Tuesday, October 18, 2011

အီတလီဝန်ကြီးချုပ်အတွက် နောက်ထပ်ရှက်ဖွယ်ဖြစ်ရပ်တစ်ခု


အီတလီဝန်ကြီးချုပ်ဘာလူစကိုနီ၏ ဖုန်းစကားပြောမှတ်တမ်းတစ်ခုပေါက်ကြားလာခဲ့ပြီး အရှက်ရဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ပွားလျက်ရှိသည်။
အဆိုပါ ဖုန်းမှတ်တမ်းမှာ ၂၀၀၉ ခုနှစ်ကပြောဆိုခဲ့ခြင်းဖြစ်ပြီး အီတလီနိုင်ငံ၏ နိုင်ငံရေးနှင့် တရားရေးစံနစ်များကို ဝေဖန်ပြောကြားထားသည်။
သူက နိုင်ငံသည် လက်ဝဲတရားစီရင်ရေးစံနစ်ကိုကျင့်သုံးနေပြီး တော်လှန်ရေးတစ်ရပ်ဆင်နွှဲရမည်ဟု ဝေဖန်ပြောဆို ခဲ့သည်။ ယင်းစကားများကို စီးပွားရေးသမား ဗော်လတာလာဗီတိုလာနှင့် ဖုန်းပြောစဉ်ပြောကြားခဲ့ခြင်းဖြစ်ကြောင်း အီတလီနေ့စဉ်ထုတ် လာရီပတ်ဘလီကာ သတင်းစာက ဖေါ်ပြခဲ့သည်။ စီးပွားရေးလုပ်ငန်းရှင် ဗော်လတာာဗီတိုလာ သည် ဘာလူစကိုနီ၏ ပါတီကိုကြေးစားသက်တော်စောင့်များငှားရမ်းပေးထားမှုအပေါ်စုံစမ်းစစ်ဆေးခြင်းခံနေရသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
လာဗီတိုလာသည် ဘာလူစကိုနီ၏ အပျော်အပါးလိုက်စားမှုများအား သိရှိထားပြီး ယင်းအတွက် နှုတ်ပိတ်ခအနေနှင့် ယူရိုငွေထောင်ပေါင်းများစွာပေးထားရသောကိစ္စတွင် အဓိကငွေညှစ်သူဟု ယူဆရသည်။
ဖုန်းမှတ်တမ်းပေါက်ကြားမှုသည် ဘာလူစကိုနီအတွက် နောက်ထပ်ထိုးနှက်ချက်အသစ်ဖြစ်သည်။ လွန်ခဲ့သော အပတ်ကပင် ပါလီမန်တွင် ဘာလူစကိုနီအပေါ် အယုံအကြည်မရှိအဆိုကို မဲခွဲခဲ့ရာ ကံကောင်းထောက်မစွာဖြင့် ပွတ်ကာသီကာ နိုင်ခဲ့သေးသည်။

သူနှင့် သူ့အစိုးရကို မကျေမနပ်ဆန္ဒပြမှုများ အီတလီတစ်ဝှမ်းနေ့စဉ်ဖြစ်ပွားလျက်ရှိသည်။ ထို့ကြောင့်လာမည့် ရွေးကောက်ပွဲကို တစ်နှစ်စောကာ လာမည့်နွေဦးတွင် ကျင်းပမည့်အလားအလာရှိနေသည်။
ထို့ပြင် အစိုးရတွင်း၌လည်း ၀န်ကြီးအများအပြားက သူ့ကိုဆန့်ကျင်လျက်ရှိသည်။ အထူးသဖြင့် ဘဏ္ဍာရေးဝန်ကြီး ဖြစ်သူ ဂူလီယိုထရီမွန်တီသည် ဘာလူစကို၏ဦးဆောင်မှုကို မလိုလားပေ။ သူ၏အကျင့်စာရိတ္တတပျက်ပြားမှုနှင့် သူ့ကိုတရားဥပဒေအရအရေးတယူလုပ်နိုင်ခြင်းမရှိသည့်အပေါ်တွင်လည်း စိတ်ပျက်လျက်ရှိသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။