အစ္စရေးလ်က အနောက်ဘက်ကမ်းနှင့် ဂျေရုစလင်အရှေ့တွင် အိမ်ယာတိုးချဲ့ဆောက်လုပ်မှုများပြုလုပ်နေသဖြင့် စကားပြောဆိုရန် မဖြစ်နိုင် ကြောင်း အာဘက်ကလည်း တုံ့ပြန်ပြောဆိုသည်။
တီဟီရန်တွင် ကျင်းပသည့် ပါလက်စတိုင်းကိုထောက်ခံသော ညီလာခံတစ်ခုတွင် ခါမေနီက စကားပြောခဲ့ခြင်းဖြစ်ပြီး အစ္စရေးလ်သည် ကင်ဆာအကြိတ်နှင့် တူပြီး ဖယ်ရှားပစ်ရမည်ဟု သူက ပြောကြားခဲ့သည်။

အီရန်က ဂါဇာကမ်းမြှောင်ဒေသကို အုပ်ချုပ်နေသော ပါလက်စတိုင်းဟားမားအုပ်စုကို ထောက်ခံသည့်နိုင်ငံဖြစ်သည်။ ဟားမား အုပ်စုသည် အာဘက်၏ နိုင်ငံတည်ထောင်ရေးတောင်းဆိုမှုနှင့် အနောက်ကပံ့ပိုးထားသော ဖာတာအုပ်စုကို ထောက်ခံခြင်းမရှိ ပေ။
တီဟီရန်တွင်ကျင်းပသော ညီလာခံသို့ ဆီးရီးယားအခြေစိုက် ဟားမားအကြီးအကဲ ခါလစ်မာရှဲလ် အပါအဝင် ပါလက်စတိုင်း အကြီးတန်းခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။ ယခုညီလာခံသည် အတိုက်အခံအင်အားတစ်ခုဖြစ်ပြီး ပါလက်စတိုင်းတို့ အတွက် ပင်ဖြစ်ကြောင်း ခါလစ်က ပြောကြားခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။