Sunday, October 2, 2011

အမေရိကန်တွင် ဆန္ဒပြသူများကို ဖမ်းဆီး


ဘရွတ်ကလင်းတံတားကိုရှင်းလင်းပြီး လမ်းမကြီးကားလမ်းကြောများကို နာရီအတော်ကြာပိတ်ဆို့ပြီးနောက် ဆန္ဒပြသူ ၅၀၀ ခန့်ကို ဖမ်းဆီးထားကြောင်း နယူးယောက်မြို့တော်ရဲက ပြောကြားခဲ့သည်။
ဆန္ဒပြသူများကို လူသွားလမ်းပေါ်တွင် နေကြရန် ညွှန်ကြားထားသော်လည်း လမ်းမကြီးပေါ်သို့ စနေနေ့ညက ထွက်လာခဲ့ကြ ကြောင်းရဲက ပြောသည်။
ဆန္ဒပြချီတက်လာသူများအားရဲက ဟန့်တားပြီး ဖမ်းဆီးမှုများလုပ်ဆောင်ခဲ့သည်။ ဆန္ဒပြသူများက “ရှက်စရာကောင်းတယ်ဟေ့ ” ဟု အော်ဟစ်ကြွေးကြော်ခဲ့ကြသည်။
“ဆန္ဒပြသူတွေကို လူသွားလမ်းပေါ်ကပဲ ပြကြဖို့ ကျွန်တော်တို့ပြောခဲ့ပါတယ်။ ဒါပေမယ့် အချို့က လမ်းမကြီးပေါ်ကို ဆင်းလာကြတဲ့အတွက် ကျွန်တော်တို့ ဘရွတ်ကလင်းတံတားပေါ်မှာ ဖမ်းဆီးခဲ့ပါတယ်။” ဟု ပြောရေးဆိုခွင့်ရှိသူ ရဲတစ်ဦးက ပြောသည်။

ကမ္ဘာကျော် ဘရွတ်ကလင်းကြိုးတံတားကြီးပေါ်တွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ရဲများက ဆန္ဒပြသူများကို လိမ္မော်ရောင်ပိုက် ကွန်များဖြင့် ပိတ်ဆို့ဖမ်းဆီးခဲ့ကြောင်း မျက်မြင်သက်သေများက ဆိုသည်။ ရဲများက ဆန္ဒပြသူများကို လိုက်လံလက်ထိပ်ခတ် ဖမ်းဆီးခြင်းကြောင့် အချို့ဆန္ဒပြသူများ လွတ်ရာကျွတ်ရာသို့ ထွက်ပြေးကြကြောင်း ဆို၏။

နယူးယောက်မြို့တွင် “ဝေါလ်စထရိကို သိမ်းပိုက်ခြင်း” ဟု အမည်ပေးထားသောလှုပ်ရှားမှုတစ်ရပ်စတင်ခဲ့ပြီး အဆိုပါလှုပ်ရှားမှု တွင် ပါဝင်သူများက နယူးယောက်မြို့၏ ထင်ရှားသောစီးပွားရေးရပ်ကွက်ဖြစ်သော ဝေါလ်စထရိအနီးပန်းခြံတစ်ခုတွင် ယခုနှစ် ဆောင်းတွင်းကာလတစ်ခုလုံးနေထိုင်ဆန္ဒပြသွားကြရန် ဆုံးဖြတ်ထားကြသည်။ ၂၀၀၈ ခုနှစ်က ပြုလုပ်ခဲ့သော စီးပွားရေးလုပ်ငန်း ကြီးများအား ကယ်ဆယ်ရေး (bailout) အစီအစဉ်များ၊ အပေါင်ရွေးခွင့်ပိတ်ပင်သည့်ဥပဒေများ၊ အလုပ်လက်မဲ့နှုန်းမြင့်မားလာမှု များ ကို မကျေနပ်ကြ၍ဖြစ်သည်။

အဆိုပါအဖွဲ့ဝင်များ ဆန္ဒပြနေသည်မှာ နှစ်ပတ်ခန့်ကြာမြင့်ပြီဖြစ်ပြီး အစောပိုင်းကလည်း ရဲများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့သည်။ စနေနေ့အစောပိုင်းက တံတားကြီးပေါ်တွင် ချီတက်ဆန္ဒပြမှုနှစ်ခုဖြစ်ပွားခဲ့ပြီး မည်သည့်ပြဿနာမျှမရှိခဲ့ပေ ။ တစ်ခုမှာ ဘရွတ်ကလင်းမှ မက်ဟန်တန်သို့ ချီတက်ခြင်းဖြစ်ပြီး မျိုးဗီဇပြုပြင်ပြောင်းလဲထားသော (GM Food) အစားအစာများကို ဆန္ဒပြခြင်းဖြစ်သည်။ နောက်တစ်ခုမှာ ဆန့်ကျင်ဘက်လမ်းကြောင်းအတိုင်းချီတက်ကြပြီး ဆင်းရဲမွဲတေမှုအတွက် ဆန္ဒပြခြင်းဖြစ်သည်။

လွန်ခဲ့သောရက်များအတွင်း နယူးယောက်မှ စတင်ခဲ့သော ဆန္ဒပြပွဲများသည် ချီကာဂို၊ ဆန်ဖရန်စစ္စကို နှင့် လော့စ်အိန်ဂျလိစ် စသည့်မြို့များသို့ပျံ့နှံ့ခဲ့သည်။


Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။