Sunday, October 2, 2011

ဆာတ်မြို့ကို အတိုက်အခံတို့ ဝန်းရံထား၊ တိုက်ပွဲများပြင်းထန်




လစ်ဗျားအတိုက်အခံတပ်များသည် ကဒါဖီ၏ မွေးရပ်ဇာတိမြို့ ဆာတ်ကို ဝန်းရံထားလိုက်ပြီး မြို့တွင်းလမ်းများပေါ်ရှိ ကဒါဖီ သစ္စာခံတပ်များနှင့် အကြီးအကျယ်တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။
ဆာတ်မြို့ရှိ ဆိပ်ကမ်း၊ လေဆိပ်နှင့် စစ်စခန်းများကို လုံးဝထိန်းချုပ်ထားနိုင်ပြီဟု လစ်ဗျား အမျိုးသာအသွင်ကူးပြောင်းရေး ကောင်စီ (NTC) က လွန်ခဲ့သောအပတ်က ပြောကြားခဲ့သည်။

ကဒါဖီ၏ တတိယသားဖြစ်သူ ဆာဒီကဒါဖီ၏ တပ်ဌာနချုပ်ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း NTC က စနေနေ့က ပြောကြားခဲ့ သည်။

မြို့ကို အဖက်ဖက်မှဝန်းရံပိတ်ဆို့ထားသော်လည်း မြို့တွင်းမှ ထွက်ခွါလိုသူအရပ်သားများထွက်ခွါသွားနိုင်အောင် အပေါက်တစ် ပေါက် ဖွင့်ပေးထားကြောင်း NTC တပ်မှူး မူစတာဖာ အယ်လ်-ရူဘာအီက အေပီသတင်းဌာနသို့ ပြောကြားခဲ့သည်။
မြို့တွင်းရှိ ကဒါဖီသစ္စာခံတပ်များနှင့် ရက်သတ္တပေါင်းအတန်ကြာတိုက်ခိုက်ပြီးနောက် မြို့လည်ခေါင်မှ ၅ ကီလိုမီတာအကွာတွင် NTC တပ်များဝင်ရောက်ထိန်းသိမ်းထားနိုင်ပြီဖြစ်ကြောင်း သူကပြောသည်။

အရှေ့ဘက်ခြမ်းမှ NTC တပ်များ ဆာတ်မြို့၏ လူနေရပ်ကွက်တစ်ခုနှင့် ကဒါဖီ၏ စနိုက်ပါတပ်သားများအခြေချရာ ဟိုတယ်တစ် လုံးကို သိမ်းပိုက်ခဲ့ကြောင်း အယ်လ်-ရူဘာအီက ပြောသည်။
“အခုလောလောဆယ် တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။” ဟုဆို၏။
“ရန်သူတွေကို တောင်ဘက်၊ အရှေ့ဘက်နဲ့ အနောက်ဘက်တွေကနေ ဝန်းရံပိတ်ဆို့တိုက်ခိုက်နေပါတယ်။ သူတို့မှာ ခေတ်မီလက်နက်တွေနဲ့ လက်နက်ခဲယမ်းအမြောက်အများရှိနေပါသေးတယ်။”

မြို့တွင်းရှိကဒါဖီတပ်များသည် တိုက်မြင့်များအပေါ်မှ စနိုက်ပါများနှင့် အချက်အခြာကျသော နေရာများတွင် တပ်စွဲထားပြီး NTC တပ်များအနေနှင့် မြို့ကိုသိမ်းပိုက်နိုင်ရေးအတွက် ခက်ခဲနေကြောင်း အယ်လ်-ရူဘာအီက ပြောသည်။
“အစီအစဉ်က အရှေ့ဘက်နဲ့ အနောက်ဘက်ကနေတပ်တွေဖြန့်ဝင်ပြီး အလယ်မှာ ပြန်ဆုံဖို့ပဲဗျ။ အဲဒီနေရာကို တပ်တွေ ရောက်ပြီး ဆုံနိုင်ပြီဆိုရင် ကျုပ်တို့ အောင်ပွဲခံပြီ။” ဟု အယ်လ်-ရူဘာအီက ပြောသည်။

ထို့ပြင် အနောက်ဘက်မှ တပ်များက အမြှောက်များ၊ တင့်ကားများဖြင့်ပစ်ခတ်လျက်ရှိပြီး နေတိုးတပ်များက အပေါ်မှ လေယာဉ် များဖြင့် ပျံဝဲလျက်ရှိသည်။
လစ်ဗျားတွင် နေတိုး၏ စစ်ဆင်ရေး အတော်အတန်ပြီးမြောက်အောင်မြင်ပြီဖြစ်၍ နောက်တစ်ပတ်တွင် မဟာမိတ်ခေါင်းဆောင် များ ဘရပ်ဆဲလ်မြို့၌ တွေ့ဆုံဆွေးနွေးမှုအပြီးတွင် နေတိုးတပ်များပြန်လည်ရုပ်သိမ်းမည်ဖြစ်ကြောင်း အာဖရိကဆိုင်ရာ အမေရိကန်စစ်ရေးထိပ်တန်း တပ်မှူး ကာတာဟမ်က ပြောသည်။ နေတိုးအဖွဲ့ဝင်ဝန်ကြီးများတွေ့ဆုံပြီး အခြေအနေအရပ်ရပ်ကို သုံးသပ်ဆွေးနွေးကြပြီး စစ်ဆင်ရေးကို ရပ်တန့်ရန် ဆုံးဖြတ်ချက်ချမည်ဖြစ်ကြောင်း တပ်မှူး ကာတာက အေပီသတင်းသို့ပြော ကြားခဲ့သည်။
လစ်ဗျားနယ်စပ်ဒေသများလုံခြုံရေးနှင့် လက်နက်များမပြန့်ပွားရေးအတွက် အချိန်အတိုင်းအတာတစ်ခုအထိ ဒရုန်းကဲ့သို့သော သူလျှိုလေယာဉ်များနှင့် စောင့်ကြည့်ရေးအစီအစဉ်များ နေတိုးက ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သူက ပြောသည်။ လစ်ဗျား ကြားဖြတ်အစိုးရမှ ဆက်လက်တိုက်ခိုက်ပေးရန် တောင်းဆိုခြင်းမရှိလျှင် လေကြောင်းမှတိုက်ခိုက်ရေးအစီ အစဉ်များရပ်တန့်ပေးသွားမည်ဟုလည်း ဆိုသည်။

စနေနေ့တွင် ဆာတ်မြို့ရှိဒေသခံအရပ်သားများ မြို့ကိုစွန့်ခွာလာနေကြသည်။ ဆာတ်မြို့မှထွက်ခွါလာသော မိသားစုလေးဦး တစ်စု ကဒါဖီတပ်များ တပ်စွဲထားရာနေရာမှ အတိုက်အခံတပ်များရှိရာသို့ ကားဖြင့်ထွက်ပြေးလာစဉ် အသတ်ခံခဲ့ရကြောင်း ၊ မည်သူက သတ်သည်ကို မသိရှိရကြောင်း ရှေ့တန်းဆေးရုံမှ တာဝန်ကျဆရာဝန်တစ်ဦးကပြောသည်။

စနေနေ့ မနက်အစောပိုင်းက ကလေးနှစ်ယောက်အလောင်းနှင့် မိဘနှစ်ပါးအလောင်းများကို သူတာဝန်ထမ်းဆောင်ရာ ရှေ့တန်း ဆေးရုံသို့ သယ်ယူလာကြကြောင်း၊ သူတို့ကို စက်သေနတ်ဖြင့် ပစ်သတ်ခြင်းဖြစ်ကြောင်း ဒေါက်တာ နူရီနာရီက ပြောသည်။

မြို့တွင်း၌ပေါက်ကွဲသံများဆက်တိုက်ထွက်ပေါ်လာနေစဉ်တွင် ဆာတ်မြို့မှစွန့်ခွာထွက်ပြေးလာကြသူများ၏ ကားတန်းကြီးသည် NTC တပ်၏ စစ်ဆေးရေးဂိတ်ပေါက်ဝတွင် တန်းစီစောင့်ဆိုင်းကာ ထွက်ခွာသွားနေကြသည်။

မြို့တွင်းမှ စွန့်ခွာထွက်ပြေးလာနေသူများ၏ အဆိုအရ မြို့တွင်း၌ အခြေအနေအလွန်ဆိုးဝါးလျက်ရှိပြီး အစားအသောက်ပြတ်လပ် လျက်ရှိပြီး ၊ ရေမရှိ၊ မီးမရှိဖြစ်နေသည်ဟု ဆိုသည်။
ကားများ၊ ဘတ်စ်ကားများ နှင့် ထရပ်ကားကြီးငယ်များတွင် မိသားစုများနှင့် အိမ်ထောင်ပရိဘောဂများတင်ဆောင်ကာ ရှေ့တန်း စစ်မြေပြင်မျက်နှာစာနှင့် ၁ ကီလိုမီတာအကွာခန့်တွင်ရှိသော စစ်တပ်စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းရန် စောင့်ဆိုင်းကြလျက်ရှိ သည်။ လုပ်အားပေးများက ထိုသူများကို အစားအသောက်များဝေပေးလျက်ရှိပြီး စစ်သားများက စာရွက်စာတမ်းများ ၊ ကားများ ကိုလိုက်လံစစ်ဆေးလျက်ရှိသည်။

နယ်စည်းမခြားဆရာဝန်များ အဖွဲ့တစ်ဖွဲ့က စနေနေ့တွင် ဆာတ်မြို့သို့ဝင်ရောက်ရန် ကြိုးစားခဲ့ကြသော်လည်း တိုက်ပွဲအပြင်း အထန်ဖြစ်ပွားနေခြင်းနှင့် ကဒါဖီတပ်များက သူတို့ကို မပစ်ခတ်ဟု အာမမခံနိုင်သည့်အတွက် ပြန်လည်ဆုတ်ခွာခဲ့ကြသည်။

ကဒါဖီ၏ ပြောရေးဆိုခွင့်ရှိသူ ဝရမ်းပြေး မူတာအီဘရာဟင်သည် ဆီးရီးယားအခြေစိုက် ရုပ်မြင်သံကြားဌာနတစ်ခုသို့ ဖုန်းဆက် ကာ သူ့ကို ဖမ်းဆီးရမိပြီဆိုသော သတင်းမှာ မမှန်ကန်ကြောင်းငြင်းဆိုခဲ့သည်။
အတိုက်အခံတပ်များဝန်းရံပိတ်ဆို့ထားသော ဆာတ်မြို့ကို ပုံမှန်အဝင်အထွက်ပြုနေကြောင်း အီဘရာဟင်က ရိုက်တာ သတင်း သို့လည်းပြောကြားခဲ့သည်။ NTC တပ်များက မိန်းမဟန်ဆောင်ထားသော အီဘရာဟင်ကို ဖမ်းဆီးရမိခဲ့ပြီးဖြစ်ကြောင်း ပြောကြား ပြီးနောက် အီဘရာဟင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ကျုပ်ကိုဖမ်းမိပြီဆိုတဲ့ သတင်းတွေက အလိမ်အညာတွေ။ ကျုပ်က ဆာတ်မြို့ရှေ့တန်းစစ်မျက်နှာပြင်မှာ တပ်သား ၂၃ ယောက်နဲ့ အတူရှိနေတယ်။” ဟု အီဘရာဟင်က အာရိုင်ရုပ်မြင်သံကြားသို့ ပြောကြားခဲ့သည်။
“ကျုပ်တို့ အတိုက်ခံနေရတာ တစ်ရက်နဲ့နေ့တစ်ဝက်ကျော်သွားပြီ။ နှစ်ဘက်စလုံးအကျအဆုံးရှိတယ်။”

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။