Thursday, October 20, 2011

ဂရိတွင် ပြည်လုံးကျွတ် အထွေထွေသပိတ်ဆင်နွှဲ


ပါလီမန်၏ ဘဏ္ဍာရေးဆိုင်ရာဥပဒေသစ်ပေါ်တွင် မကျေနပ်သောကြောင့်ဂရိတွင်နှစ်ရက်ကြာ ပြည်လုံးကျွတ် အထွေထွေသပိတ်စတင်ဆင်နွှဲလျက်ရှိသည်။ ဂရိပါလီမန်အဆောက်အဦရှေ့တွင် ရဲများနှင့် ဆန္ဒပြသူများရုန်းရင်းဆန် ခတ်ဖြစ်ပွားပြီး အနက်ရောင်ဝတ်စုံများဝတ်ဆင်ထားသော ဆန္ဒပြသမားက ရဲများကိုကျောက်ခဲများ၊ မီးလောင်ဗုံးများ ဖြင့်ပစ်ခတ်တိုက်ခိုက်ကြသည်။

ဗုဒ္ဓဟူးနေ့က ဂရိဥပဒေပြုအမတ်များက ဥပဒေကိုကနဦးသဘောတူညီချက်ပေးပြီးဖြစ်သည်။ ယင်းဥပဒေအရ လစာများလျှော့ချပြီး အကောက်ခွန်တိုးမြှင့်မည်ဖြစ်သည်။ လုပ်ငန်းရှင်ကြီးများ၊ ဘဏ်များဒေ၀ါလီ မခံရရေးအတွက် ကူညီထောက်ပံ့ရေးအစီအစဉ် ဒုတိယ အကြိမ်အဖြစ်ထုတ်ပေးနိုင်ရန်ဖြစ်သည်။

အေသင်မြို့ဆန္ဒပြသူများသည် အစောပိုင်းက ပါလီမန်အဆောက်အဦရှေ့ရှိ အမည်မသိ ကျဆုံးသူ ရဲဘော်များ၏ အုတ်ဂူများအနီ အစောင့်ကင်းတဲများကို မီးတင်ရှို့ခဲ့ကြသည်။ ဆန္ဒပြသူများက ပါလီမန်နှင့်ကပ်လျက် အေသင်မြို့ ဆင်တက်မာရင်ပြင်တွင် စတဲချကာစုဝေးနေကြပြီး ရဲများက မျက်ရည်ယိုဗုံးများဖြင့်ပစ်ခတ်ပြီး လူစုခွဲရန် ကြိုးစား ခဲ့ကြသည်။ ပါလီမန်အနီးတွင် ရဲသားအင်အား ၇,၀၀၀ ကျော်ချထားသည်။

နှစ်ရက်တာ သပိတ်မှောက်ပြီး လုပ်ငန်းခွင်များရပ်ဆိုင်းထားခြင်းကို `သပိတ်အားလုံးတို့၏ မိခင်´ ဟု အမည်ပေး ထားပြီး ဂရိနိုင်ငံမှ လူတန်းစားအသီးသီးပါဝင်ကြကြောင်း အယ်ဂျာဇီယာသတင်းထောက် အန်ဒရူးဆိုင်မွန်က ဂရိ မြို့တော်မှနေ၍ သတင်းပေးပို့ပြောကြားခဲ့သည်။
`ဆန္ဒပြသူတွေက သူတို့တွေအတွက် အင်အားအကောင်းဆုံးနေ့တစ်နေ့အဖြစ် သတ်မှတ်ထားပါတယ်။ အခွန်အများအပြားကောက်ခံမှုအလိုမရှိ၊ လူမှုဘ၀တွေဆုံးရှုံးနစ်နာမှု အလိုမရှိ` ဆိုတဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်နေကြပါတယ်။´ ဟု ဆိုင်မွန်က သတင်းပေးပို့ခဲ့သည်။

ဒါဏ်ရာရသူ အများအပြားလည်းသိရသည်။ ဒဏ်ရာရရှိသူအများစုမှာ ဦးခေါင်းတွင် အနည်းငယ်မီးဟပ်ခြင်း၊ ခေါင်းပေါက်ခြင်းများဖြစ်ကြသည်။ ရုန်းရင်းဆန်ခတ်များလည်း အကြီးအကျယ်ဖြစ်ပွားလျက်ရှိသည်။ ရဲများ၏ ခန့်မှန်း တွက်ချက်မှုအရ ဆန္ဒပြသူအရေအတွက် ၁၀၀,၀၀၀ ကျော်ရှိမည်ဟု သိရသည်။

`ဆန္ဒပြသူတွေက ဒေါသထွက်နေကြပါတယ်။ အဓိကရုဏ်းနှိမ်နင်းရေးရဲတွေနဲ့လည်း တိုက်ခိုက်မှုတွေဖြစ်ပွား ခဲ့ကြပါတယ်။ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်နေတဲ့ကြားထဲက သူတို့ရဲ့အသံတွေကို လူအများကြားသိနိုင်အောင် ကြိုးစားခဲ့ကြပါတယ်။´

အကောက်ခွန်တိုးမြှင့်ဥပဒေပြဋ္ဌာန်းမည့်အစား အခြားနည်းလမ်းများ ရှာကြံနိုင်ရန်အစိုးရက သမဂ္ဂများနှင့် စကားပြော ဆိုညှိနှိုင်းပြီးလုပ်ဆောင်ရန် အစီအစဉ်ကို စွန့်လွှတ်ခဲ့သည်။
`ဒါဟာ အကူအညီပေးရေးငွေများထုတ်ပေးရေးမှအပ အခြားဖြေရှင်းနိုင်သည့် နည်းလမ်းမရှိတော့ဘူးလို့ ဆိုလိုတာပါပဲ။´

နိုင်ငံတကာမှ ငွေထုတ်ပေးမည့် မြီရှင်များက ဂရိနိုင်ငံတွင်း လခများလျှော့ချရေး၊ ပင်စင်လစာများဖြတ်တောက်ရေး၊ လုပ်သားအင်အားများလျှော့ချရေးတို့ပြုလုပ်ရန်တောင်းဆိုခဲ့သည်အညီ ဂရိအစိုးရကအကောင်အထည်ဖေါ် ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

`သူတို့က ဘယ်သူတွေကို အရူးလုပ်ဖို့ကြိုးစားနေတာလဲ … ဟမ်။ သူတို့က ကျုပ်တို့ကိုမကယ်တင်နိုင်ပါ ဘူး။ ဒီဥပဒေတွေအတိုင်းဆိုရင် ဆင်းရဲသားတွေက ပိုမွဲပြီးတော့ ၊ လူချမ်းသာတွေက ပိုကြွယ်ဝလာဖို့ပဲရှိမှာ။ ဒါကြောင့် ကျုပ်တို့ပြောချင်တာက … ခင်ဗျားတို့ အကူအညီကို မလိုပါဘူး။ ခင်ဗျားတို့ ကယ်တင်စရာလည်း မလိုပါဘူး … လို့ အဲဒီ ကူညီထောက်ပံ့ကြေးငွေထုတ်ပေးမယ့် မြီရှင်နိုင်ငံတွေကို ပြောလိုပါတယ်။´ ဟု အသက် ၅၀ ရှိ အစိုးရ၀န်ထမ်း အာကစ်ပါပါဒိုပူးလို့စ် က ဒေါသတကြီးပြောသည်။

ခရိကျွန်းပေါ်တွင် ဆန္ဒပြပွဲများဖြစ်ပွားပြီး ရဲများနှင့် ဆန္ဒပြသူများကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။ ဆန္ဒပြသူ ၂၀,၀၀၀ ကျော်ခန့်ပါဝင်ကြသိရသည်။ ထို့ပြင် တက်ဆက်လိုနီကီ၊ ဗိုလိုစ်၊ လာမီယာ နှင့် ပက်ထရာစ်မြို့ကြီးများ တွင်လည်း ဆန္ဒပြပွဲများဖြစ်ပွားခဲ့သည်။

တနင်္ဂနွေနေ့က ဥရောပသမဂ္ဂခေါင်းဆောင်များတွေ့ဆုံစည်းဝေးကာ ဂရိကိုအချိန်မီ ကယ်ဆယ်ရေးအတွက်အစီအစဉ် များချမှတ်ခဲ့သည်။ ဂရိ၏ ကာလရှည်ကြွေးမြီများကြောင့် ဒေသတွင်းနိုင်ငံများအားလုံးပြိုဆင်းမသွားစေရန် ရည်ရွယ် ၍ ဂရိကိုကူညီကယ်ဆယ်ရေးငွေထုတ်ပေးရန် စည်းကမ်းသတ်မှတ်ချက်များ ထုတ်ခဲ့ခြင်းဖြစ်၏။ ယင်းကို ဂရိနိုင်ငံ သားများက မကျေမနပ်ဖြစ်ကာ အထွေအထွေသပိတ်ကြီးကို ဆင်နွှဲကြခြင်းဖြစ်သည်။

`ကျွန်တော်တို့ ဒုက္ခအကြီးအကျယ်ရောက်နေပါတယ်။ ဒါပေမယ့် အတတ်နိုင်ဆုံးရုန်းကန်သွားမှာဖြစ်ပြီး အဆိုးဝါးဆုံးအခြေအနေတွေကိုရှောင်လွှဲသွားအောင် ကြိုးစားသွားမှာပါ။´ ဟု ဂရိဘဏ္ဍာရေးဝန်ကြီး အီဗန်ဂလို့စ် ဗန်နီဇီလို့စ်က ပြောကြားခဲ့သည်။
`အခုကနေစပြီး တနင်္ဂနွေနေ့အထိ တိုက်ပွဲတွေအားလုံးကို ရင်ဆိုင်တိုက်ခိုက်သွားရမှာဖြစ်ပါတယ်။´ ဟု ဆို၏။

သုံးနှစ်ဆက်တိုက် စီးပွားရေးယိုယွင်းကျဆင်းမှုသံသရာထဲမှ ရုန်းမထွက်နိုင်သေးပဲ နိုင်ငံတော်အကြွေး ၁၆၂ ရာခိုင်နန်း အထိတိုးမြင့်လာသည်။ ယင်းတို့ထဲမှ အနည်းငယ်ကိုသာပြန်လည်ဆပ်နိုင်ပြီး အကြပ်အတည်းတွင်း ပိုမို နက်ရှိုင်းစွာကျရောက်လျက်ရှိသည်။

သမဂ္ဂများကလည်း ဥပဒေကိုထောက်ခံခြင်းမပြုရန်ကိုယ်စားလှယ်များကို တိုက်တွန်းကြသည်။
`သူတို့မှာ လူစိတ်ရှိတယ်၊ လူ့ကျင့်ဝတ်ရှိတယ်၊ ဂုဏ်သိက္ခာနဲ့ ဂရိလူမျိုးတို့ရဲ့ စိတ်ဓါတ်မျိုးတွေရှိတယ်ဆိုရင် ဥပဒေကို သူတို့ကန့်ကွက်ကြရမယ်။´ ဟု အထွေအထွေသပိတ်ကြီးကို ADEDY သမဂ္ဂနှင့် ပူးပေါင်းဦးဆောင် ဆင်နွှဲ လျက်ရှိသော GSEE သမဂ္ဂ၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ နီကို့စ်ကီအောက်ဆူကီစ်က ပြောသည်။

အစိုးရ၀န်ထမ်းများသည် လစာငွေ ၁၅ ရာခိုင်နှုန်းဖြတ်တောက်လျှော့ချခံရမည်ဖြစ်ပြီး ၀န်ထမ်း ၃၀,၀၀၀ ခန့်ကို နှစ်သိမ့်လစာ အနည်းငယ်စီပေးကာ အလုပ်ရပ်ဆိုင်းထားမည်ဖြစ်သည်။
`သူတို့ကို တစ်နှစ်လုပ်ခလစာငွေရဲ့ ၆၀ ရာခိုင်နှုန်းကိုပေးမှာဖြစ်ပါတယ် ။ နှစ်ကုန်ရင် နောက်ထပ်အလုပ် အကိုင်တွေပေါ်ပေါက်ဖန်တီးပေးနိုင်လိမ့်မယ်လို့ အစိုးရက ခန့်မှန်းထားပါတယ်။ ပြီးတော့ အစိုးရနဲ့ယာယီချုပ်ဆို ထားတဲ့ စာချုပ်တွေအားလုံး ဖျက်သိမ်းသွားမှာလည်း ဖြစ်ပါတယ်။´
`သပိတ်ကြီး ပထမနေ့တော့ စတင်နေပါပြီ။ အခိုင်အမာကို ဆင်နွှဲနေကြတာပါ။´ ဟု ဆိုင်မွန်က သတင်းပေးခဲ့ပါသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။