Sunday, October 9, 2011

ဆိုမာလီတွင် ပဋိပက္ခများကြောင့် စိတ်ဝေဒနာသည်များ တိုးပွား


ဆိုမာလီယာမှာ အကြမ်းဖက်မှုတွေနဲ့ အဓိကရုဏ်းတွေကြောင့် ဘယ်သူမဆိုရူးသွားနိုင်လောက်တယ်။ နေ့တိုင်းနီးပါး ပစ်ခတ်တိုက်ခိုက်မှု တွေကြားမှာ လူတွေအတွက် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးတွေ ဖြစ်ပွားမှုတိုးပွားလာနေတယ်။
အဲဒီအဖြစ်အပျက်တွေကို ဆိုမာလီနေရာအနှံ့မှာတွေ့ရနိုင်ပါတယ်။ ပိုဆိုးတာက စိတ်ဝေဒနာသည်တွေကို အိပ်ယာထဲမှာသံကြိုးနဲ့ ချည်နှောင်ထားတာ၊ လမ်းပေါ်မှာပစ် ထားတာ အဲဒီလုပ်ရပ်တွေကြောင့် တစ်သက်လုံးစိတ်ဒဏ်ရာအနာတရဖြစ်သွားစေပါတယ်။
ဆိုမာလီဟာ ကမ္ဘာပေါ်မှာစိတ်ရောဂါဝေဒနာသည် တတိယအများဆုံးနိုင်ငံဖြစ်ပါတယ်။ လူဦးရေရှစ်သန်းရဲ့ သုံးပုံတစ်ပုံဟာ တစ်နည်းနည်းနဲ့ စိတ်ရောဂါခံစားနေကြရပါတယ်။ ဒါပေမယ့် တစ်နိုင်ငံလုံးမှာ စိတ်ရောဂါကုဆရာဝန်ကတော့ သုံးဦးပဲရှိပါတယ်။ ဒါတွေဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကပြုစုထားတဲ့စာရင်းဇယားအရဖြစ်ပါတယ်။
“စိတ်ဝေဒနာသည် တစ်ယောက်ကို အင်မတန်အဆင့်နိမ့်ကျပြီး အန္တရာယ်များတဲ့ သံကြိုးနဲ့ချည်ထားတဲ့လုပ်ရပ်ကို နေရာအနှံ့အပြားမှာ တွေ့ရရုံသာမက ဒီလိုလုပ်တာကို လူမှုရေးအရရော၊ ဆေးပညာရှုထောင့်အရရော လက်ခံထားကြတယ်။” လို့ ဆိုမာလီစိတ်ကျန်းမာရေးဆိုင်ရာ လေ့လာမှုစာတမ်းမှာ WHO ကရေးသားထားပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဒေါက်တာ အဘ္ဘဒီရာမန်အလီဟားဘိဆိုတဲ့ ဆရာဝန်တစ်ယောက်က သူ့ရဲ့ အချိန်တွေနဲ့ ခွန်အားတွေ ကို လုံးဝမြှုပ်နှံပြီး ဒီယဉ်ကျေးမှုပပျောက်ရေးအတွက် ပညာပေးစည်းရုံးဟောပြောပြီး လုံးပန်းနေပါတယ်။ သူက စိတ်ကျန်းမာရေးဆရာဝန်တစ်ယောက်တော့မဟုတ်ပါဘူး။ဒါပေမယ့်စိတ်ရောဂါသည်စောင့်ရှောက်ရေးသင်တန်းတက်ပြီး လေ့လာထားပါတယ်။
၂၀၀၅ မှာစပြီးတော့ ဒေါက်တာဟာဘိဟာ မိုဂါဒစ်ရှူးမြို့မှာ စိတ်ကျန်းမာရေးဆေးခန်းတစ်ခုဖွင့်လှစ်ပြီး မေတ္တာကရုဏာအပြည့်နဲ့ မမောနိုင်မပန်းနိုင် ပညာပေးဆွေးနွေးကုသပေးလျက်ရှိပါတယ်။ အခုဆိုရင် WHO ကအထောက်အပံ့အချို့နဲ့ နိုင်ငံတကာအလှူ ရှင်တွေရဲ့ အထောက်အပံ့တွေနဲ့ပေါင်းပြီး ဆေးခန်းရှစ်ခုဖွင့်လှစ်ထားနိုင်ခဲ့ပြီး ငါးခုကမိုဂါဒစ်ရှူးမှာဖြစ်ပါတယ်။
ဝေးလံခေါင်ဖျားတဲ့ ကျေးလက်ဒေသတွေ အထိပါဆင်းပြီး စိတ်ကျန်းမာရေးချို့တဲ့နေတဲ့လူနာတွေကို လိုက်လံကုသပေးနေပါ တယ်။ အဲဒီထဲက အချို့ဆို နှစ်ပေါင်းများစွာကြာအောင် အိပ်ယာထဲမှာသံကြိုးနဲ့ချည်ခံထားရတယ်။
“ဗုံးကြဲ၊ ပစ်ခတ်၊ အမြှောက်နဲ့ပစ် စတဲ့တိုက်ပွဲတွေကြောင့် မိုဂါဒစ်ရှူးမှာစိတ်ရောဂါဝေဒနာသည်တွေ ပိုပြီးများလာတယ် လို့ဆိုကြတယ်။” လို့ ဒေါက်တာ ဟာဘိကပြောပါတယ်။

ဒေါက်တာဟာဘိနဲ့ သူ့ရဲ့အဖွဲ့သားလုပ်အားပေးသူနာပြုတွေမှာလည်း လူနာတွေ တန်းစီနေတဲ့ကြားထဲမှာ ခေါင်းတောင်မဖေါ်နိုင် အောင်အလုပ်များနေကြရတယ်။ မိုဂါဒစ်ရှူးမြို့က ဆေးခန်း ငါးခုထဲက တစ်ခုမှာတင် လူနာအယောက် ၇၀ ရှိတယ်။ လူနာအယောက်ပေါင်း တစ်ထောင်ကျော်ကို ကုသပေးပြီးသွားပြီလို့ ဒေါက်တာ ဟာဘိကပြောပါတယ်။

WHO အဖွဲ့ကြီးက တွက်ချက်ထားတာထက် ဆိုမာလီရဲ့ စိတ်ရောဂါပြဿနာက ပိုကြီးနေတယ်လို့ ဒေါက်တာဟာဘိက ပြောပါတယ်။
“မိုဂါဒစ်ရှူးမှာ ဒါမှမဟုတ် ဆိုမာလီတောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ ဖြစ်နေတဲ့ကိစ္စတွေကိုကြည့်ပြီး အဲဒီနေရာတွေမှာ စိတ်ရောဂါမဖြစ်တဲ့လူ မရှိဘူးလို့ ကျွန်တော် ထင်တယ်ဗျ။ ဘာလို့လဲဆိုတော့ ပုံမှန်လူတစ်ယောက်က ဒီလောက်အချိန်တွေအကြာကြီးကိုယ့်လူမျိုးကိုယ် သတ်ဖြတ်ညှဉ်းဆဲမနေဘူး။”

ဆိုမာလီတစ်လွှား တိုက်ပွဲကြီးငယ်တွေနဲ့ ပဋိက္ခတွေကြောင့် သူတို့ရဲ့ကြိုးစားအားထုတ်မှုတွေ ထင်သလောက်မပေါက်ဘူးလို့ ဒေါက်တာဟာဘိနဲ့ သူ့ရဲ့အဖွဲ့သားတွေ ညည်းငြူကြပါတယ်။ တိုင်းပြည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်တဲ့ ပဋိပက္ခတွေကို အဆုံးသတ်ပြီး ငြိမ်းချမ်းမှသာ စိတ်ကျန်းမာရေးတွေလည်း ကောင်းသွားမယ်လို့ ဆိုပါတယ်။

Source: Al Jazeera
မိုဟာမက်အာဒိုး၏ “Mental illness ‘rampant’ in Somalia” ဆောင်းပါးကို ဘာသာပြန်သည်။

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။