Tuesday, October 4, 2011

ဘာရိန်းတွင် ဆန္ဒပြသူများကို နှစ်ရှည်ထောင်ဒဏ်များချမှတ်


ယခုနှစ်အစောပိုင်းက ဘာရိန်းနိုင်ငံတွင်ဖြစ်ပွားသော လူထုဆန္ဒပြမှုများအတွင်းပါဝင်လှုပ်ရှားမှုဖြင့် တရားစွဲဆိုခံထားရသူ ၃၆ ဦးကို ထောင်ဒဏ် ၁၅ နှစ်မှ ၂၅ နှစ်အတွင်းနှစ်ရှည်ထောင်ဒဏ်များ အသီးသီချမှတ်ခဲ့လေသည်။

၁၄ ယောက်ကို ထောင်ဒဏ် ၂၅ နှစ်ချမှတ်ခဲ့ကြောင်း ရှီးအိုက် အယ်လ်-ဝီဖက်ခ် ပါတီ၏ အမတ်ဟောင်းတစ်ဦးဖြစ်ခဲ့သူ မာတာမာတာက အယ်လ်ဂျာဇီယာသို့ပြောပြသည်။
အစိုးရရှေ့နေ ယူဆွတ်ဖလီဖယ်က ပါကစ္စတန်လူမျိုးတစ်ဦးအား မသေမချင်းရိုက်သတ်မှု၊ အဓိကရုဏ်းဖြစ်ပွားအောင် လုပ်ဆောင်မှုတို့ဖြင့် အဆိုပါ ၁၄ ဦးကို အပြစ်ပေးခဲ့ခြင်းဖြစ်ကြောင်း BNA သတင်းဌာနက ကြေငြာခဲ့သည်။
အခြား ၁၅ ဦးကို မနားမားရှိ ဘာရိန်းတက္ကသိုလ်အတွင်း အဖျက်လုပ်ရပ်များလုပ်ဆောင်ခြင်း၊ ဆန္ဒပြပွဲများတွင် ပါဝင်ခြင်းနှင့် စစ်သားများကိုသတ်ဖြတ်ခဲ့ခြင်းတို့အတွက် ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်လိုက်ကြောင်းဆိုသည်။

နောက်ထပ်အမှုတွဲတစ်ခုတွင် တက္ကသိုလ်ကျောင်းသား ၇ ဦးပါဝင်ပြီး ယင်းတို့ထဲမှ ၆ ဦးကို ၁၅ နှစ်စီ၊ တစ်ဦးကို ၁၈ နှစ် အသီးသီး ချမှတ်ခဲ့လေသည်။ တက္ကသိုလ်အတွင်းရှိ လူအများအပြားကို သတ်ဖြတ်ရန်ရည်ရွယ်ချက်ရှိကြောင်း ထင်ရှားသဖြင့်ဟု ဆိုသည်။

ယင်းအမှုတွဲများကို အမျိုးသားလုံခြုံရေးတရားရုံးမှ စီရင်ချက်များချမှတ်ခဲ့ခြင်းဖြစ်ပြီး မတ်လလယ်ခန့်မှစတင်၍ဖြစ်ပွားသော ရှီးအိုက်ဦးဆောင် ဆန္ဒပြပွဲများကို နှိမ်နင်းရန် အဆိုပါတရားရုံးကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သောအပတ်ကလည်း ဆန္ဒပြသူများကို အားပေးကူညီမှုဖြင့် ဆရာဝန်များနှင့် သူနာပြုများကို ထောင်ဒဏ်များချမှတ် ခဲ့သေးသည်။ ယခုလ အကုန်တွင် အယူခံဝင်သွားမည်ဟု ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူများက ဆိုသည်။
“အယူခံတွေကို သုံးသပ်လေ့လာဖို့အတွက် အဖွဲ့တစ်ဖွဲ့ အောက်တိုဘာလ ၂၃ ရက်နေ့မှာ ဖွဲ့စည်းပါမယ်။” ဟု အစိုးရှေ့နေချုပ် အဘ္ဘဒူလာမန် အယ်လ်-ဆေးယက်က ကြေငြာချက်တစ်ခုတွင် ထည့်သွင်းပြောကြားခဲ့ပြီး BNA သတင်းဌာနက ကြေငြာခဲ့သည်။

အမျိုးသားလုံခြုံရေးတရားရုံးသည် ဆရာဝန်အယောက် ၂၀၊ သူနာပြုများနှင့် ဆေးဘက်ဆိုင်ရာ အကူဝန်ထမ်းများအား ထောင်ဒဏ် ၅ နှစ်မှ ၁၅ နှစ်အတွင်း အသီးသီးချမှတ်ခဲ့လေသည်။
“ဒီဆုံးဖြတ်ချက်တွေက နောက်ဆုံးအဆင့်မဟုတ်သေးပါဘူး။ တရားရုံးရဲ့ အဆုံးအဖြတ်အတွက် လူတိုင်း အယူခံယူနိုင် ပါသေးတယ်။” ဟု ဆေးယက်ကပြောသည်။

မတ်လ ဆန္ဒပြမှုများစတင်ချိန်မှစ၍ ဆရာဝန်များ၊ သူနာပြုများ၊ တက်ကြွလှုပ်ရှားသူများ၊ အတိုက်အခံများ စသည်ဖြင့် နယ်ပယ် အသီးသီးမှ လူပုဂ္ဂိုလ်အများအပြားကို ကွာစီ- စစ်ခုံရုံးတွင် ရုံးတင်စစ်ဆေးလျက်ရှိသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။