Sunday, October 9, 2011

ကဒ်အတုလုပ်ခိုးယူသော နိုင်ငံတကာဂိုဏ်းတစ်ဂိုဏ်း နယူးယောက်တွင် ဖမ်းမိ


အကြွေးဝယ်ကဒ်အတုများကို ဖောက်သည်အစစ်များ၏ အကြွေးဝယ်ကဒ်များမှရရှိသောအချက်အလက်များကို အသုံးပြုကာ ဘဏ်များ၊ စားသောက်ဆိုင်များ၊ လက်လီလက်ကားဆိုင်များတွင် ထုတ်ယူ သုံးစွဲ နေသော ကမ္ဘာ့နိုင်ငံအနှံ့ရောက် ဒုစရိုက်ဂိုဏ်း တစ်ဂိုဏ်းကို နယူးယောက်ရဲများက ဖေါ်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။
ကျူးလွန်သူ ၁၁၁ ယောက်ကျော်ရှိပြီး ၈၆ ယောက်ကို သောကြာနေ့က ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။ ယင်းတို့အထဲတွင် အမေရိကန်နိုင်ငံ ကွင်းစ်ခရိုင်ရှိ ဒုစရိုက်အဖွဲ့များပါဝင်ပြီး အာရှ၊ အာဖရိက၊ ဥရောပနှင့် အရှေ့အလယ်ပိုင်းမှ အဖွဲ့များနှင့် ချိတ်ဆက်ထားလေသည်။
“ဒီလူတွေက သေနတ်ကိုင်ပြီး လုယက်တဲ့လူတွေတော့ မဟုတ်ဘူး။ ဒါပေမယ့် ခံရတဲ့သူအဖို့တော့ သေနတ်နဲ့တေ့ပြီး အလုခံရတာနဲ့ အတူတူပဲဗျ။ ” ဟု ရဲမင်းကြီး ရေမွန်ကယ်လီက ပြောသည်။

“ခေတ်မှီလုယက်ပုံလုယက်နည်းတွေထဲမှာ အကြီးဆုံးလုယက်မှုကြီးတစ်ခုပါပဲ။ အကြွေးဝယ်ကဒ်အတုလုပ်ပြီး လုယက် ခိုးယူမှုတွေအတွက်လည်း ဥပဒေပြဋ္ဌာန်းထားမှုရှိနေပါပြီ။” ဟု ကွင်းစ်ခရိုင်ရှေ့နေချုပ် ရစ်ချက်ဘရောင်းက ဆိုသည်။
၂၀၀၉ အောက်တိုဘာလအတွင်းက စတင်ခဲ့သော စုံစမ်းစစ်ဆေးမှုမှ ကွင်းစ်ခရိုင်ရှိ လုယက်မှုနှင့် ဖောက်ထွင်းမှုများဆက်စပ်၍ နောက်ထပ် ကျူးလွန်သူ ၂၄ ယောက်ဖမ်းဆီးထားကြောင်း ဆိုသည်။

အကြွေးဝယ်ကဒ်များ အတုလုပ်ခိုးယူမှုကိုကျူးလွန်သူများမှာ စားသောက်ဆိုင်များ၊ ဘဏ်များနှင့် အရောင်းဆိုင်ကြီးများတွင် အလုပ်လုပ်သော အလုပ်သမားများဖြစ်ပြီး တစ်ခါတစ်ရံ လုပ်ငန်းရှင်များကိုယ်တိုင်ပင်ကျူးလွန်ကြသည်။ ဆိုင်များတွင် အကြွေး ဝယ်ကဒ်ဖတ်သော စက်ကို အသုံးပြုပြီး ယင်းစက်မှတစ်ဆင့် ဖောက်သည်၏ အကြွေးဝယ်ကဒ်မှ အချက်အလက်များကို ရယူခြင်း ဖြစ်သည်။ ထို့နောက် ရရှိလာသောအချက်အလက်များကို ကွင်းစ်ရှိ ဒုစရိုက်ဂိုဏ်းများကို ထိန်းချုပ်လည်ပတ်နေသော ဆရာကြီး ၅ ဦးထံပို့ပေးလိုက်သည်။ ယင်းမှတစ်ဆင့် အချက်အလက်များကို ဗလာကဒ်ပြားပေါ်တွင် ကုတ် (Code) အဖြစ်ရိုက်နှိပ်ထည့် သွင်းပေးနိုင်သော ကျွမ်းကျင်သူများထံ ပို့ပေးလိုက်သည်။ ရုရှ၊ လစ်ဗျား၊ လက်ဘနွန်နှင့် တရုတ်တို့မှ အဆိုပါဗလာကဒ်ပြားများ ကိုပြုလုပ်ကာ ပြန်လည်တင်ပို့ပေးလိုက်သည်။
ဒုစရိုက်ဂိုဏ်းများသည် အမေရိကန်အိပ်စ်ပရက်စ်၊ မာစကာကဒ်၊ ဗီဇာနှင့် ဒစ္စကာဗာကဒ်တို့၏ လုံခြုံရေးနံပါတ်များ၊ တံဆိပ်များ၊ တစ်ခါတစ်ရံ နယူးယောက်ယာဉ်မောင်းလိုင်စင် သက်သေခံကဒ်ပြားအတုများကိုပါ လုပ်ယူကြလေ့ရှိသည်။

ထို့နောက် အဝယ်တော်များက ကဒ်အတုများဖြင့် ဇိမ်ခံအဆင့်မြင့်ဟိုတယ်ကြီးများတွင် တည်းခိုကာ အလွယ်တကူဝယ်ယူ၍ ရသော ပစ္စည်းများ၊ အဆင့် မြင့်နည်းပညာသုံးလျှပ်စစ်ပစ္စည်းများဝယ်ယူကြသည်။ ထို့နောက် ယင်းသို့ရရှိလာသော ပစ္စည်းများကို ဂိုဏ်းများက နိုင်ငံခြားတိုင်းပြည်များသို့ ပြန်လည်တင်ပို့ရောင်းချသည်။

ခေတ်မီနည်းပညာများကို အသုံးပြု၍ နောက်ဆုံးပေါ်လုယက်ခြင်းများသည် အံ့အားသင့်စရာပင်ကောင်းလှသည်ဟု ရဲမင်းကြီး ကယ်လီက ပြောသည်။
“ဒီဒုစရိုက်မှုတွေက ခေတ်မီပြီးတော့ သူခိုးတွေက နည်းပညာနဲ့ ပတ်သက်ပြီးအံ့သြစရာကောင်းလောက်အောင် တတ်ကျွမ်းနေတာတွေ့ရတယ်ဗျ။”

ဒုစရိုက်ဂိုဏ်းများမှ စေလွှတ်လိုက်သော အဝယ်တော်များအား အဆင့်မြင့်ပစ္စည်းများဝယ်ယူရာတွင် Apple အမှတ်တံဆိပ်ပစ္စည်း များအား အဓိကထားဝယ်ယူကြရန် မှာကြားထားလေသည်။
“အဓိကပစ်မှတ်ထားဝယ်ယူခံရတာတော့ Apple ပဲဗျ။ Apple ပစ္စည်းတွေက ဈေးကြီးပြီး ဝယ်ရတာလည်းလွယ်တယ်။” ဟု နယူးယောက်ရဲဌာန လက်ထောက်စုံစမ်းရေးမှူး ဂရီဂိုရီအန်တွန်ဆင်က ပြောသည်။
ရဲများဖမ်းဆီးရမိသော ပစ္စည်းများထဲတွင် စုစုပေါင်းတန်ဖိုး ဒေါ်လာသောင်းဂဏန်းရှိသည့် Apple ပစ္စည်းများ၊ တန်ဖိုး ဒေါ်လာ ၈၅၀,၀၀၀ ခန့်ရှိကွန်ပျူတာ အပိုပစ္စည်းများနှင့် ငွေသား ၆၅၀,၀၀၀ သိမ်းဆည်းရမိခဲ့သည်။ ထို့ပြင် သေနတ်များ၊ လျှပ်စစ်ပစ္စည်း ထရပ်ကားတစ်စီးတိုက်၊ ဖိနပ်များ၊ နာရီများ၊ ခိုးမှုကျူးလွန်သောပစ္စည်းကိရိယာများနှင့် အခြားပစ္စည်းများလည်းပါဝင်သည်။
စုစုပေါင်း ဒေါ်လာ ၁၃ သန်းဖိုးခန့်ခိုးယူထားပြီးဖြစ်ကြောင်း ရဲကပြောကြားခဲ့ပြီး တရားရုံးမှ ခွင့်ပြုချက်ဖြင့် သူတို့အသုံးပြုခဲ့သော ဖုန်းလိုင်းများမှ ဖုန်းမှတ်တမ်းများကို နားထောင်ကာအမှုအတွက် ပြင်ဆင်မည်ဖြစ်သည်။ ရုရှ၊ မန်ဒရင်းတရုတ်နှင့် အာရပ်စကား များကို ဘာသာပြန်နေရသော အလုပ်လည်းစုံစမ်းမှုများတွင် ပါဝင်နေသဖြင့် စုံထောက်များအလုပ်ရှုပ်နေကြလေသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။