Tuesday, October 4, 2011

အမေရိကန်ကာကွယ်ရေးဝန်ကြီးက အစ္စရေးလ်ဘက်တွင်ရှိကြောင်းပြောဆို

ပန်နက်တာနှင့် အီဟွတ်ဘာရက်

အမေရိကန်ကာကွယ်ရေးဝန်ကြီး လီယွန် ပန်နက်တာက အစ္စရေးလ်သည် အရှေ့အလယ်ပိုင်းတွင် အထီးကျန်နိုင်ငံဖြစ်လာပြီး အစ္စရေးလ်နှင့် ပါလက်စတိုင်းငြိမ်းချမ်းရေးအတွက် ခေါင်းဆောင်များအနေနှင့် ပြတ်သားသော အလုပ်များလုပ်ရန်တောင်းဆို လိုက်သည်။
ပင်တာဂွနတွင် အကြီးအကဲဖြစ်လာပြီးနောက် ပထမဦးအနေနှင့် ပန်နက်တာသည် တနင်္လာနေ့တွင် အစ္စရေးလ်ကာကွယ်ရေး ဝန်ကြီး အီဟွတ်ဘာရက်ထံသို့အလည်အပတ်ခရီးစဉ်သွားရောက်ခဲ့ပြီး ပါလက်စတိုင်းခေါင်းဆောင် မာမွတ်အာဘက်စ်၊ အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ယာမင်နေတန်ယာဟူးတို့နှင့်လည်း သီးခြားစီတွေ့ဆုံစကားပြောမည်ဖြစ်သည်။
“နှစ်နိုင်ငံယှဉ်တွဲရပ်တည်ရေးအတွက် တွေ့ဆုံဆွေးနွေးအဖြေရှာရေးစားပွဲပေါ်တက်ဖို့ နှစ်ဘက်ခေါင်းဆောင်တွေ အနေနဲ့ ရဲရင့်ပြတ်သားတဲ့ လုပ်ဆောင်ချက်တွေ ဆောင်ရွက်ဖို့လိုနေတယ်လို့ အလေးအနက်ထားပြောကြားလိုပါတယ်။” ဂျေရုစလင်တွင် ပြုလုပ်သော အီဟွတ်ဘာရက်နှင့် သတင်းစာရှင်းလင်းပွဲတွင် ပန်နက်တာက ပြောကြားခဲ့သည်။

လွန်ခဲ့သောနှစ်က အမေရိကန်ကြားဝင်ဆောင်ရွက်ပေးသော ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် အနောက်ဘက်ကမ်းတွင်
ဂျူးအခြေချအိမ်ယာဆောက်လုပ်မှု ၁၀ လကြာရပ် ဆိုင်းပေးရန်ကမ်းလှမ်းမှုကို နေတန်ယာဟူးက ငြင်းဆိုခဲ့ခြင်းကြောင့် ပျက်ပြားခဲ့ရသည်။

အာဘက်က ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုပြုနိုင်ရန် ဂျူးအခြေချအိမ်ယာများတိုးချဲ့ဆောက်လုပ်နေမှုများကို ရပ်တန့်ပေးရန် တောင်းဆိုခဲ့ပြီး ကုလသမဂ္ဂတွင် နိုင်ငံတစ်နိုင်ငံအဖြစ်အသိအမှတ်ပြုပေးရန် လွန်ခဲ့သောလက တောင်းဆိုခဲ့သည်။ ယင်းတောင်းဆိုမှုကို အစ္စရေးလ်နှင့် အမေရိကန်တို့က အပြင်းအထန်ကန့်ကွက်ခဲ့ကြပြီး တွေ့ဆုံဆွေးနွေးရေးပြန်လည်စတင် ရန် တိုက်တွန်းခဲ့သည်။

အစ္စရေးလ်သို့သွားရောက်ရန် လေယာဉ်ခရီးစဉ်အတွင်း ပန်နက်တာက အမေရိကန်က အစ္စရေးလ်လုံခြုံရေးအတွက် အာမခံ သည်ဆိုသည့်အချက်ကိုပြောဆိုခဲ့ပြီး လတ်တလော အီဂျစ်၊ တူရကီတို့နှင့် အစ္စရေးလ်ဆက်ဆံရေးတင်းမာနေမှုများကို ပြန်လည် တိုးတက်ရေးအတွက် ကူညီဆောင်ရွက်ပေးသွားမည်ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
“အရှေ့အလယ်ပိုင်းမှာ ထူးခြားတဲ့အပြောင်းအလဲတွေ အများကြီး ဖြစ်ပေါ်နေပြီး အစ္စရေးလ်က တဖြည်းဖြည်းနဲ့ အထီးကျန်ဖြစ်လာတာ ကောင်းတဲ့လက္ခဏာတော့မဟုတ်ဘူးဗျ။ ” ဟု ပန်နက်တာကပြောသည်။

သတင်းစာရှင်းလင်းပွဲတွင် အီဟွတ်ဘာရက်ကလည်း ပန်နက်တာနည်းတူပြောကြားခဲ့ပြီး တင်းမာမှုများပြေလျော့ရေးအတွက် အစ္စရေးလ်အနေနှင့် လုပ်ဆောင်ရမည်ဟု ဆိုသည်။
“တကမ္ဘာလုံးအနေနဲ့ ခြုံငုံကြည့်မယ်ဆိုရင် အစ္စရေးလ်ကို အထီးကျန်ဖြစ်နေစေချင်တဲ့ သူတွေ အများကြီးရှိနေတယ်။ ကျွန်တော်တို့အနေနဲ့ကလည်း တင်းမာမှုတွေ လျော့ကျသွားစေဖို့ ကြိုးစားအားထုတ်ရမှာဖြစ်ပါတယ်။” ဟု အီဟွတ်ဘာရက်က ဆိုသည်။

ပန်နက်တာ၏ အရှေ့အလယ်ပိုင်းခရီးစဉ်အတွင်း အီဂျစ်ခေါင်းဆောင်များနှင့်တွေ့ဆုံရေးလည်းအပါဝင်ဖြစ်ပြီး အီဂျစ်တွင် နိုင်ငံရေးအပြောင်းအလဲများတောင်းဆိုနေကြပြီး တူရကီနှင့်တင်းမာမှုကြောင့် အစ္စရေးလ်အတွက် အကြပ်အတည်းဖြစ်စေ လျက်ရှိသည်။

လွန်ခဲ့သောလက အီဂျစ်-အစ္စရေးလ်နယ်စပ်တွင် အစ္စရေးလ်လက်ချက်ဖြင့် အီဂျစ်စစ်သား ၅ ဦးသေဆုံးခဲ့ရသည့် ကိစ္စနှင့်ပတ် သက်၍ အစ္စရေးလ်သံရုံးကို အီဂျစ်ပြည်သူတို့က ကန့်ကွက်ဆန္ဒပြ ချိုးဖေါက်ဝင်ရောက်ခဲ့ကြသည်။ ယင်းကိစ္စအတွက် အီဂျစ်တွင် လက်ရှိအုပ်ချုပ်နေသော စစ်အစိုးရက ကိုင်ရိုနှင့် အစ္စရေးလ်တို့ ငြိမ်းချမ်းစွာရေရှည်ရပ်တည်ရေးအတွက် အပြုသဘောဆောင် ရွက်ကိုင်တွယ်ခဲ့ကြသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။