Friday, October 14, 2011

ဆော်ဒီသံအမတ်ကို လုပ်ကြံရန်အီရန်ကြိုးစားဟု အမေရိကန်စွပ်စွဲ


ဝါရှင်တန်ရှိ ဆော်ဒီသံအမတ်ကို လုပ်ကြံရန်ကြံစည်မှုကို အီရန်အစိုးရအနေနှင့် မသိဘဲနေမည်မဟုတ်ကြောင်း အမေရိကန် သမ္မတ အိုဘားမားကပြောကြားလိုက်ပြီး အီရန်သည်ယင်းသို့ မသိသားဆိုးဝါးသည့် အပြုအမူအတွက် တာဝန်ရှိကြောင်း ဆို၏။
အင်္ဂါနေ့က အိုဘားမားပြောကြားရာတွင် တရားခံများထဲမှ တစ်ဦးသည် အီရန်လူမျိုးအမေရိကန်နိုင်ငံသားဖြစ်ပြီး အီရန်အစိုးရ က သူ့ကို သူလျှိုအနေနှင့် ငွေကြေးပေးခိုင်းစေထားခဲ့ပြီး အစိုးရနှင့်တိုက်ရိုက်အဆက်အသွယ်ရှိသူဖြစ်ကြောင်းဆိုသည်။
`ကျွန်တော်တို့ပထမဦးဆုံးလုပ်ရမယ့် အဆင့်က လုပ်ကြံမှုကျူးလွန်ဖို့ကြိုးစားသူတွေကို တရားဥပဒေအတိုင်းအပြစ်ပေး နိုင်ဖို့ဖြစ်ပါတယ်။´ ဟု အိုဘားမားပြောသည်။

အမေရိကန်၏ စွပ်စွဲပြောဆိုမှုသည် ပင်လယ်ကွေ့ဒေသနိုင်ငံကြီးနှစ်နိုင်ငံဖြစ်သော ဆော်ဒီနှင့် အီရန်ကြားရန်တိုက်ပေးပြီး ပင်လယ်ကွေ့ဒေသတွင်း မတည်မငြိမ်ဖြစ်အောင်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဒေါသတကြီးပြောကြားပြီး စွပ်စွဲမှုကို ငြင်းဆိုလိုက် သည်။

ယင်းအီရန်နွယ်ဖွား အမေရိကန်နိုင်ငံသားကို အပြစ်ပေးခြင်းအပြင် အီရန်အပေါ် အပြင်းထန်ဆုံးပိတ်ဆို့အရေးယူဒဏ်ခတ်မှုများ ချမှတ်သွားမည်ဖြစ်ကြောင်း ၊ နိုင်ငံတကာအလယ်တွင် အီရန်ကို ပို၍အထီးကျန်သွားစေခြင်းဖြင့် ယခုကဲ့သို့ရိုင်းစိုင်းသည့်လုပ်ရပ် အပေါ်တုံ့ပြန်သွားမည်ဖြစ်ကြောင်း အိုဘားမားကပြောကြားလိုက်သည်။
အီရန်အစိုးရ၏ အရှုပ်အရှင်းများအားလည်း အမေရိကန်က သူ့၏မဟာမိတ်နိုင်ငံများအား အသိပေးထားပြီးဖြစ်ကြောင်း၊ ယင်းသို့ အသိပေးထားသောအချက်အလက်များအပေါ် မည်သူကမျှသံသယမရှိကြောင်း အိုဘားမားက ဆိုသည်။

ဝါရှင်တန်အစိုးရအနေနှင့်အီရန်နှင့်ပတ်သက်လျှင် မည်သည့်ကိစ္စကိုမဆိုအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။ အမေရိကန်အစိုးရအရာရှိကြီးများကလည်း အီရန်အပေါ်စစ်ရေးအရ ဆောင်ရွက်မည့် အလားအလာများကို ပြောဆိုလေ့ရှိသည်။
အမေရိကန်ရှိ အဖွဲ့အစည်းများကလည်း အီရန်ဗဟိုဘဏ်အပါအ၀င် မည်သည့်ဘဏ်နှင့်မျှ ပူးပေါင်းဆောင်ရွက်ခြင်းမပြုဘဲ ပိတ်ဆို့အပြစ်ပေးထားသည်။ သို့သော် အမေရိကန်ဘဏ္ဍာရေးဌာနက နိုင်ငံတကာမှ အားပေးထောက်ခံမှုရှိလျှင် ထို့ထက်မက ပို၍ အထီးကျန်အောင် ပူးပေါင်းပိတ်ဆို့အရေးယူဆောင်ရွက်နိုင်ကြောင်းဆိုသည်။
စွပ်စွဲချက်များနှင့် ပတ်သက်၍ အီရန်အစိုးရနှင့် တိုက်ရိုက်သွယ်ထားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
`ကျွန်မတို့မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး အီရန်နဲ့ တိုက်ရိုက်ဆက်သွယ်ထားပါတယ်။´ ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရ အမျိုးသမီး ဗစ်တိုးရီးယားနုလန်းက ဆိုသည်။
`ဘယ်သူနဲ့ စကားပြောနေလဲ၊ ဘယ်သူကပြောနေလဲ ဆိုတာတော့ ကျွန်မတို့ အခုမဖြေနိုင်သေးပါဘူး။ ဒါပေမယ့် အီရန် နဲ့ တိုက်ရိုက်အဆက်အသွယ်ရှိတယ် ဆိုတာတော့ အတိအကျပြောနိုင်ပါတယ်။´

အမေရိကန်၏စွပ်စွဲချက်များကို တုံ့ပြန်သည့်အနေနှင့် အီရန်ဘာသာရေးခေါင်းဆောင် အလာတိုယာခါမေနီက အနောက်အုပ်စု များက အီရန်ကြောက်ရောဂါစွဲကပ်အောင် ၀ါဒဖြန့်သတင်းလွှင့်နေကြောင်း၊ သို့သော် အောင်မြင်မှုမရှိကြောင်း ကြာသပတေးနေ့ ကပြောကြားခဲ့သည်။
`ဘာမှသုံးလို့မရတဲ့ နည်းလမ်းတွေနဲ့ အနောက်က ကူရာကယ်ရာမဲ့ စိတ်ပျက်စရာကောင်းတဲ့ မူဝါဒ ချမှတ်သူတွေက အီရန်ကြောက်ရောဂါတွေ ပြန့်နှံ့အောင် ၀ါဒအမျိုးမျိုးဖြန့်နေကြပေမယ့် အောင်မြင်မှုမရခဲ့ပါဘူး ။ အခုလည်း အောင်မြင်မှုမရပြန် ဘူး။´ ဟု ခါမေနီက နိုင်ငံအနောက်ပိုင်း ခါမန်ဟာစ်မြို့တော်ရှိ စစ်တပ်အခြေစိုက်စခန်းတွင် ပြောကြားခဲ့သည့်စကားကို နိုင်ငံပိုင် ရုပ်မြင်သံကြား IRAN ကထုတ်လွှင့်ခဲ့သည်။
ဆော်ဒီအာရေးဗျကလည်း သံတမန်ကိုလုပ်ကြံရန်ကြိုးစားမှုနှင့်ပတ်သက်၍ တုံ့ပြန်ရန် ချိန်ဆလျက်ရှိကြောင်း ပြောကြားလိုက်ပြီး အိုပက်အဖွဲ့တွင် လောင်စာဆီအများဆုံးတင်ပို့နေသော နိုင်ငံနှစ်နိုင်ငံကြား တင်းမာမှုများတိုးပွားလျက်ရှိသည်။
`အီရန်ရဲ့ ကျွန်တော်တို့အပေါ်ဆန့်ကျင်ဘက် လုပ်ဆောင်မှုအတွက် ဘာမဆိုပြန်လည်တုံ့ပြန်သွားမှာပါ။´ ဟု ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီး မင်းသား ဆော့ဒ်အယ်လ်-ဖိုင်ဆယ်က ဗီယင်နာမြို့တွင်ပြောကြားခဲ့သည်။
`ကျွန်တော်တို့ကို တိုက်ခိုက်တဲ့ အီရန်ရဲ့ မည်သည့်လုပ်ရပ်မဆို ဆော်ဒီက ပြန်လည်တုံ့ပြန်သွားမှာဖြစ်ပါတယ်။´ ဟု ဆို၏။ လုပ်ကြံမှုကို စီစဉ်သူ အီရန်များက မက္ကဆီကိုမှ ကြေးစားတစ်ဦးကို ငှားရမ်းခဲ့ကြောင်း အိမ်ဖြူတော်မှ ပြောသည်။
အမှုတွင် နှစ်ဦးကိုတရားစွဲဆိုထားပြီး တစ်ဦးမှာ အီရန် နိုင်ငံခြားရေးအထူးတပ်ဖွဲ့ (Quds Force) မှတစ်ဦးပါဝင်ကြောင်း ၊ သူတို့နှစ်ဦးကို ဆော်ဒီသံအမတ် အေဘယ်လ်အယ်လ်-ဂျူဘီယာအား ၀ါရှင်တန်ရှိ စားသောက်ဆိုင်တစ်ခုတွင် လုပ်ကြံသတ်ဖြတ် ရန်ကြိုးပမ်းမှုဖြင့် နယူးယောက်မြို့ပြည်နယ်တရားရုံးတွင် တရားစွဲဆိုထားသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။