Friday, October 7, 2011

ဂရိဘဏ္ဍာရေး ဆန္ဒပြမှု


ဂရိနိုင်ငံ အေသင်မြို့တွင် အစိုးရ၏ ဘဏ္ဍာရေးအစီစဉ်ကို ကန့်ကွက်ဆန္ဒပြသူ ၁၆,၀၀၀ ခန့် ကြွေးကြော်သံများအော်ဟစ်ကာ၊ ဒရမ်များကို တီးခတ်ကာ၊ ဝီစီများမှုတ်ကာ အစိုးရကို ဆန္ဒပြခဲ့ကြသည်။ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သောယင်းဆန္ဒပြပွဲတွင် အများစုမှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသော်လည်း အချို့မှာ ရဲများနှင့် ပဋိပက္ခဖြစ်ပွားခဲ့ကြသည်။

လူငယ်များက လူသွားစင်္ကြံမှကျောက်ပြားများကို ခွာ၍ထွက်လာသော အကျိုးအပဲ့အစများဖြင့် ရဲများကိုပစ်ခတ်တိုက်ခိုက်ခဲ့ကြ ပြီး အချို့ကလည်း မျက်နှာဖုံးများစွပ်ထားပြီး ခဲများ၊ တုတ်များ၊ မီးလောင်ဗုံးများ၊ တွေ့ကရာပစ္စည်းများဖြင့်ပစ်ခတ်ခဲ့ကြသည်။ ရဲများကလည်း မျက်ရည်ယိုဗုံးများဖြင့်ပြန်လည်ပစ်ခတ်ခြင်း ၊ လိုက်လံဖမ်းဆီးခြင်းများပြုလုပ်ခဲ့သည်။

ဆန္ဒပြပွဲကို သမဂ္ဂအဖွဲ့ဝင်များနှင့် အစိုးရအလုပ်များမှ အလုပ်သမားများက ဦးဆောင်ခဲ့ပြီး အစိုးရလေယာဉ်ပြေးဆွဲမှုများကို ၂၄ နာရီကြာသပိတ်မှောက်ဆန္ဒပြခဲ့ကြသည်။ အစိုးရလေကြောင်းလိုင်းများတွင် အလုပ်လုပ်နေသော အလုပ်သမား ၃၀,၀၀၀ ခန့်ကို “အရံလုပ်သား” အစီအစဉ်ဖြင့် လျှော့ချပစ်ရန် အစိုးရ၏ အစီအစဉ်ကိ မကျေနပ်၍ သပိတ်မှောက်ဆန္ဒပြကြခြင်းဖြစ်သည်။
ကျောင်းများ၊ အစိုးရရုံးများ၊ ပြတိုက်များ၊ ရှေးဟောင်းသုတေသနလုပ်ငန်းများတွင် ဗုဒ္ဓဟူးနေ့က အလုပ်သမားများသပိတ်မှောက် ခဲ့ကြသဖြင့် ပိတ်ထားခဲ့ရသည်။ ဆေးရုံးများတွင်သာ ခါတိုင်းထက်ဝန်ထမ်းအင်အားလျှော့နည်းသွားသော်လည်း ဆက်လက် လည်ပတ်နေခဲ့သည်။
“ဂရိမှာ ငါးယောက်မှာ တစ်ယောက်နှုန်း အစိုးရအလုပ်လုပ်ကြတာပါ။ အစိုးရရဲ့ ဘဏ္ဍာငွေကြေးကယ်ဆယ်ရေးအစီ အစဉ်က အလုပ်ဖြစ်မယ်လို့ ပြည်သူတွေယုံကြည်ရင် လမ်းပေါ်မှာထွက်ပြီး ဘယ်သူမှဆန္ဒပြကြမှာ မဟုတ်ပါဘူး။ ” ဟု အေသင် မြို့ရောက်အယ်လ်ဂျာဇီယာသတင်းထောက် ယောနဟူးလ်က သတင်းပေးပို့ခဲ့သည်။

အရံလုပ်သားအစီအစဉ်အရ ဘဏ္ဍာရေးအကြပ်အတည်းများပြေလည်နိုင်ရန်အတွက် လုပ်သားအင်အားလျှော့ချရေး၊ လုပ်ခလစာများလျှော့ချရေးအစီ အစဉ်များ ပါဝင်သည်။ သို့သော် ဂရိအများအပြားက နိုင်ငံတော် ဘဏ္ဍာရေးအကြပ်အတည်းများ ဖြစ်ပွားရခြင်းမှာ သူတို့တွင် တာဝန်မရှိ၊ စီမံခန့်ခွဲမှုလွဲချော်ခြင်းကြောင့်သာ ဖြစ်ကြောင်း ဆိုသည်။

“ကျွန်တော်တို့ ဒေဝါလီခံနေပြီလို့ ထင်တယ်။ ဒါပေမယ့် ဆက်ပြီးတိုက်ပွဲဝင်သွားရမှာပဲ။” ဟု အလုပ်လက်မဲ့သားများ၏ မိခင်၊ အစိုးရအလုပ်မှ လျှော့ချခံရမည့် အထဲတွင်ပါဝင်သောခင်ပွန်းတို့၏ ဇနီးတစ်ဦးဖြစ်သော အသက် ၅၂ နှစ်ရှိ နီကီဇိုင်းဒပ်စ် က ရိုက်တာသတင်းဌာနက မေးမြန်းစဉ်ဖြေကြားခဲ့သည်။
“အစိုးရကို ဆင်းပေးစေချင်တယ်။ ဒါပေမယ့် ရွေးကောက်ပွဲလုပ်ပြီးနောက်အစိုးရတက်လာတော့ရော ဘာထူးမှာလဲ။”

ဂရိဘဏ္ဍာရေးဝန်ကြီး အီဗန်ဂဲလို့ဗန်နီဇီးလို့က နိုဝင်ဘာလလယ်လောက်ထိ ပင်စင်လစာများ၊ အလုပ်သမားလစာများ၊ ငွေစုငွေ ချေး စာရင်းရှင်များ အတွက် ပေးရန် အစိုးရတွင် ပိုက်ဆံအလုံအလောက်ရှိကြောင်းပြောကြားခဲ့သည်။
အစောပိုင်းက လောက်တိုဘာလလယ်ခန့်လောက်တွင် ငွေလိုပြီဖြစ်ကြောင်း အစိုးရကပြောကြားခဲ့သည်။ ဘဏ္ဍာရေးပြန်လည် ကောင်းမွန်လာရေး အစီအစဉ်တစ်ရပ်အနေနှင့် ချေးငွေ ဒေါ်လာ ၁၄၉ ဘီလီယံကို ပြန်ဆပ်နိုင်ရန် ကြွေးရှင်များဖြစ်သော ဥရောပ သမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာငွေကြေးရံပုန်ငွေအဖွဲ့နှင့် ဥရောပဗဟိုဘဏ်တို့က အစိုးရအတွက် အခွန်ငွေဖြတ်တောက်ရေး၊ လုပ်သား လျှော့ချရေးနည်းနာများ ချမှတ်ပေးခဲ့သည်။

ဂရိအကြပ်အတည်းကြောင့် စတော့ဈေးကွက်များတွင် ရိုက်ခတ်မှုများရှိပြီး ဂရိကအကြွေးပြန်မဆပ်နိုင်မည့် အလားအလာ များကြောင့် ဥရောပဗဟိုဘဏ်တွင်လည်း ဖိအားများတိုးနေသည်။


Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။