Friday, October 21, 2011

ကဒါဖီကို ဖမ်းမိပြီ


လစ်ဗျားခေါင်းဆောင်ဟောင်းကဒါဖီ နှင့်ပတ်သက်၍ဇဝေဇ၀ါဖြစ်နေစဉ်တွင် အပျော်တမ်းကင်မရာများဖြင့် မျက်မြင် သက်သေများက ရိုက်ကူးထားသော ဓါတ်ပုံအထောက်အထားများထွက်ပေါ်လာပြီး ကဒါဖီသေဆုံးပြီဟု အသိအမှတ် ပြုခဲ့ကြသည်။

ကြာသပတေးနေ့ အာရုဏ်တက်ဝတ်ပြုချိန်မတိုင်မီကဒါဖီသည် သစ္စာခံအစောင့်အရှောက်အနည်းငယ်နှင့် ယခင် စစ်တပ်၏ အကြီးအကဲဟောင်း အဘူဘာကာယူးနစ်ဂျဘားနှင့်အတူ ဆာ့တ်မြို့တွင်းမှ ထွက်ခွာခဲ့သည်။ ဆာ့တ်မြို့ ကို အတိုက်အခံ NTC တပ်များက သိမ်းပိုက်ရန်ကြိုးစားနေကြပြီး သူ၏ သစ္စာ ခံတပ်များနှင့် NTC တပ်များအပြင်း အထန်တိုက်ပွဲဖြစ်ပွားနေကြသည်။

ကဒါဖီသည် ပုန်းခိုနေရာမှ ထွက်လာပြီး ထရပ်ကား ၁၅ စီးပါဝင်သောယာဉ်တန်းဖြင့် အနောက်ဘက်သို့ဦးတည်သွား ခဲ့သည်။ သို့သော် အတော်ဝေးဝေးသို့ပင်မရောက်နိုင်ခဲ့ပေ။ ၎င်းတို့၏လေယာဉ်တစ်စီးက ကြာသပတေးနေ့နံနက် ၈ နာရီ ခွဲခန့်တွင် ယာဉ်တန်းကိုတိုက်ခိုက်ခဲ့ကြောင်း နေတိုးမှ ပြောကြားခဲ့သည်။ ထို့နောက်ပြင်သစ်ကာကွယ်ရေး ၀န်ကြီးက မှန်ကန်ကြောင်းနောက်ပိုင်းတွင် အတည်ပြုပြောကြားခဲ့သည်။ ယင်းတိုက်ခိုက်မှုကြောင့် ယာဉ်တန်းပါ မော်တော်ယာဉ် ၁၅ စီးစလုံးပျက်စီးသွားပြီး ကဒါဖီ၏လူ အယောက်၅၀ သေဆုံးသွားခဲ့သည်။

သို့သော် ကဒါဖီနှင့် သူ့လူအနည်းငယ်မှာ လွတ်မြောက်သွားပြီး သစ်ပင်တန်းများကြားမှဖြတ်ကာ လမ်းမကြီးဆီသို့ ထွက်ပြေးခဲ့ဟန်တူလေသည်။ ထို့နောက် ရေပိုက်လုံးနှစ်ခုတွင် ၀င်ရောက်ပုန်းအောင်းနေခဲ့သည် ။

ကဒါဖီနှင့် သူ့လူများသည် NTC တိုက်ခိုက်ရေးသမားများမမြင်အောင်ပုန်းအောင်းနေခဲ့ကြသည်။ သို့သော် မကြာမီ ပင် သူတို့ကိုတွေ့ရှိခဲ့လေသည်။
`သူတို့ကို လေယာဉ်ပစ်သေနတ်နဲ့ ပထမ ပစ်တယ်ဗျ။ ဒါပေမယ့် မထိဘူး။ NTC တပ်မှ တပ်သားတစ်ဦး ဖြစ်သူ ဆာလမ်ဘာကီယာက ဆိုသည်။
`နောက်တော့ ကျွန်တော်တို့ ခြေကျင်လိုက်သွားတယ်။´
`ကဒါဖီရဲ့ လူတစ်ယောက်က သူ့ရဲ့ရိုင်ဖယ်ကို ဝှေ့ယမ်းပြီးတော့ လက်နက်ချကြောင်း အော်ပြောတယ်။ ဒါပေမယ့် ကျွန်တော့်မျက်နှာကိုလည်း သူက စပစ်တော့တာပဲ။´
`ဒါပေမယ့် ကျွန်တော်ထင်တာတော့ ကဒါဖီက မပစ်တော့ဖို့ပြောလိုက်တယ်ထင်တယ်။ `ကျွန်တော်တို့ရဲ့ ဆရာကြီးဒီမှာရှိတယ်။´ လို့ သူပြောတယ်။ `မွမ်မာကဒါဖီဒီမှာရှိတယ်။ ဒဏ်ရာရထားတယ်။ လို့ သူကပြောတယ်။´
`ကျွန်တော်တို့ဝင်သွားပြီး သူ့ကိုဆွဲထုတ်လာကြတယ်။ သူက `ဘာတွေဖြစ်နေကြတာလဲ´ လို့ရေရွတ်နေ တယ်။ ကျွန်တော်တို့ သူ့ကို ကားပေါ်ကိုဆွဲတင်လိုက်ကြတယ်။´ ဟု တပ်သားဘာကီးယားက ရိုက်တာသတင်းဌာန သို့ပြောပြခဲ့သည်။ ဤသို့ဖမ်းမိစဉ်တွင် ကဒါဖီ၏ ခြေထောက်နှင့်ကျောတွင် သေနတ်ဒဏ်ရာများရရှိထားသည်။

ကဒါဖီကို ဖမ်းမိရာတွင်ပါဝင်ခဲ့သော အခြားတပ်သားတစ်ဦးဖြစ်သူ အိုမရန်ဂျော်မာက ကဒါဖီကို သူ့လူတစ်ယောက် ကပင် ရင်ဘတ်ကို သေနတ်ကို ပစ်သတ်လိုက်ကြောင်းဆိုသည်။
အပျော်တမ်းကင်မရာဖြင့်ရိုက်၍ youtube တွင်တင်ထားသော မှတ်တမ်းဗွီဒီယိုအရ ကဒါဖီသည် ဒဏ်ရာရှိထားသော် လည်း အသက်ရှင်လျက်ပင် သူ့ကို NTC တပ်သားများတွဲယူခေါ်ဆောင်လာသည်ကိုတွေ့ရသည်။ ကဒါဖီ၏ သက်တော်စောင့်များမှာမူ တစ်ယောက်မကျန်အသတ်ခံခဲ့ရလေသည်။


ဒဏ်ရာများဖြင့်ဖမ်းဆီးရမိပြီးနောက် ဆေးရုံကားဖြင့် မစ္စရာတာရှိဆေးရုံသို့ပို့ဆောင်ရန် အသွားလမ်းပေါ်တွင် ရရှိသည့် ဒဏ်ရာဖြင့်ပင်သေဆုံးသွားကြောင်းမျက်မြင်သက်သေများက ဆိုသည်။

သို့သော် လက်ရှိဝန်ကြီးချုပ် မာမွတ်ဂျဘရီးက ကြာသပတေးနေ့တွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲသို့ပြောကြား ရာတွင် ကဒါဖီသည်သေနိုင်လောက်သောဒဏ်ရာမရရှိခဲ့ကြောင်းဆိုသည်။ ဆေးရုံသို့အသွားလမ်းတွင် အပြန်အလှန် ပစ်ခတ်ကြရင်း သေဆုံးသွားခြင်းသာဖြစ်ကြောင်းဆို၏။

`ကဒါဖီကို ရေမြောင်းထဲကနေခေါ်ထုတ်တဲ့ အချိန်မှာ ခုခံခြင်းလုံးဝမရှိတော့ပါဘူး။ ကျွန်တော်တို့သူ့ကို ခေါ်ထုတ်လာတဲ့ အချိန်ကလက်မောင်းမှာသေနတ်ထိထားတဲ့ ဒဏ်ရာရှိတယ်။ ကားပေါ်ကိုတင်တော့လည်း အခြား ဒဏ်ရာကြီးကြီးမားမားမရှိပါဘူး။´ ဟု ဂျဘရီးက ဆိုသည်။

`ကားထွက်သွားတဲ့အခါမှာတော့ ကဒါဖီရဲ့သစ္စာခံလက်ကျန်တပ်တွေနဲ့ NTC တပ်တွေအပြန်အလှန်ပစ်ခတ် မှုဖြစ်ပွားခဲ့ပါတယ်။ အဲဒီမှာပဲ ခေါင်းကိုသေနတ်မှန်ပြီးတော့ ကဒါဖီသေဆုံးသွားတာပါ။´
`ဒီကျည်ဆံဟာ ကဒါဖီတပ်တွေဆီကပစ်လိုက်တဲ့ကျည်ဆံလား၊ NTC တပ်တွေကပစ်လိုက်တဲ့ ကျည်ဆံလား ဆိုတာ မှုခင်းဆရာဝန်တွေလည်းမသိပါဘူး။´
ဆေးရုံသို့မရောက်မီ မိနစ်ပိုင်းအလိုတွင် ကဒါဖီသေဆုံးသွားကြောင်းဆိုသည်။

နောက်ထပ်ဗွီဒီယိုမှတ်တမ်းတစ်ခုတွင် NTC တပ်သားတစ်ယောက်ဟု ထင်ရသူက ကဒါဖီကိုပစ်သတ်လိုက်ပြီး ကဒါဖီ ၏အလောင်းကို ကြမ်းခင်းပေါ်တွင်တရွတ်တိုက်ဆွဲချလာကာ အုပ်စုလိုက်ဝန်းရံအော်ဟစ်အောင်ပွဲခံနေကြသည်ကို မြင်ရသည်။ ထို့နောက်ကဒါဖီ၏ ရုပ်အလောင်းကို တစ်နေရာသို့တင်ဆောင်သွားသည်ကို တွေ့ရသည်။
`ကဒါဖီရဲ့ အလောင်းက ကျွန်တော်တို့တပ်စိပ်ရဲ့ ကားတစ်စီးထဲမှာရှိပါတယ်။ ပြီးတော့ လုံခြုံရေးအရ လျှို့ ၀ှက်နေရာမှာထားထားပါတယ်။´ ဟု မစ္စရာတာမြို့ရှိ NTC အရာရှိတစ်ဦးဖြစ်သူ မိုဟာမက်အဘ္ဘဒယ်ကာဖီက ပြောသည်။

`သူကကျွန်တော်တို့ကို ကြွက်တွေလို့ခေါ်လေ့ရှိပါတယ်။ ဒါပေမယ့် အခုတော့ကြည့်ပါဦး ကျွန်တော်တို့သူ့ကို ဘယ်နေရာကနေဖမ်းမိလာသလဲဆိုတာ။´ ဟူ၍ ကဒါဖီနောက်ဆုံးပုန်းအောင်းနေခဲ့သော ရေလွှတ်မြောင်း၏ ဘေးတွင် ရပ်၍ အသက် ၂၇ နှစ်ရှိ တပ်သား အာမက် အယ်လ်-ဆာဟာတီ ကပြောသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။