Friday, October 14, 2011

ဆန္ဒပြသူများကို ပန်းခြံတွင်းမှဖယ်ရှားရန်ကြိုးပမ်း


စက်တင်ဘာလ ၁၇ ရက်နေ့မှစ၍ ဝေါလ်စထရိဆန့်ကျင်ရေးဆန္ဒပြသူများမှ သိမ်းပိုက်ထားသော အောက်မက်ဟန်တန်ပန်းခြံ တစ်ခုဖြစ်သော ဇပ်ကိုတီပန်းခြံအား သန့်ရှင်းရေးပြုလုပ်ရန်သက်ဆိုင်ရာမှ စီစဉ်နေမှုကို ပန်းခြံတွင်းဆန္ဒပြသူများက တားဆီးရန် ကြိုးပမ်းလျက်ရှိသည်။
အဆိုပါပန်းခြံသည် ပုဂ္ဂလိကပိုင်ပန်းခြံတစ်ခုဖြစ်ပြီး ဘရွတ်ဖီးရုံးခန်းအပိုင်ပန်းခြံဖြစ်သည်။ ပန်းခြံပိုင်ရှင် ဘရွတ်ဖီးလ်ရုံးမှ တာဝန်ရှိ သူများ ဆန္ဒပြသူများအားဖယ်ရှားရန် အကြံအစည်ဖြင့် ပန်းခြံသန့်ရှင်းရေးလုပ်မည်ဟု အကြောင်းပြလုပ်ဆောင်ခြင်းဖြစ်သည်။
ဘရွတ်ဖီးလ်ရုံးမှ ကြေငြာချက်ထုတ်ပြန်ခဲ့ရာ ပန်းခြံသည် ညစ်ပတ်နေပြီး လုံခြုံစိတ်ချရမှုမရှိသော အခြေအနေတွင် ရှိနေခြင်း ကြောင့် ပြန်လည်မွန်းမံပြင်ဆင်ပြီးမှ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များဖြင့် ပြန်လည်ဖွင့်လှစ်မည်ဟု ဆိုသည်။
ဆန္ဒပြသူများက နိုင်ငံအ၀ှမ်းမြို့ကြီး ၁၄,၀၀၀ တွင် လူထုဆန္ဒပြမှုများဖြစ်ပွားစေခဲ့သော လှုပ်ရှားမှုကို ရပ်တန့်သွားအောင် ဆောင်ရွက်ခြင်းဖြစ်ပြီး မြို့တော်ဝန် မိုက်ကယ်ဘလွန်းဘတ်၏ လက်ချက်ဖြစ်ကြောင်း စွပ်စွဲကြလျက်ရှိသည်။
`ဟိုတုန်းက ဖြစ်ခဲ့တဲ့ ဆန္ဒပြမှုတွေကို ဘလွန်းဘတ်က ဘယ်လိုဖြိုခွင်းခဲ့တယ်ဆိုတာ ကြည့်ပြီး သတိထားကြပါ။ ပြီးတော့ အခုလိုဆန္ဒပြမှုတွေ ဥရောပမှာပေါ်ပေါက်တုန်းက ဘယ်လိုနည်းလမ်းမျိုးတွေနဲ့ ဖြိုခွင်းခံခဲ့ရတယ်ဆိုတာ သတိထားကြပါ။´ ဟု ဆန္ဒပြမှုများကို စည်းရုံးလှုံ့ဆော်ဦးဆောင်သူများက ဖေ့စ်ဘွတ်စာမျက်နှာများထက်တွင် ရေးသားကြ သည်။ ဝေါလ်စထရိလှုပ်ရှားမှုကြီးမှ ဆန္ဒပြသူများ ပန်းခြံအားသိမ်းပိုက်ထားမှုကို ဖယ်ရှားပစ်ရန်ကြိုးပမ်းနေမှုများကိုကာကွယ်ရန် သောကြာနေ့က လှုံ့ဆော်ခဲ့ကြသည်။
ထို့ပြင် စနေနေ့တွင် တကမ္ဘာလုံးအတိုင်းအတာဖြင့်ဆန္ဒပြရန် `အတူတကွသိမ်းပိုက်ခြင်း´ အဖွဲ့နှင့် `ကမ္ဘာ့ပြောင်းလဲရေး အစည်းအရုံး´ အဖွဲ့များက လှုံ့ဆော်ထားကြသည်။
တက်ကြွသော အဖွဲ့တစ်ဖွဲ့ဖြစ်သည့် MoveOn.org ကလည်း ထောက်ခံသူများအား ဆန္ဒပြသူများနှင့် အတူပူးပေါင်းပါဝင်ပြီး ၀န်းရံပေးကြရန် တောင်းဆိုထားသည်။

သို့သော် ပန်းခြံပိုင်ရှင် ဘရွတ်ဖီးလ်ကုမ္ပဏီက ပန်းခြံသည် ညစ်ပတ်နံစော်နေကြောင်း၊ မူးယစ်ဆေး၊ ခိုက်ရန်ဖြစ်ပွားမှုများနှင့် ဆန္ဒပြနေထိုင်နေသူများထံမှ အနံ့ဆိုးများခံရကြောင်း ပတ်ဝန်းကျင်မှတိုင်တန်းသဖြင့် သန့်ရှင်းရေးလုပ်ရန်လိုအပ်နေကြောင်း ပြောကြားသည်။

ဘရွတ်ဖီးလ်မှ လွှတ်လိုက်သောဝန်ထမ်းများ ရဲများဖြင့်ခြံရံလျက် ပန်းခြံကိုပြန်လည်ပြင်ဆင်မည်ဖြစ်၍ ထွက်ခွါပေးရန် သတိပေး အကြောင်းကြားသည့်စာများကိုလိုက်လံဝေငှခဲ့ကြသည်။
ပန်းခြံပြန်ဖွင့်လျှင်သတ်မှတ်မည့်စည်းကမ်းချက်များမှာ စခန်းချနေထိုင်ခြင်း၊ တဲများ သို့မဟုတ်အခြားအမိုးအကာများဖြင့်ဆောက် လုပ်ခြင်း၊ မြေကြီးပေါ်တွင်လှဲလျောင်းခြင်း၊ အိပ်ယာခင်းတာပေါ်လင်စများ၊ တောတွင်းအိပ်ယာအိတ်များအသုံးပြုခြင်းနှင့် အခြား သိုလှောင်အသုံးပြုသောပစ္စည်းများ၊ တကိုယ်ရေအသုံးပြုပစ္စည်းများထားရှိခြင်း စသည်တို့ကို တားမြစ်သည်။ လက်ရှိအချိန်တွင် ပန်းခြံတွင်းဆန္ဒပြနေသူများ အသုံးပြုနေကြသော ပစ္စည်းများပင်ဖြစ်သည်။
သို့သော် ဘရွတ်ဖီးလ်က လွတ်လပ်စွာဖေါ်ထုတ်ခွင့်၊ စုရုံးခွင့်၊ ငြိမ်းချမ်းစွာဆန္ဒပြခွင့်တို့ကို လေးစားပါကြောင်း ကြေငြာချက်တွင် ဖေါ်ပြထားသည်။

ရဲများကယင်း စည်းကမ်းချက်များကို ထိန်းသိမ်းပေးမည်ဖြစ်သော်လည်း ဘရွတ်ဖီးလ်ကုမ္ပဏီ၏ သဘောအတိုင်းသာ စည်းကမ်း ချက်များကို သတ်မှတ်မည်ဖြစ်သည်။ ဥပဒေချိုးဖေါက်မှုများရှိမှသာ ရဲက ၀င်ရောက်စွက်ဖက်မည်ဖြစ်ပြီး ပန်းခြံပိုင်ရှင်ဘရွတ်ဖီးလ် ကတိုင်ကြားလျှင်လည်း အရေးယူမည်ဖြစ်သည်။

ဝေါလ်စရိလှုပ်ရှားမှု ဆန္ဒပြသူများသည် စီးပွားရေးကျဆင်းမှုကြောင့် ဘဏ်များပြိုချိန်တွင် ဘဏ်များကို အသက်ဆက်နိုင်ရန် ဒေါ်လာဘီလီယံပေါင်းများစွာ အစိုးရက ထုတ်ပေးခဲ့ခြင်းအပေါ် မကျေမနပ်ဖြစ်ခဲ့ကြသည်။ သို့သော် အလုပ်လက်မဲ့နှုန်းဆက် လက်မြင့်မားဆဲဖြစ်ပြီး အလုပ်အကိုင်ခိုင်မာခြင်းလည်းမရှိပေ။
အမေရိကန်တွင် အချမ်းသာဆုံးလူတစ်စုဖြစ်သော ၁ ရာခိုင်နှုန်းက ရားမျှတစွာအခွန်ပေးဆောင်ခြင်းမရှိဟု ဆန္ဒပြသူများက ဆိုသည်။ ဆန္ဒပြသူ ရာပေါင်းများစွာ ဖမ်းဆီးခံခဲ့ရပြီးဖြစ်ပြီး ရဲများက နှိမ်နင်းရာတွင် ငရုပ်ကောင်း ဖျန်းဆေးများကို အသုံးပြု နှိမ် နင်းခဲ့ကြောင်းဆိုသည်။ လွန်ခဲ့သောရက်သတ္တများအတွင်း ဘော့စ်တွန်၊ ၀ါရှင်တန်ဒီစီ၊ ချီကာကို၊ အော်စတင်နှင့် ဆန်ဖရန်စစ္စကို မြို့များတွင် ဆန္ဒပြသူများစွာဖမ်းဆီးခံခဲ့ရသည်။

ထို့အတူ `ကောလိပ်များကိုသိမ်းပိုက်ခြင်း´ လှုပ်ရှားမှုမှ ဦးဆောင်မှုဖြင့် ပြည်နယ် ၂၅ ခုတွင် ကောလိပ် ၂၅ ခုတွင် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။