Wednesday, October 5, 2011

ဆီးရီးယားအပေါ်လုံခြုံရေးကောင်စီဆုံးဖြတ်ချက် တရုတ်၊ ရုရှဗီတိုသုံးဖယ်ရှား


ဥရောပသမဂ္ဂ၏ ဆီးရီးယားအပေါ်ဒဏ်ခတ်အရေးယူမည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို ရုရှနှင့် တရုတ်တို့က ဗီတိုအာဏာသုံးဖယ်ရှားခဲ့သည်။ သို့သော် ဆန္ဒပြသူများကို ဆက်လက်၍ အကြမ်းဖက်ဖြိုခွင်းနေမည်ဆိုပါက ပိတ်ဆို့အရေးယူမှု ကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း သတိပေးပြောကြားလိုက်သည်။

အင်္ဂါနေ့ ဆုံးဖြတ်ချက်တွင် ထောက်ခံမဲ ၉ မဲရရှိကာ ဘရာဇီး၊ အန္ဒိယ၊ လက်ဘနွန်နှင့် တောင်အာဖရိကတို့က ကြားနေပြီး တရုတ် နှင့် ရုရှတို့က ကန့်ကွက်ခဲ့ကြသည်။ ယင်းဆုံးဖြတ်ချက်ကို ပြင်သစ်က ဗြိတိန်၊ ဂျာမဏီ၊ ပေါ်တူဂီတို့နှင့် ပူးပေါင်းကာ မူကြမ်းရေး ဆွဲတင်ပြခဲ့ခြင်းဖြစ်သည်။ အစိုးရဆန့်ကျင်ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းမှုကြောင့် ဆီးရီးယားအပေါ် အနောက်နိုင်ငံများက ဒဏ်ခတ်အရေးယူရန် ဆိုင်းပြင်းနေခြင်းဖြစ်သည်။ ဆီးရီးယားတွင် အကြမ်းဖက်နှိမ်နင်းမှုကြောင့် လူပေါင်း ၂,၇၀၀ ခန့်သေဆုံး ပြီး ဖြစ်၍ သမ္မတအာဆက်အစိုးရကို ပစ်မှတ်ထားကာ ဒဏ်ခတ်အရေးယူနိုင်ရန် စီစဉ်ထားသည်။ အဆိုပါ အစီအစဉ်ကို တရုတ်နှင့် ရုရှတို့က ဗီတိုအာဏာသုံးပယ်ချခဲ့ခြင်းဖြစ်၏။

မော်စကိုအစိုးရ၏ ဗီတိုအာဏာသုံးစွဲမှုသည် ဥရောပသမဂ္ဂဝင်နိုင်ငံများနှင့် ရုရှတို့အကြားနိုင်ငံရေးအရချဉ်းကပ်မှုတွင် ပဋိပက္ခ အသွင်ဆောင်နေကြောင်း ရုရှသံတမန် ဗစ်တလီချာကင်က ဆိုသည်။ ထို့ပြင် ဥရောပသမဂ္ဂ၏ ထိပ်တိုက်ရင်ဆိုင်သော ဆုံးဖြတ် ချက်သည် အကြပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းရေးနှင့် ဆန့်ကျင်နေကြောင်း၊ ထို့ကြောင့် ဆီးရီးယားအစိုးရအပေါ် ဒဏ်ခတ် အရေးယူမှုကို ရုရှက အခိုင်အမာဆန့်ကျင်ကြောင်း ပြောဆိုခဲ့သည်။

ထိုသို့ဥရောပသမဂ္ဂ၏အရေးယူဆောင်ရွက်မှုသည် ဆီးရီးယားအပေါ် လစ်ဗျားပုံစံ စစ်ရေးကျူးကျော်ဝင်ရောက်တိုက်ခိုက်မှု အတွက် လမ်းပွင့်သွားစေမည်ဖြစ်ကြောင်းလည်း ထပ်လောင်းပြောကြားခဲ့သည်။

ဆီးရီးယားသမ္မတ အာဆက်၏ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ပေးမည်ဟူသော ကတိပေးချက်ကို ထောက်ပြ ၍ ဆီးရီးယားအနေနှင့် ယင်းကတိကဝတ်ကို အလျင်အမြန်ဖြည့်ဆည်းသွားရန် ရုရှကလိုလားသည်ဟု ချာကင်က ပြောသည်။

တရုတ်သံတမန် လီဘာအိုဒေါင်ကလည်း ဘေဂျင်းအစိုးရအနေနှင့် ဆီးရီးယား၏ ပြည်တွင်းရေးကိုဝင်ရောက်မှုခြင်းကို ကန့်ကွက် ကြောင်းပြောကြားခဲ့သည်။

“ဒီဆုံးဖြတ်ချက်ဟာ စကားလုံးသက်သက်မဟုတ်ပါဘူး။ နိုင်ငံရေးအရ ရွေးချယ်လိုက်ခြင်းဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်အပေါ် ဗီတိုအာဏာသုံးစွဲလိုက်ခြင်းဟာ ဆီးရီးယားနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အားလုံးကို ဆန့်ကျင်လိုက်ခြင်းဖြစ်ပါတယ်။” ဟု ပြင်သစ်သံတမန် ဂါးရက်အားရောက်က ပြောကြားခဲ့သည်။
“ဒီဗီတိုအာဏာကြောင့် ကျွန်တော်တို့ရပ်တန့်သွားမှာမဟုတ်ပါဘူး။ ဘယ်ဗီတိုအာဏာကြောင့်မှလည်း ဆီးရီးယား အာဏာပိုင်တွေအတွက် အင်အားမဖြစ်စေရပါဘူး။” ဟု ဆက်လက်ပြောကြားခဲ့သည်။

လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို ထုတ်ပြန်ခြင်းမပြုနိုင်သည့်အတွက် အမေရိကန်ပြည်ထောင်စုက ဒေါသထွက်ခဲ့ပြီး ဆီးရီးယား သံတမန်တက်ရောက်မိန့်ခွန်းပြောကြားစဉ်အတွင်း အမေရိကန်သံတမန်က ကန့်ကွက်သည့်အနေနှင့် ခန်းမတွင်းမှ ထွက်ခွာသွား ခဲ့သည်။
“ကျင့်ဝတ်ဆိုင်ရာစိန်ခေါ်မှုတွေနဲ့ ဒေသတွင်းငြိမ်းချမ်းရေး၊ လုံခြုံရေးတွေကိုခြိမ်းခြောက်နေတဲ့ ကိစ္စအပေါ် လုံခြုံရေး ကောင်စီက ဆုံးဖြတ်ချက်မချနိုင်တဲ့အတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ အလွန်အမင်းဒေါသထွက်ပါတယ်။” ဟု အမေရိကန် သံတမန် ဆူဆန်ရိုက်ကပြောဆိုခဲ့ပြီး ဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့သော နိုင်ငံများအား ဆီးရီးယားအစိုးရကို လက်နက်ရောင်းချခြင်းပြုလိုသော နိုင်ငံများဟု ရှုံ့ချပြောဆိုခဲ့သည်။

လွန်ခဲ့သောလများက ရုရှ၊ တရုတ်၊ ဘရာဇီး၊ အန္ဒိယနှင့် တောင်အာဖရိက (BRICS နိုင်ငံများဟု ခေါ်သည်) နိုင်ငံများက အမေရိကန်နှင့် ဥရောပသမဂ္ဂတို့သည် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ဖြစ်သော လစ်ဗျားအရပ်သားများကို အကာအကွယ် ပေးရေးဟူသည့် ဆုံးဖြတ်ချက်ကိုကျော်လွန်ကာ နေတိုးတပ်များကို ခွင့်ပြုလုပ်ကိုင်စေခဲ့သည်ဟု ဝေဖန်စွပ်စွဲခဲ့ကြသည်။
“တရုတ်နဲ့ ရုရှက ဆီးရီးယားကို လစ်ဗျားလို နောက်ထပ်နှစ်ခြမ်းကွဲပြီး ပြည်တွင်းစစ်ဖြစ်မှာကို မလိုလားတဲ့အတွက် ဗီတို အာဏာကိုသုံးစွဲလိုက်တာ ဖြစ်ပါတယ်။ တွေ့ဆုံးဆွေးနွေးပြီး သံတမန်နည်းလမ်းနဲ့ အဖြေရှာလို့ရနိုင်တယ်လို့ သူတို့က ယုံကြည် နေပါတယ်။” ဟု အယ်လ်ဂျာဇီယာနိုင်ငံရေးသုံးသပ်အကဲဖြတ် မာဝမ်ဘစ်ရှာရာက ပြောသည်။
“ဥရောပနဲ့ အမေရိကန်တို့က ၁၉၇၃ လစ်ဗျားအပေါ် ကုလသမဂ္ဂဆုံးဖြတ်ချက်ကို တလွဲသုံးခဲ့တယ်လို့ တရုတ်နဲ့ ရုရှက ယူဆကြတယ်။ လစ်ဗျားအပေါ်နေတိုးကဆာင်ရွက်ခဲ့တဲ့ကိစ္စအတွက်လည်း နှစ်နိုင်ငံလုံးက အမျက်ဒေါသထွက်ခဲ့ကြတယ်။ ဒါကြောင့် အခုဆီးရီးယားကိစ္စမှာ ဗီတိုအာဏာသုံးလိုက်တာပါ။”
“ဥရောပက ဆုံးဖြတ်ချက်မူကြမ်းကို ချမှတ်ပြီး အမေရိကန်ထောက်ခံတယ်။ အခြားသူတွေပါဝင်ဆောင်ရွက်လိမ့်မယ် လို့လည်းမျှော်လင့်ထားတယ်။ အတိတ်ကာလ ဖြစ်ရပ်အများအပြားမှာ သူတို့လက်၊ သူတို့ခြေလုပ်ခဲ့တဲ့ အဖြစ်အပျက်တွေ အများ ကြီးရှိခဲ့တယ်။ ဝါရှင်တန်မှာဆိုရင် ‘အနောက်မှဦးဆောင်ခြင်း’ ဆိုပြီး ခေတ်စားနေတဲ့စကားတစ်ခွန်းတောင်ရှိတယ်။” စသည်ဖြင့် မာဝမ်ဘစ်ရှာရာက သုံးသပ်ပြသွားလေသည်။

အမေရိကန်နှင့် ဥရောပသမဂ္ဂတို့နှိပ်ကွပ်ခံလိုက်သည့် အခြေအနေဖြစ်ကြောင်း နယူးယောက်မြို့မှ အယ်လ်ဂျာဇီယာသတင်း ထောက် ခရစ်စတန် ဆာလွန်းမေးက သတင်းပေးပို့ခဲ့သည်။
“ ကုလသမဂ္ဂဆုံးဖြတ်ချက်ကြောင့် ဆီးရီးယားကို အကွဲအပြဲဖြစ်သွားစေလိမ့်လို့တရုတ်နဲ့ ရုရှတို့ကပြောဆို ကြပါတယ်။”
“သူတို့နှစ်နိုင်ငံက ဆီးရီးယားနဲ့ ဆွေးနွေးညှိနှိုင်းလိုကြပါတယ်။ အကြမ်းဖက်နှိမ်နင်းမှုတွေရပ်တန့်ပြီး ပြည်ပဝင်ရောက် စွက်ဖက်မှုတွေမပါဘဲ အတိုက်အခံတွေ အားလုံးနဲ့ ကိုယ့်နိုင်ငံကိစ္စကိုယ်ရှင်းဆိုတဲ့ ဆီးရီးယားအတွက်ချမှတ်ထားတဲ့မူဝါဒ သူတို့မှာလည်းရှိတယ်။ ဒါဟာ လစ်ဗျားအရေးကြောင့် အခုလိုဆီးရီးယားမှာ အကျိုးသက်ရောက်မှုအနေနဲ့ တရုတ်နဲ့ ရုရှတို့ဗီတိုအာဏာသုံးစွဲလိုက်တာ ဖြစ်ပါတယ်။” ဟု သတင်းထောက်က ဆက်လက်ပြောကြားခဲ့သည်။

ထိုအချိန်တွင်ပင် ဆီးရီးယားအခြေစိုက် ဗြိတိသျှလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က အင်္ဂါနေ့က ဆီးရီးယားတွင် နောက်ထပ် ၉ ယောက်ထပ်မံ သေဆုံးသွားကြောင်း ပြောကြားခဲ့သည်။

စစ်တပ်နှင့် ဆန္ဒပြသူများကိုပစ်ခတ်ခြင်းပြုရန်ငြင်းဆန်ခဲ့သော စစ်သားများကြားတိုက်ခိုက်မှုကြောင့် တူရကီနယ်စပ်အနီးဒေသ တွင်လေးဦးသေဆုံးခဲ့ပြီး အခြားသူများမှာ ဟုမ်းပြည်နယ်တွင် သေဆုံးခြင်းဖြစ်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ဆိုသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။