Friday, October 7, 2011

ဆရာဝန်တစ်ဦးကို နိုင်ငံတော်သစ္စာဖါက်မှုဖြင့် ပါကစ္စတန်စွပ်စွဲ

ပါကစ္စတန်တွင် ဘင်လာဒင်ပုန်းအောင်းနေထိုင်ခဲ့သော နေအိမ်

အိုစမာဘင်လာဒင်ကို ဝင်ရောက်စီးနင်းသတ်ဖြတ်ခဲ့သော အမေရိကန်တို့၏ လုပ်ရပ်ကို စုံစမ်းစစ်ဆေးနေသော ပါကစ္စတန် စုံစမ်းရေးအဖွဲ့တစ်ဖွဲ့က စီအိုင်အေအတွက် အလုပ်လုပ်ပေးခဲ့သော ဆရာဝန်တစ်ဦးကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် စွပ်စွဲ ရုံးတင် သင့်ကြောင်းပြောကြားလိုက်ပြီး ယင်းပြောဆိုမှုသည် အဆိုပါဆရာဝန်ကို လွှတ်ပေးရန်တောင်းဆိုနေသော အမေရိကန်တာဝန် ရှိသူများကို ဒေါသထွက်စေမည်ဖြစ်သည်။
စုံစမ်းရေးအဖွဲ့မှ ရှာဖွေတွေ့ရှိစုဆောင်းရရှိသော အချက်အလက်များအရ ဒေါက်တာ ရှာကီလ်အဖရာဒီကို ပါကစ္စတန်နိုင်ငံ အပေါ်နိုင်ငံတော်သစ္စာဖေါက်မှုကြီးဖြင့် တရားစွဲဆိုရမည်ဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်။ ပြစ်မှုထင်ရှားပါက သေဒဏ် ကျခံရမည်ဖြစ်သည်။
အယ်လ်ကေဒါခေါင်းဆောင် အိုစမာဘင်လာဒင်ကို ဖမ်းဆီးရမိရေးအတွက် ကြိုးပမ်းနေသော စီအိုင်အေကို ကူညီ၍ ဒေါက်တာ အဖရာဒီသည် ကာကွယ်ဆေးအစီအစဉ်တစ်ရပ်ကို လုပ်ဆောင်ခဲ့ကြောင်းဆိုသည်။ မေလအတွင်းက ဘင်လာဒင်ကို အမေရိကန် ရေတပ်မှ သတ်ဖြတ်ခဲ့ပြီးချိန်မှ စ၍ သူ့ကို ပါကစ္စတန် စုံစမ်းစစ်ဆေးရေး (ISI) က ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။

အမေရိကန်တို့၏ ဘင်လာဒင်ဖမ်းမိရေးလျှို့ဝှက်စစ်ဆင်ရေးကို အငိုက်မိကာ ဘာမှမသိလိုက်သော ISI သည် ယခုအခါ ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ အသည်းအသန်လိုက်လံစုံစမ်းစစ်ဆေးလျက်ရှိသည်။
စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ဒေါက်တာ အဖရာဒီနှင့် ISI အကြီးအကဲဒုတိယဗိုလ်ချုပ်ကြီး ရှူဂျာပါရှာတို့ကို အင်တာဗျူး ခဲ့ပြီး ဘင်လာဒင်အနေနှင့် စစ်တပ်မြို့ဖြစ်သော အဘူတာဘတ်တွင် ငါးနှစ်မျှကြာအောင် မည်သို့ပုန်းအောင်းနေထိုင်သွားခဲ့ သနည်း၊ အမေရိကန်တို့က ဘင်လာဒင်စစ်ဆင်ရေးကိုမည်သို့လျှို့ဝှက်ဆောင်ရွက်သွားသနည်းဆိုသည့် အချက်များကို စုံစမ်းစစ်ဆေးလျက်ရှိသည်။
အဆိုပါ စုံစမ်းရေးကော်မရှင်အဖွဲ့ကို တရားရုံးချုပ်တရားသူကြီးက ဦးဆောင်ပြီး အငြိမ်းစားဗိုလ်ချုပ်တစ်ဦး၊ အငြိမ်းစားသံအမတ် တစ်ဦး၊ အငြိမ်းစားရဲချုပ်တစ်ဦးနှင့် ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးတို့ပါဝင်သည်။
ကော်မရှင်က ဒေါက်တာအဖရာဒီနှင့် ပတ်သက်သည့်အချက်အလက်များကို အဘယ်ကြောင့် လူသိရှင်ကြားကြေငြာခဲ့ရသည်၊ ဒေါက်တာအဖရာဒီကို နိုင်ငံတော်သစ္စဖောက်မှုဖြင့် ရုံးတင်တရားစွဲမည်လား ဆိုသည့်အချက်များကိုမူ အသေအချာမသိရသေး ပေ။

အစ္စလာမ္မာဘတ် အနီးစစ်တပ်မြို့တစ်မြို့ဖြစ်သော အဘူတာဘတ်တွင် ဘင်လာဒင်မည်သို့ပုန်းအောင်းနေထိုင်နေခဲ့သနည်း ဟူသည့် နိုင်ငံတကာမှ မေးခွန်းများဖြင့် ဖိအားများနေသော အချိန်တွင် စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ဘင်လာဒင်ကိစ္စနှင့်ပတ်သက်၍ CIA နှင့် ISI တို့နှစ်ဘက်တင်းမာနေပြီး ဒေါက်တာအဖရာဒီ၏ ဖြစ်စဉ်သည် ယင်းအဖွဲ့များနှင့် ဆက်စပ်ကာရှုပ်ထွေးနေသည်။

ဒေါက်တာအဖရာဒီသည် ဘင်လာဒင်၏ DNA နမူနာကိုရယူနိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်ကို လုပ်ဆောင်ခဲ့ ကြောင်း အမေရိကန်နှင့် ပါကစ္စတန်တာဝန်ရှိသူများက ပြောသည်။ ယင်းသို့ စုံစမ်းထောက်လှမ်းရေးဆိုင်ရာ ဗျူဟာတစ်ခုအနေ နှင့် ကာကွယ်ဆေးထိုးနှံရေးမျိုးကို ဆောင်ရွက်ခဲ့ခြင်းသည် အမှန်တကယ်လုပ်ဆောင်နေသော ဆေးဘက်ဆိုင်ရာ အကူအညီပေး မှုများအပေါ် ထိခိုက်နစ်နာစေသည်ဟု ပါကစ္စတန်ရှိ အကူအညီပေးရေးအဖွဲ့များက ဝေဖန်ခဲ့ကြသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။